ဘာစီလိုနာ တိုက်စစ်မှုး လူးဝစ်ဆွာရက်က ပြီးခဲ့တဲ့ ရာသီက လီဗာပူး အသင်းကို ချန်ပီယံလိဂ်မှာ ရှုံးကာ ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရပြီးနောက် သူနဲ့ ဘာစီလိုနာ အသင်းဖော်တို့ရဲ့ ရက်သတ္တပတ်များစွာ ဒုက္ခ ကြုံတွေ့ ခဲ့ရပုံကို ထုတ်ဖော် သွားခဲ့ပါတယ်။

စပိန်အင်အားကြီး ကလပ်ဟာ ဆီမီးဖိုင်နယ် ပထမအကျော့မှာ လီယွန်နယ်မက်ဆီ ရဲ့ အထူးခြေစွမ်းနဲ့ အတူ လီဗာပူးကို ၃ – ၀ နဲ့ အနိုင် ရထား ခဲ့ပေမယ့်လည်း ဒုတိယအကျော့ အန်ဖီးမှာ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာတော့ ယာဂန်ကလော့ရဲ့ အသင်းဟာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး comebacks တွေထဲက တစ်ခုနဲ့ အတူ ဘာကာကို ၄ ဂိုးပြတ် နဲ့ အံ့ဖွယ် အနို်င်ယူခဲ့ပြီး နှစ်ကျော့ပေါင်း ၄ – ၃ နဲ့ ဖိုင်နယ်ကို တက်လှမ်း သွားနိုင် ခဲ့ပါတယ်။

ကလော့ရဲ့ အသင်းဟာ မက်ဒရစ်မှာ ကျင်းပခဲ့တဲ့ ဖိုင်နယ်မှာ တော့တင်ဟမ်ကို ၂ – ၀ နဲ့ နိုင်ကာ ၆ ကြိမ်မြောက် ဥရောပ ချန်ပီယံ ဖြစ်လာ ခဲ့ပါတယ်။ ဆွာရက်ဟာ အဆိုပါ ရှုံးပွဲပြီးနောက် သူတို့ ကျော်ဖြတ် ခဲ့ရတဲ့ နေ့တွေ ရက်သတ္တပတ်တွေ အကြောင်း ဖွင့်ဟ သွားခဲ့ပြီး အဆိုပါ ကာလတွေမှာ သူတို့အသင်းဟာ အန်ဖီးမှာ ဘာကြောင့် ဒီလို ဆိုးဆိုးရွားရွား ဖြစ်ခဲ့သလဲ ဆိုတဲ့ ဖြေရှင်းချက်ကို ရှာဖွေဖို့ ရုန်းကန် ခဲ့ရတယ်လို့ ၀န်ခံ သွားခဲ့ပါတယ်။

လီဗာပူး တိုက်စစ်မှုးဟောင်း ဆွာရက်က “ကလေးတွေ ကျောင်းလိုက်ပို့တာတို့ ၊ ဘောလုံး ကစားရတာတို့ ၊ လှုပ်ရှား သွားလာတာတွေကို နှစ်သက်တဲ့ ကျွန်တော်တို့ဟာ အဲဒီ နေ့တွေ ရက်သတ္တပတ်တွေမှာ ဒီရှုံးနိမ့်မှုရဲ့ ဒဏ်ရာကို အတော် ခံစား ခဲ့ကြ ရပါတယ်။ ဒီရှုံးနိမ့်မှု ပြီးနောက် ကျွန်တော့် အနေနဲ့ အိမ်ထဲကနေ အိမ်ပြင် လုံးဝ မထွက်ချင် တော့ပါဘူး။

အရမ်းကို စိတ်ရှုပ်ထွေး ခဲ့၇ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း အသင်းဖော် အများစု လိုပဲ တကယ် ဆိုးရွားတဲ့ အချိန်တွေ ကြုံတွေ့ ခဲ့၇ပါတယ်။ ကျွန်တော်တို့ အဲဒီ မတိုင်မီ နှစ်ကလည်း သင်ခန်းစာ ရထားခဲ့ပြီး ဒီလို ၃ – ၀ နဲ့ နိုင်ထား ခဲ့တဲ့ ရလဒ်ဟာ ကျွန်တော်တို့ အတွက် အကြိုက်ပဲလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ဒီလိုမျိုး ဖြစ်တက် ပါတယ်။

အန်ဖီးကွင်းဟာ ဘယ်လို ဖြစ်လာမလဲ ၊ ဘယ်လောက်တောင် ခက်ခဲတဲ့ ကွင်းလဲ ဆိုတာ ကျွန်တော်တို့ သိထား ခဲ့ပြီးသားပါ။ ကျွန်တော် လီဗာပူး နဲ့ ပက်သက်တဲ့ အရာ အားလုံးကို အသင်းဖော်တွေကို ပြောပြ ထားပြီး ဖြစ်ပါတယ်။ သူတို့ အသင်းဟာ ပရိတ်သတ် ရဲ့ တွန်းအားပေးမှု အပြည့်အ၀ ရထားတာကြောင့် စိတ်လွတ် သွားလို့ မရပါဘူး။

ပွဲအစ ငါးမိနစ်မှာတင် သူတို့ဟာ ဂိုး၇နိုင်တဲ့ အခြေအနေ ၂ ခု ရခဲ့ပြီး ပွဲချိန် ၁၅ မိနစ်မှာတော့ သူတို့က အနိုင်ရနေပါပြီ။ ဒါဟာ ကိုယ့်ရဲ့ စိတ်ထဲကို ၀င်လာခဲ့ပြီး စိုးရိမ် ကြောင့်ကြမှုတွေ ဖြစ်စေ ခဲ့ပါတယ်။ အဲဒီနောက် အသင်းဖော်တွေဟာ ဘောလုံးတွေ ဆုံးရှုံး လာခဲ့ပြီး ဒါတွေဟာ ကမောက်ကမ အခြေအနေတွေကို ဦးတည် သွားစေ ခဲ့ကာ ဒုတိယပိုင်းမှာတော့ ဒီလိုမျိုး ရလဒ် ထွက်ပေါ် လာတော့ တာပါပဲ။

ချန်ပီယံလိဂ် မှာ ဒီလိုမျိုးတွေ ရှိပါတယ်။ ကိုယ့်အနေနဲ့ ၃၀ စက္ကန့်လောက် စိတ်လွတ် သွားတာနဲ့ ပြိုင်ဘက်က ကိုယ့်ကို ကျော်ဖြတ် သွားတာ ပါပဲ။ အစုအဖွဲ့ တစ်ခု အနေနဲ့ သင်ယူ စရာ တိုးပွား သွားခဲ့သလို လူသား တစ်ဦး အနေနဲ့ ကတော့ ဒီလိုမျိုး ရှုံးနိမ့်မှုဟာ တကယ်ကို ခံစား ရပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါ အမှတ်ပေးဖလား ကို ဆွတ်ခူး နိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရှုံးနိမ့်မှုဒဏ်ဟာ ကိုပါဒယ်ရေး ဖလားမှာပါ ထိခိုက်မှု ရှိခဲ့ကာ ဖိုင်နယ်မှာ ဗလင်စီယာကို ရှုံးနိမ့် ခဲ့ပြီး ဆုဖလား တစ်လုံးနဲ့သာ ကျေနပ် ခဲ့ရပါတယ်။

SM