ချယ်လ်ဆီး အသင်း ဟာ ယနေ့ မနက်က ကစားသွား ခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပထမ အကျော့ ပွဲစဉ် မှာ ဒိုင်နမိုကိဗ် အသင်း ကို အိမ်ကွင်း မှာ ၃ဂိုးပြတ် နဲ့ အနိုင် ရကာ ကွာတားဖိုင်နယ် သို့ တက်ရောက် ဖို့ အခြေအနေ ကောင်း တခု ကို ပိုင်ဆိုင် ခဲ့ပါတယ် ။ ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် ခံစစ်မှူး ဖြစ်သူ ဒေးဗစ် လူးဝဇ် ဟာလည်း ခြေစွမ်းကောင်း များ ပြသ နိုင်ခဲ့ပါတယ် ။

ဒေးဗစ် လူးဝဇ် ဟာ ထို ပွဲစဉ် မှာ ယခု နှစ် ဘောလုံး ရာသီ ရဲ့ ပထမဆုံး အသင်း ခေါင်းဆောင် အဖြစ် တာဝန်ယူ ခဲ့ရပြီး တိုက်စစ်ပိုင်း အတွက်လည်း အရေးပါတဲ့ အဝေးဘော ပေးပို့မှု တချို့ ပြုလုပ် နိုင်ခဲ့ ပါတယ် ။ ပတ်ဒရို ရဲ့ အဆုံးသတ် အနည်းငယ် ညံ့ဖျင်း နေခဲ့တဲ့ အတွက် ကြောင့် ဒေးဗစ် လူးဝဇ် ရဲ့ ပေးပို့မှု တွေက ဂိုး အဖြစ် မပြောင်းလဲ ခဲ့ရတာ ဖြစ်ပါတယ် ။

သို့ပေမယ့် လည်း ချယ်လ်ဆီး အသင်း ဟာ လိုအပ် တဲ့ သွင်းဂိုး တွေ ရရှိ ခဲ့တဲ့ အတွက် ဒုတိယ အကျော့ ကို ဖိအား အနည်းငယ် ပိုသက်သာ ခဲ့ရတာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ လက်ရှိ ပရီးမီးယားလိဂ် မှာ အဆင့် ၆ နေရာ မှာ ရပ်တည် နေပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကိုယ့် ကံကြမ္မာ ကိုယ် ဖန်တီးခွင့် ရှိနေပါတယ် ။ ယူရိုပါလိဂ် ဟာလည်း ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ နည်းလမ်း တခု ဖြစ်ပါတယ် ။

ပွဲပြီး ချယ်လ်ဆီး အသင်း တရားဝင် ဝက်ဘ်ဆိုက် နဲ့ အင်တာဗျူး မှာတော့ ဒေးဗစ် လူးဝဇ် က ၄င်းတို့ အနေနဲ့ ယခုနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ် မှာလည်း အဆင့် ၄ အတွင်း ဝင်အောင် လည်း ကြိုးစား ရမှာ ဖြစ်သလို ယူရိုပါလိဂ် မှာလည်း ချန်ပီယံ ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစား ရမှာ ဖြစ်ကြောင်း အသင်းဖော် တွေကို တိုက်တွန်း ပြောကြား ခဲ့ပါတယ် ။

ဒေးဗစ် လူးဝဇ် က ” ကျွန်တော် တို့ ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အတွက် ယူရိုပါလိဂ် ကနေရော ၊ ပရီးမီးယားလိဂ် ကနေပါ ကြိုးစား ဖို့ အခွင့်အရေး ရှိနေပါတယ် ။ ကျွန်တော် တို့ ၂ခုလုံး မှာ အဆင့်မီ အောင် ကြိုးစား သွားမှာပါ ။ ဒီနေ့ ပွဲမှာ ကျွန်တော် တို့ တကယ် ကောင်းတဲ့ ကစားဟန် နဲ့ ကစားပြ နိုင်ခဲ့ပါတယ် ။ ကျွန်တော် တို့ဟာ ဒီနေ့ပွဲ မှာ ဒီထက် ဂိုးပြတ် ခဲ့သင့် ပါတယ် ။ အထူးသဖြင့် ပထမပိုင်း မှာပေါ့ဗျာ ။ “

” ကျွန်တော် တို့ဟာ ပထမပိုင်း မှာ ဂိုးဖန်တီးမှု အများအပြား ဖန်တီး နိုင်ခဲ့ သလို ကစားကွက် အသာစီး နဲ့ ယှဉ် ကစား နိုင်ခဲ့ပါတယ် ။ ဒီနေ့ပွဲ မှာ ကျွန်တော် တို့ ရလဒ် ကောင်းခဲ့တာ မှန်ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ အနေနဲ့ ကိဗ် ကို သွားပြီး ရလဒ်ကောင်း တခု ရရှိအောက် ကြိုးစား ရဦးမှာပါ ။ “

” ကျွန်တော် တို့ကတော့ တပတ်ပြီး တပတ် ၊ တပွဲပြီး တပွဲ ခြေစွမ်း ၊ ကစားကွက် တိုးတက်အောင် ကြိုးစား နေရပါတယ် ။ ဒါကြောင့်မို့ အခုလို ရလဒ် ကောင်း တွေ ပြန်လည် ရရှိ လာတာဟာ ကျွန်တော် တို့ အတွက် အပေါင်း လက္ခဏာ ဆောင်တဲ့ အခိုက်အတန့် တွေ ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ မနက်ဖြန် ည မှာ ဝုလ်ဗာဟမ်တန် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ ကစား ရမှာ ဖြစ်ပြီး ၄င်းရဲ့ အထက် က အသင်း ၂သင်း ဖြစ်တဲ့ အာဆင်နယ် နဲ့ မန်ယူ တို့ ထိပ်တိုက်တွေ့ဆုံ နေမှု ကို အခွင့်ကောင်း ယူဖို့ လိုနေပါတယ် ။

SPORTS MYANMAR