ဥရောပ အပြောင်းအရွှေ့ ဈေးကွက် ကတော့ စက်တင်ဘာလ ၂ ရက်နေ့ မှာပဲ ပိတ်သိမ်း သွားခဲ့ ပါပြီ ။ ပရိသတ် တွေ စိတ်ဝင် စားခဲ့ ကြတဲ့ နေမာ ၊ ပေါ့ဘာ တို့ရဲ့ အပြောင်း အရွှေ့တွေ ကတော့ တကယ် ဖြစ်မလာခဲ့ ကြပါဘူး ။ ဒါပေမယ့် ဂျာအိုဖိလစ် ၊ ဂရစ်ဇ်မန်း ၊ ကော်တင်ဟို ၊ ဟာဇက် ၊ ဒီလစ် ၊ ဒီယွန် စတဲ့ နာမည်ကျော် ကစား သမား အများ အပြား အသင်း ပြောင်းရွှေ့ ခဲ့ကြပြီး စိတ်ဝင်စား ဖို့ ကောင်းတဲ့ နွေရာသီ တစ်ခု ဖြစ်ခဲ့ရ ပါတယ် ။

 

ဂိုး သမား အပြောင်း အရွှေ့ တွေ အများကြီး ရှိခဲ့တဲ့ အထဲ မှာ ရီးရဲမက်ဒရစ် ကနေ ပြင်သစ် ကလပ် PSG ဆီ ပြောင်းရွှေ့ ခဲ့တဲ့ ကော်စတာရီကာ ဂိုးသမားကြီး နာဗက်စ် က တော့ စိတ်ဝင်စားဖို့ အကောင်းဆုံး ဖြစ်ခဲ့ ပါတယ် ။ ရီးရဲပရိသတ်တွေ ကတော့ နာဗက်စ် ဟာ ကော့တွိုက် ထက် ပိုကောင်းသူ ဖြစ်တယ်လို့ လက်ခံ ယုံကြည်ထား ပြီး လက်လွှတ် လိုက်ရမှု အတွက် ၀မ်းနည်း နေခဲ့ကြပါတယ် ။ ချန်ပီယံ လိဂ် ၃ နှစ်ဆက် ဆွတ်ခူး မှု မှာ အဓိက ကျခဲ့တဲ့ သူတစ်ဥိး ဆိုရင်လည်း မမှား ပါဘူး ။ ဒီ အတွေ့ အကြုံကောင်းတွေ ဟာ PSG ရဲ့ ချန်ပီယံ လိဂ် အိပ်မက် ကို အထောက် အပံ့ပေး နိုင် မလား ဆိုတာ စိတ်ဝင် စား စရာ ပါပဲ ။

PSG ကို ပြောင်းရွှေ့ ခဲ့တဲ့ နာမည်ကျော် က ကီလာ နာဗက်စ် တစ်ယောက် တည်း မဟုတ်ခဲ့ ပါဘူး ။ အင်တာ မီလန် ရဲ့ နာမည်ကျော် တိုက်စစ်မှုး မော်ရို အီကာဒီ ဟာလည်း နည်းပြ သစ် ကွန်တီ ရဲ့ ပစ်ပယ် မှု ကြောင့် နောက်ဆုံး မှာ အသင်းသစ် ကို ရှာဖွေ ခဲ့ရ ပါတယ် ။ နာဗက် နဲ့ တစ်နေ့တည်းမှာပဲ PSG ကို ပြောင်းရွှေ့ ခဲ့တဲ့ အီကာဒီ ဟာ ဘာပေ ၊ ကာဗာနီ တို့ ဒဏ်ရာ ရရှိ နေချိန် မှာ နေမာ နဲ့ တွဲဖက်ပြီး PSG တိုက်စစ် ကို ဦးဆောင် ရတော့ မှာပါ ။ နေမာ ၊ ကာဗာနီ ၊ အီကာဒီ ၊ ဘာပေ ၊ ဒီမာရီယာ ၊ ဗာရက်တီ တို့ရဲ့ အစုအဖွဲ့ ကတော့ တကယ်ကို ကြောက်စရာ ကောင်းမှာ အမှန် ပါပဲ ။

ဘိုင်ယန်မြုးနစ် ကလည်း သွေးသစ်လောင်းမှုတွေ လုပ်ခဲ့ ပါတယ် ။ အသက်လက်တီကို မက်ဒရစ် နောက်ခံလူ လူးကပ် ဟာနန်ဒက်စစ် ကို မြင့်မားတဲ့ ပြောင်းရွှေ့ ကြေး နဲ့ ခေါ်ယူ ခဲ့သလို ရော်ဘင် ၊ ရီဘာရီ တို့ ရဲ့ နေရာ တွေ အတွက် ကော်တင်ဟို ၊ အိုင်ဗန် ပါရီဆစ် တို့ ကို ခေါ်ယူ အားဖြည့် ခဲ့ ပါတယ် ။ သီယာဂို အယ်ကန်ထရာ ၊ ကင်မစ်ခ်ျ ၊ ကော်တင်ဟို ၊ ပါရီဆစ် ၊ ဂနာဘီ ၊ ကိုးမန်း ၊ မူလာ ၊ လီဝန်ဒေါ့စကီး တို့ ရဲ့ အစုအဖွဲ့ ကလည်း တစ်ချိန် က အောင်မြင်မှုတွေ ကို ပြန်လည် မျှော်မှန်း နိုင်တဲ့ အနေအထား မှာ ရှိ နေမှာပါ ။

ယူဗင်တပ် ကတော့ အားလုံး ကို အံ့အားသင့်မှုတွေ အမြဲ ပေးစွမ်း နိုင်ခဲ့ ပါတယ် ။ အာရွန် ရမ်ဆေး ၊ ရာဘီယော့ တို့ ကို အလွတ် နဲ့ ရအောင် ခေါ်ယူ နိုင်ခဲ့ သလို ငွေသုံးဖို့ လိုအပ် လာချိန် မှာလည်း လက်မတွန့် ခဲ့ ပါဘူး ။ ဘာစီလိုနာ ၊ မန်ချက်စတာ ယူနိုက်တက် တို့ နဲ့ သတင်းကြိး နေ တဲ့ အိုင်ယက်စ် ကြယ်ပွင့် ဒီလစ် ကို အရ ခေါ်ယူ နိုင် ခဲ့တာ က ယူဗင်တပ် ရဲ့ အရည်အသွေးကောင်း တစ်ခုလို့ ဆိုရမှာပါ ။ အခု ချီယာလီနီ ၆ လ နားရ တော့မယ့် အချိန် မှာ ဒီလစ် ကို ခေါ်ယူထားခဲ့တာ မှန်ကန် ကြောင်း သက်သေဖြစ်လာ ခဲ့ ပါတယ် ။

အပြောင်းအရွှေ့ ဈေးကွက်ထဲ မှာ ယူဗင်တပ် လိုမျိုး ဆရာ ကျကျ လှုပ်ရှားနိုင်တဲ့ နောက်ထပ် တစ်သင်း ကတော့ ဒေါ့မွန် ပါပဲ ။ ဈေးကွက် စဖွင့် တာ နဲ့ ဒေါ့မွန် တို့ ခပ်သွက်သွက် လှုပ်ရှား ခဲ့ပြီး ဂျူလီယန် ဘရန့် ၊ သော်ဂန် ဟာဇက် ၊ နီကို ရှူးလ် တို့ ကို သတင်း ကျယ်ကျယ်လောင်လောင် မထွက်ရစေဘဲ ခေါ်ယူနိုင်ခဲ့ ပါတယ် ။

ဘိုင်ယန် က နေ အသင်းသားဟောင်း ဟမ်းမဲလ် ကို ပြန်ခေါ် ခဲ့သလို မနှစ်က အငှား လာကစားပြီး အစွမ်းပြခဲ့တဲ့ တိုက်စစ်မှုး ပါကို အယ်ကာဆာ ကိုလည်း ဘာစီလိုနာ ကနေ အပြီးသတ် ၀ယ်ယူခဲ့ ပါတယ် ။ မနှစ် က ရာသီကုန်ခါနီးမှာ ခြေခေါက်လဲခဲ့သလိုမျိုး ထပ်မဖြစ် အောင် ဒေါ့မွန် တို့ ပြင်ဆင် နေပြီလို့ ပဲ ဆိုရမှာပါ ။

ဘာစီလိုနာ ရဲ့ အပြောင်းအရွှေ့ ကတော့ တစ်စုံ တစ်ခု လိုအပ် နေသလို ပါပဲ ။ ဖရန့်ကီ ဒီယွန် နဲ့ အန်တွိုင် ဂရစ်ဇ်မန်း တို့ ဟာ လက်ရှိ အသင်းရဲ့ ကွင်းလယ် နဲ့ တိုက်စစ် ကို ပိုမို့ တောင့်တင်း စေမှာ အမှန် ဖြစ်ပေမယ့် နောက်တန်း ကို အားမဖြည့် နိုင်ခဲ့တာ က ရာသီ အစ မှာတင် ရှုံးပွဲ သရေ ပွဲတွေ ကြုံတွေ့ စေခဲ့ရ ပါတယ် ။ မက်ဆီ ပြန်ကောင်း မလာသေးသရွေ့ ဘာစီလိုနာ က နိုင်လိုက် ရှုံးလိုက် သရေ ကျလိုက် ဖြစ်နေဦးမှာပါ ။

တစ်ယောက် တည်းပဲ ဆိုပေမယ့် ရိုဒရီဂို ဟာနန်ဒက် ( ရော့ဒရီ ) ကို ရလိုက်တာ က မန်စီးတီး အတွက် တကယ်ကို မှန်ကန် တဲ့ ခေါ်ယူမှု ဖြစ်စေခဲ့ ပါတယ် ။ နှစ်ပေါင်းများစွာ ရှာဖွေ နေတဲ့ ဖာနန်ဒင်ဟို ရဲ့ ဆက်ခံသူ နေရာ ဟာ နောက်ဆုံးမှာတော့ ပြီးပြည့်စုံ ခဲ့ပြီလို့ ဆိုရမှာပါ ။ ပရီးမီးယားလိဂ် နဲ့ အချိန်ပေးရဦးမယ် ဆိုပေမယ့် ရော့ဒရီ ဟာ ဂွာဒီယိုလာ ရဲ့ သွန်သင်ပေးမှု အောက်မှာ တောက်ပလာမယ့် နောက်ထပ် စပိန်သား တစ်ယောက် ဖြစ်လာမယ် ဆိုတာ ကိုတော့ တော်တော်များများ ခန့်မှန်းမိ နေလောက် ပါပြီ ။

စတားတွေ တပြုံကြီး အားဖြည့်ထားပေမယ့် လတ်တလော ရီးရဲမက်ဒရစ် ကို ကယ်တင်နေသူက အပယ်ခံ ဂါရတ်ဘေးလ် ဖြစ်လို့ နေခဲ့ ပါတယ် ။ ဟာဇက် အပါ အ၀င် ကစား သမား သစ် အားလုံး လာလီဂါ ရဲ့ အထာ ကို အသားကျ ဖို့ အချိန်ပေး ရဦးမှာပါ ။ ဟာဇက် ဟာ ရိုနယ်ဒို လို ဂိုးသွင်းစက် မဟုတ်တာ ကြောင့် ဂိုး ၄၀-၅၀ လောက် မျှော်လင့် ထားလို့ မရနိုင် ပါဘူး ။ အများကြီး ၀ယ်ထားခဲ့ ပေမယ့် ကွင်းလယ် က သက်ကြီး ကစား သမား ၂ ဦး ရဲ့ နေရာကို မဖြည့်နိုင် ခဲ့ ပါဘူး ။ ဒီနှစ်တော့ ရီးရဲ တို့ ရုန်းကန် ရဦးမှာပါ ။

အသက်လက်တီကို မက်ဒရစ် ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ကလည်း တကယ် စိတ်ဝင်စား စရာပါပဲ ။ ဂျာအိုဖိလစ် ရဲ့ အလားအလာ ကို တွက်ချက် ပြီး ငွေသုံးဖို့ လက်မတွန့် ခဲ့တဲ့ အေတီကို မက်ဒရစ် ကို အထူး ချီးကျုး ရမှာပါ ။ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ နေရာကို ဆက်ခံ မယ့် ပေါ်တူဂီ သား လေး နဲ့ အတူ အေတီကို တို့ ဒီနှစ် လာလီဂါ ကို အရယူ နိုင်မလား ဆိုတာ တကယ် စိတ်ဝင်စား စရာ ပါပဲ ။

SPORTS MYANMAR