မေး – မိုနာကို က အခြေအနေလေး ပြောပြပါဦးဗျ။
ဖြေ – အရမ်းကောင်းပါတယ်။ မနှစ်က ဂိုးတွေလဲ သွင်းပြ နိုင်ခဲ့သလို ၊ အသင်း ရဲ့တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင်လဲ ကူညီပေးနိုင်ခဲ့တယ်လေ။ ဒီရာသီမှာတော့ အဲဒီထက် ပိုပြီးကောင်းမွန်တဲ့ အနေအထားတွေ ပေါ်ပေါက်လာအောင် စွမ်းဆောင်ပြဖို့ ပစ်မှတ်ထားနေပါတယ်။ ရာသီအဖွင့် ပွဲစဉ် ရလာဒ်တွေ ကောင်းမွန်ခြင်း မရှိသေးပေမယ့် ၊ မကြာခင် လမ်းကြောင်းမှန်ပေါ် ရောက်အောင် ကြိုးစားနေတာပါ။

 

မေး – လီဂူး 1 မှာ ကစားရတာ က ပရီးမီးယားလိဂ် ၊ လာလီဂါ တို့နဲ့ ခြားနားမှုတွေ ရှိနေလား။
ဖြေ – လုံးဝ သေချာတာပေါ့ ။ ပြိုင်ပွဲ တစ်ခုနဲ့ တစ်ခုက မတူကြပါဘူး။ ဒါပေမယ့် ပြင်သစ်လိဂ် ကနေလဲ ထူးချွှန်တဲ့ ဘောလုံးသမားကောင်းတွေ အမြဲတမ်း ထွက်ပေါ်လာလေ့ရှိပါတယ်။ အထူးသဖြင့် ဥရောပ ထိပ်တန်း ကလပ်ကြီးတွေက ပြင်သစ်ကိုလာပြီး ကစားသမားကောင်းတွေ ရှာဖွေလေ့ရှိကြတယ်လေ။

ပီအက်စ်ဂျီ ကတော့ ဒီပြိုင်ပွဲမှာ အင်အား အတောင့်တင်းဆုံးပေါ့ ဒါပေမယ့် မနှစ်က ဆိုရင် သူတို့လဲ 4 ပွဲ ဆက် ရှုံးပွဲ ကြုံလိုက်ရသေးပါတယ်။ ဒီလိဂ် က ရုပ်ပိုင်းဆိုင်ရာ ကို အရမ်း အားပြုသလို ၊ တန်ပြန်တိုက်စစ်ကိုလဲ အဓိက ထားကြပါတယ်။ ဒါကြောင့်မို့ ရလာဒ်တွေက ခန့်မှန်းရတာ သိပ်တော့ မလွယ်ပါဘူး။ နည်းစနစ် ပိုင်းဆိုင်ရာ ကနေ ကြည့်ရင်တော့ လိုချက်တွေက အများကြီး ရှိနေဆဲပါ။

မေး – 2018 ကမ္ဘာ့ရယ် ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ် ပြိုင်ပွဲရယ် ကြည့်ပြီး ၊ ဘောလုံးလောက ဟာ ရုပ်ပိုင်းဆိုင်ရာ အားပြုလွန်းလာတယ် လို့ မခံစားမိဘူးလား။
ဖြေ – ဒီဘက်ခေတ်မှာတော့ အသင်းတိုင်းဟာ ခံစစ်ကို ကောင်းကောင်း ပြင်ဆင်ပြီးမှ ကစားလာကြပါတယ်။ လီဗာပူး ဆိုရင်လဲ တစ်ခါတလေ ခံစစ်ကို လုံးဝ အထိုင် ကစားပြီး ၊ တစ်ဖက် အသင်းက မောတဲ့ အခိုက်အတန့်မျိုး ရောက်မှ တန်ပြန်တိုက်စစ်ကို အားပြုတာပေါ့။

ဒါပေမယ့် တခြား ကလပ်တွေကြတော့လဲ သူတို့လို နောက်တန်း ကစားသမားကောင်း မရှိတော့ ခံစစ်အားပြု ကစားချင်သည့်တိုင်အောင် သိပ်တော့ ထူးခြားလေ့ မရှိပါဘူး။ မန်းစီးတီး ၊ ဘာစီလိုနာ ၊ ရီးရဲ မက်ဒရစ် တို့ ကစားတဲ့ ပုံစံကြတော့ ဘောလုံး ပိုင်ဆိုင်မှု ကို အသားပေးတဲ့ ပုံစံဗျ။ အဲဒီလို ကစားတဲ့ အသင်းက အခုနောက်ပိုင်းမှာ တော်တော်လေး နည်းလာပါပြီ။

ဘာစီလိုနာ ကတော့ နဂိုတုန်းကထက်ကို ကစားပုံက ရှေးရိုးဆန်လွန်းသွားတယ် ထင်ပါတယ်။ ခြုံပြောရရင်တော့ ဘောလုံး အသင်းတိုင်းဟာ ရုပ်ပိုင်းဆိုင်ရာဘက်ကို တော်တော်လေး အားပြုလာတဲ့ ဘက်ကို ရွေ့လျားနေပါပြီ။

မေး – ခင်ဗျား ရဲ့ အကောင်းဆုံး ခြေစွမ်းတွေ ပေါ်လာခဲ့တဲ့ အခိုက်အတန့်မှာ ပရိသတ်တွေ ရဲ့ အသိအမှတ် ပြုခြင်းကို သိပ်ပြီး မခံခဲ့ရဘူးနော် ……အဲဒီအတွက် စိတ်ပျက်မိသလား။
ဖြေ – ကျနော်က Speed ကောင်းကောင်း ကစားတတ်တဲ့သူ ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် အဲဒီ ကစားဟန်မျိုး နဲ့ ဆိုရင်လဲ အခုလို ဘောလုံး နည်းစနစ်ကို သေချာ တွေးခေါ်တတ်တဲ့ အယူအဆတွေ ရှိလာချင်မှ ရှိလာမှာဗျ။

ကျနော့် ရဲ့ ပုံစံက ဘောလုံးကို ဘယ်လို ပေးပို့လိုက်ရမလဲ ၊ 1-2 ဘယ်လို ရိုတ်မလဲ ၊ အဲဒီ အနေအထား ကနေ ဘောလုံး ဆွဲပြေးရမလဲ ဆိုပြီးပဲ အမြဲတမ်း ပြင်ဆင်ခဲ့ရတာပါ။ ဒါပေမယ့် နည်းစနစ်ပေါင်း များစွာရဲ့အောက်မှာ ကျနော် တစ်သားတည်းဖြစ်အောင် ကြိုးစား ကစားယူနိုင်ခဲ့ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ဖာဘရီဂတ်တောင် ဖြစ်လာမယ် မထင်ပါဘူး။

အသက် 21 နှစ် ကနေ 25 အကြားမှာတော့ Speed သုံးပြီး ကစားနိုင်ခဲ့ပေမယ့် ၊ အဲဒီနောက်မှာတော့ ကျနော်ဟာ ပြေးအားကောင်းတဲ့သူလဲ မဟုတ်သလို ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အသားပေး ကစားခဲ့တဲ့ သူလဲ ဖြစ်မလာ မခဲ့ပါဘူး။ ဒါကိုတော့ ကိုယ့်ကိုကိုယ် သေချာသိပါတယ်။

မေး – ကမ္ဘာကျော် နည်းပြကြီးတွေ အများကြီး နဲ့ လက်တွဲခွင့် ရခဲ့တယ်နော်……….
ဖြေ – ကျနော်က အရမ်းကို ကံကောင်းတယ်ဗျ။ လူးဝစ် အာရာဂိုးနက် အောက်မှာလဲ ကစားခဲ့ရတယ်။ ပြီးတော့ ဒဲလ်ဘော့စကေး နဲ့ အတူ စပိန်မှာ ကစားခဲ့ရပြန်တယ်။
ကလပ် အသင်း အဆင့်မှာတော့ ၀င်းဂါး ၊ မော်ရင်ဟို ၊ ဂွာဒီယိုလာ ၊ ဗီလာနိုဗာ ၊ ကွန်တီ ၊ ဆာရီ ၊ အွန်နရီ နဲ့ ဂျာဒင်တို့နဲ့ လက်တွဲခွင့် ရရှိခဲ့တယ်လေ။ နည်းပြတိုင်းက သူ့ရဲ့ မူနဲ့သူပါ။ ဂုဏ်ယူမိတာ တစ်ခုက အဲဒီ နည်းပြတွေ အားလုံးရဲ့ လက်အောက်မှာ ၊ ကိုယ့်အတွက် Role တစ်ခုနဲ့ သတ်သတ်မှတ်မှတ် ရှိခဲ့တယ်လေ။

အာဆင်ဝင်းဂါး အတွက် ဆိုရင် ကျနော်က အသင်းခေါင်းဆောင် လုပ်ပေးခဲ့ရသလို ၊ ဂွာဒီယိုလာ အတွက် ကျတော့ နောက်ချန် တိုက်စစ်မှာ ကစားရပြန်ရော ။ မော်ရင်ဟို လက်ထက်မှာကျတော့ မာတစ် နဲ့ အတူ ခံစစ်ကို တာဝန်ယူခဲ့ရတယ်ဗျာ။ ကွန်တီ ၊ ဆာရီတို့ ကလဲ ကျနော်ကို ကွင်းလယ် ခံစစ်သမား အဖြစ်သာ အသုံးပြုခဲ့တာပါ။

သူတို့ အားလုံးနဲ့ လက်တွဲလိုက်ရတဲ့ အကျိုးရလာဒ်က သူတို့ဟာ ပွဲတစ်ပွဲကို မတူညီတဲ့ ရှုထောင့်တွေကနေ ဘယ်လို သုံးသပ်ရမလဲ ဆိုတဲ့ အယူအဆတွေ အများကြီး ရလိုက်ပါတယ်။

မေး – ကွင်းလယ် ကစားသမား တစ်ယောက် အသက်ကြီးလာရင် ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သွားကြတာ အစဉ်အလာလားဗျ။
ဖြေ – အဲဒီလိုပဲ ပြောရမယ် ထင်ပါတယ်။ ကျနော့် အသက် 27 နှစ် ရောက်တော့ မော်ရင်ဟို က တစ်ဖြေးဖြေး နဲ့ အဲဒီ ပုံစံအတိုင်း ကစားခဲ့တာပါ။ ဒီလို နဲ့ ကျနော်လဲ တစ်ဖြေးဖြေး ကွင်းလယ် ခံစစ် ကစားသမား ဖြစ်လာတော့တာပါပဲ။

မေး – လက်ရှိ ခင်ဗျားရဲ့ ပြိုင်ဘက် ကစားသမား ဖြစ်တဲ့ ဘာပေ ရဲ့အကြောင်းလေး ပြောပြ ပေးပါဦး။
ဖြေ – စံပြ လူငယ် ကစားသမား တစ်ယောက် ဆိုတာ သေချာပါတယ်။ သူဟာ တစ်နေ့နေ့မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တစ်ယောက် ဖြစ်လာမယ် ဆိုတာ သံသယ ဖြစ်နေစရာ မလိုပါဘူး။

ကျနော်ကတော့ သူ့ကို ကွင်းလယ် ကစားသမား တစ်ယောက် အမြင်နဲ့ပဲ ကြည့်မိတယ်ဗျာ………သူသာ ကျနော်နဲ့ တွဲကစားရမယ် ဆိုရင် သူ သွင်းတဲ့ ဂိုးတိုင်းကို ဖန်တီးပေးတဲ့ သူက ကျနော်ပဲ ဖြစ်နေမှာပါ။ ဘာလို့လဲ ဆိုတော့ သူက အရမ်းမြန်တယ် ၊ ရုတ်တရက် ထွက်သွားတာတွေမှာ မာန်ပါတယ် ၊ သူ့ကို ကပ်ထားတဲ့သူတွေကိုလဲ ချိန်သားကိုက် လှည့်စားပြနိုင်တဲ့ သူလေ။ အွန်နရီ ၊ ဒီယေဂို ကော်စတာတို့ဆိုရင်လဲ အဲဒီလို ပါးနပ်တဲ့ တိုက်စစ်မှုးတွေဗျ။

ဘာပေကတော့ အောင်မြင်မှုတွေ ၊ သွင်းဂိုးတွေကို ပိုပြီး ဆောင်လောင်နေတဲ့သူပါ။ သူ့ကိုယ်သူ ဘယ်လို တိုးတက်အောင် လုပ်ရမလဲ ဆိုတာ ကောင်းကောင်း နားလည်နေတယ်လေ။

မေး – ဒါဆိုရင် နေမာ ကရော………..သူ့ရဲ့ ပုံစံကောင်းတွေ ပြန်ရှာဖွေနိုင်မယ် ထင်လား။
ဖြေ – ကျနော်က သူနဲ့ တွဲပြီး ကစားဖူးတဲ့ သူပါ။ အကောင်းဆုံး ဘောလုံး သမားတိုင်းဟာ ဘယ်တော့မှာ သူ့ရဲ့ စွမ်းဆောင်ရည်ကို အပျောက်မခံပါဘူး။ တစ်ခါတလေ အပြင်က ကိစ္စကြောင့်သော် လည်းကောင်း ၊ နည်းပြက အကောင်းဆုံးပုံစံတွေ ဘယ်လို ဆွဲထုတ်ရမလဲ ဆိုတာ မသိသေးလို့သော်လည်းကောင်း ၊ ဖြစ်နေရင်တောင် သူတို့က သူ့ရဲ့ အရည်အသွေးတွေကို အပျောက်မခံကြပါဘူး။ နေမာဟာလဲ ထိပ်တန်း ကစားသမား တစ်ယောက်ပါဗျာ……….

မေး – ခင်ဗျားက မက်ဆီ နဲ့ တွဲကစားခဲ့ရတာ ဆိုတော့ သူ့အကြောင်းကို ကောင်းကောင်း သိထားတဲ့သူ ဖြစ်နေပါပြီ ။ နောက်ထပ် သူလို ဘောလုံးသမားမျိုး ထပ်ပြီး ထွက်ပေါ်လာဦးမယ် ထင်လားဗျာ..
ဖြေ – ကျနော် ကတော့ ဖြစ်နိုင်မယ် မထင်ပါဘူး။ ရိုနာဒို ၊ ရော်နယ်ဒင်ဟို တို့လို အံ့အားသင့်စရာ ကောင်းတဲ့ ကစားသမားတွေကို ကျနော်တို့ မြင်ခဲ့ရပြီးပြီလေ။ မက်ဆီ ကတော့ အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည်နေခဲ့တာ 15 နှစ်တောင် ရှိနေပါပြီ။ သူ့အသက် 18 နှစ် အရွယ်ကတည်းက ခြေစွမ်းကောင်းတွေ ပြသလာလိုက်တာ အခုချိန်ထိပါပဲ။

3 ရက်ကို 1 ဂိုးနှုန်း သွင်းပြနေတာ ဖြစ်သလို ၊ အာဂျင်တီးနား က ပြန်ရောက်လာလို့ ခရီးပန်းနေချိန်တောင် ဟတ်ထရစ် က အမြဲတမ်း သွင်းပြနေတာလေ။ ဒါဟာ သာမန် လူသားတစ်ယောက်လို့တောင် သတ်မှတ်လို့ မရတဲ့ စွမ်းဆောင်ရည်မျိုးဆိုတာ အကြွင်းမဲ့ ယုံလိုက်ပါ။

မေး – ဟာဇက် ကရော…………သူနဲ့လဲ ခင်ဗျားက တွဲပြီး ကစားဖူးတယ်လေ။
ဖြေ – ကျနော်က သူ့ကို အရမ်း ချစ်တာပါ။ ပြီးတော့ သူ့ရဲ့ အမာခံ ပရိသတ်ကြီးဗျ။ သူနဲ့ အတူတွဲ ကစားခွင့် ရခဲ့တဲ့ 5 ရာသီအတွင်း ၊ ဘယ်လို ကစားသမားမျိုးလဲ ဆိုတာ ကောင်းကောင်းသိခွင့် ရခဲ့တဲ့ပါတယ် ။

အခုရီးရဲ မှာလဲ သူဟာ ပွဲကို အပြောင်းအလဲတွေ အများကြီး လုပ်ပြဦးမှာ သေချာပါတယ်။ ရီးရဲ မက်ဒရစ် ဖန်တွေကလဲ သူ့ကို အများကြီး မျှော်လင့်ထားကြတာဗျ ဒါပေမယ့် ဟာဇက် က အဲဒီ အနေအထားတွေကို ကောင်းကောင်း ကိုင်တွယ်ပြပါလိမ့်မယ်။

မေး – ဒါဆို ခင်ဗျားရော ……ရီးရဲ ကစားသမားဖြစ်ဖို့ အခွင်း အရေးတွေ ရှိခဲ့ဖူးလား။
ဖြေ – ကျနော်သာ ခေါင်းငြိမ့် ခဲ့ရင် ရှိခဲ့တာပေါ့ဗျာ……..သူတို့ဟာ ကျနော့်ကို 2 ကြိမ်ထက် မနည်း ဆက်သွယ်ခဲ့ဖူးပါတယ်။ ပထမဆုံး အကြိမ်က ကျနော့် အသက် 18 နှစ် အရွယ်မှာ ၊ လစာတွေ အများကြီးပေးပြီး ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ် ကျနော်ဟာ အာဆင်နယ် အတွက် ပေးဆပ်စရာတွေ ရှိနေသေးတယ်လို့ ခံစားမိခဲ့တာလေ။

ဘာပဲဖြစ်ဖြစ် ရီးရဲမက်ဒရစ်က ချဉ်းကပ်ခံရတယ် ဆိုတဲ့ အသိနဲ့ပဲ ကျေနပ်နေပါပြိ။ ကျနော့် အသက် 23 နှစ် အရောက်မှာ ဒဏ်ရာ ပြသနာရသွားတော့ ၊ သူတို့ဟာ ကျနော့်အတွက် ဆုတောင်း စကားကို မက်ဆေ့ကနေ တဆင့် ပို့ပေးခဲ့တာ အခုထိ အမှတ်ရနေတုန်းပါပဲ။

တကယ်ကို လူကြီးလူကောင်းဆန်တဲ့ အသင်းတစ်သင်းပါ။

ကျေးဇူးတင်းပါတယ်………..ဖာဘရီဂတ်
SM