ပရီးမီးယားလိဂ် ပွဲစဉ် ၄ အပြီးမှာ နေရာ အလိုက် အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမား ၁၁ ဦးက ဘယ်သူတွေလဲ ? Sky Sports ရဲ့ ရွေးချယ်မှု မှာတော့ ပရီးမီးယားလိဂ် Big 6 ပြင်ပက ကစားသမား ၄ ဦး ပါဝင် လာခဲ့ပေမယ့်လည်း Big 6 အသင်း သုံးသင်းက ကစားသမား တစ်ဦးမှ ပါမလား ခဲ့ပါဘူး။ ဒီရာသီရဲ့ ပထမဦးဆုံး နိုင်ငံတကာ ပွဲစဉ်တွေ ရောက်လာချိန်မှာတော့ အစောပိုင်း ရက်သတ္တပတ်တွေမှာ ဘယ်ကစားသမားတွေ အထူး ခြေစွမ်းပြ ကစားခဲ့ကြပြီး ဘယ်သူတွေဟာ ပရီးမီးယားလိဂ် XI ထဲ ပါဝင် သွားမလဲ ကြည့်ကြရအောင်ဗျာ။

လီဗာပူး နဲ့ မန်ချက်စတာစီးတီး အသင်းတို့ဟာ လက်ရှိ အချိန်မှာ ထိပ်ဆုံးကနေ အရှိန်အဟုန် ပြင်းပြင်း ခရီးဆက် နေပြီး အဆိုပါ နှစ်သင်းက ကစာသမား အများစုဟာ ယခု ရွေးချယ်လိုက်တဲ့ ပရီးမီးယားလိဂ် best XI မှာ နေရာ အများစု ပါဝင် ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် ၊ မန်ယူနိုက်တက် နဲ့ တော့တင်ဟမ် က ကစားသမားတွေတော့ ပါမလာ ခဲ့ဘဲ Big 6 ပြင်ပက ကစားသမား လေးဦးတော့ ပါခဲ့ပါတယ်။

ဂိုး
မန်ချက်စတာစီးတီး ဂိုးသမား အီဒါဆင်ကို ဂိုးသမား နေရာ အတွက် ရွေးချယ်ထားပြီး အဲဗာတန်ရဲ့ ဂျော်ဒန်ပစ်ဖို့ဒ်နဲ့ ပဲလေ့စ်ရဲ့ ဗင်ဆင်တီဂွိုင်တာဟာ clean sheets ၂ကြိမ် နဲ့ လိဂ်ပြိုင်ပွဲမှာ အများဆုံး အဖြစ် ရပ်တည်နေကြ ပေမယ့် ဘရာဇီး လက်ရွေးစင်ဟာ လက်ရှိ အချိန်ထိ ဂိုးပေါက် ကာကွယ်မှု ၁၀ကြိမ်နဲ့ အဆိုပါ ဂိုးသမား ၂ ဦးထက် ပိုမို ကာကွယ်မှု လုပ်ထား ခဲ့ပါတယ်။ အီဒါဆင်ဟာ ဂွိုင်တာထက် သွင်းဂိုး ၁ ဂိုး ပိုမို ခွင့်ပြု ထားခဲ့၇ပေမယ့် ဒီလို ကာကွယ်မှုတွေနဲ့ အကောင်းဆုံး ဘောလုံး ပေးပို့မှုတွေဟာ ဒီ ၁၁ ယောက်မှာ နေရာ တစ်နေရာ ရစေ ခဲ့ပါတယ်။

ကပ်ပြီး လွဲချော်သူများ – ဗင်ဆင်တီဂွိုင်တာ (ပဲလေ့စ်) နဲ့ နစ်ပုတ် (ဘန်လေ)

နောက်တန်း
ပြီးခဲ့တဲ့ ရာသီရဲ့ PFA တစ်နှစ်တာ အကောင်းဆုံး ဆုရှင် ဖြစ်တဲ့ ဗာဂျယ်ဗန်ဒို်က်ဟာ ဒီအသင်းမှာ ပထမဦးဆုံး ရွေးချယ်ရမယ့် နောက်ခံလူ ဖြစ်ပြီး စိတ်ဝင်စားစရာ ကောင်းတာကတော့ ၎င်းရဲ့ ပါတနာဟာ ဟယ်ရီမက်ဂွိုင်းယား ရဲ့ နေရာကို အစားဝင် ခြေစွမ်းပြ နေတဲ့ ဆိုယွန်ကူ ပဲ ဖြစ်ပါတယ်။ တူရကီ လက်ရွေးစင်ဟာ ဘောလုံးပေးပို့မှု အောင်မြင်မှုမှာ ဒီလိဂ်ရဲ့ အဆင့် ၇ နေရာမှာ ရပ်တည် နေပြီး အမြင့်ဘောနဲ့ ဘောလုံးယှဉ်လုမှု အပိုင်းမှာ အဆင့် ၈ နဲ့ ဘောလုံးထိချက် အများဆုံးမှာ အဆင့် ၉ နေရာတွေမှာ ရပ်တည် နေပါတယ်။

ညာနောက်ခံလူ နေရာ အတွက် ကတော့ လီဗာပူး ရဲ့ နောက်ထပ် ကစားသမား တစ်ဦး ဖြစ်တဲ့ အလက်ဇန်းဒါးအာနိုး ဖြစ်ပြီး ၎င်းဟာ အသင်းဖော်တွေ အတွက် အခွင့်အရေး ၁၄ ကြိမ် ဖန်တီးပေး ထားပြီး အခြားနောက်ခံလူတွေ အားလုံးထက် ပိုများနေပါတယ်။ ဘန်လေနဲ့ပွဲက ၎င်းရဲ့ ဖြတ်တင်ဘော ကလည်း လီဗာပူး အတွက် အဖွင့်ဂိုးလည်း ဖြစ်စေ ခဲ့ပါတယ်။ ခံစစ် အတွက် နောက်ဆုံး တစ်နေရာမှာတော့ ပြီးခဲ့တဲ့ တစ်ပတ်က နော့ဝှစ်ကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ ဟာလာ အတွက် အဖွင့်ဂိုးကို ဖန်တီးပေးခဲ့တဲ့ ဘယ်နောက်ခံလူ အာသာမာဆူအာကူပဲ ဖြစ်ပြီး ၀က်ဟမ်း ကစားသမားဟာ အဲဗာတန်ရဲ့ လူးကပ်ဒီနေးကို ကပ်ပြီး အသာရခဲ့တာ ဖြစ်ပါတယ်။

ကပ်ပြီး လွဲချော် ခဲ့သူများ – ရီကာဒို ပါရဲရား (လက်စတာ) ၊ ဖာဘီယန်ရှား (နယူးကာဆယ်) ၊ ဂျိုရယ်မာတစ် (လီဗာပူး) ၊ လူးကပ်ဒီနေး (အဲဗာတန်)

ကွင်းလယ်
ကွင်းလယ်နေရာ အတွက် ထိပ်ဆုံး ကနေ ပါဝင်မယ့် သူကတော့ အားလုံး ခန့်မှန်း ထားပြီးတဲ့ အတိုင်း ဒီဘရိုင်းပဲ ဖြစ်ပါတယ်။ ဘယ်ဂျီယံ ကွင်းလယ်လူဟာ လက်ရှိအချိန်ထိ အခွင့်အရေး ၁၆ ကြိမ် နဲ့ လိဂ်ပြိုင်ပွဲမှာ အများဆုံး ဖြစ်နေကာ ဒီထဲမှာ ဂိုးဖန်တီးမှု ၅ ကြိမ် ပါဝင်နေပြီး ကိုယ်တိုင်ကလည်း ၁ ဂိုး သွင်းထား ပါတယ်။ လက်ကျန် ၂နေရာ ကိုတော့ ထွန်းတောက်နေတဲ့ လူငယ် ကြယ်ပွင့် ၂ ဦးက ရယူ နိုင်ခဲ့ပါတယ်။

ပထမလူက ချဲလ်ဆီးရဲ့ မေဆင်မောင့် ဖြစ်ပြီး ၎င်းဟာ ဒီရာသီ သွင်းဂိုး ၂ ဂိုး သွင်းကာ ပုံစံကောင်း ပြသနေတာကြောင့် အင်္ဂလန် လက်ရွေးစင် အသင်း အတွက်လည်း ပထမဦးဆုံး ရွေးချယ် ခံခဲ့ ရပါတယ်။ အက်စတွန်ဗီလာ ရဲ့ မက်ဂင်းကလည်း သွင်းဂိုး ၁ ဂိုး ဂိုးဖန်တီးမှု ၁ ကြိမ်နဲ့ အတူ ထိပ်တန်းကစားသမားတွေကို ကျော်ဖြတ်ကာ နောက်ဆုံး တစ်နေရာကို ရယူခဲ့ပါတယ်။ ဒါ့အပြင် မက်ဂင်းဟာ ခံစစ် စွမ်းဆောင်ရည် မှာလည်း ထိပ်တန်း စွမ်းဆောင်ရည် ပြသထား ပါတယ်။

ကပ်ပြီး လွဲချော် ခဲ့သူများ – ဒန်နီရယ်ဂျိမ်းစ် (ယူနိုက်တက်) ၊ ယူရီတီလမန်စ် (လက်စတာ) ၊ ဟယ်ရီဝယ်ဆင် (ဘုန်းမောက်) ၊ အဲရစ်လာမယ်လာ (တော့တင်ဟမ်)

တိုက်စစ်
ဆာဂျီယိုအဂွေးရိုးဟာ အကောင်းဆုံး ပုံစံ ရရှိနေပြီး ပြီးခဲ့တဲ့ တစ်ပတ်က ဘရိုက်တန်ကို ၄ – ၀ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ ၎င်းရဲ့ အထူး ခြေစွမ်းပြမှုကြောင့် season rankings ရဲ့ ထိပ်ဆုံးနေရာကို ရောက်လာ ခဲ့ပါတယ်။ အဆိုပါ ပွဲမှာ မန်စီးတီးစတားဟာ ၂ ဂိုး သွင်းနိုင်ခဲ့တာကြောင့် သွင်းဂိုး ၆ ဂိုးနဲ့ အတူ ဂိုးသွင်းဇယား ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ၎င်းရဲ့ အသင်းဖော် စတာလင်း ကလည်း season chart ရဲ့ ဒုတိယနေရာမှာ ရှိနေပြီး ၎င်းဟာ ရာသီ အစ ၃ ပွဲစလုံး ဂိုးတွေ သွင်းယူ နိုင်ခဲ့ပါတယ်။

တိုက်စစ် ရဲ့ နောက်ဆုံး တစ်နေရာကိုတော့ ပရီးမီးယားလိဂ် ပထမဦးဆုံး ၄ ပွဲမှာ ၅ ဂိုး သွင်းယူ နိုင်ခဲ့တဲ့ နော့ဝှစ်ရဲ့ တီမူပူကီ က ရယူခဲ့ပါတယ်။ ဒါ့အပြင် ပူကီဟာ ချဲလ်ဆီးကို ၃-၂ နဲ့ ရှုံးခဲ့တဲ့ ပွဲမှာ အသင်းဖော် ကန့်ဝဲလ် အတွက်လည်း ဂိုးဖန်တီး ပေးခဲ့ ပါသေးတယ်။

ကပ်ပြီး လွဲချော်ခဲ့သူများ – အက်ရှ်လေဘန်းစ် (ဘန်လေ) ၊ ဖာမီနို (လီဗာပူး) ၊ အေဗရာဟမ် (ချဲလ်ဆီး) ၊ ဆာလား (လီဗာပူး)

SM