စကိုင်းစပေါ့ နဲ့ ပရီးမီးယားလိဂ် ရဲ့ official beer ဖြစ်တဲ့ Budweiser တို့ဟာ အပတ်စဉ် Power Rankings ကို ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။ မန်ချက်စတာစီးတီး တိုက်စစ်မှုး ဆာဂျီယို အဂွေးရိုးဟာ ပြီးခဲ့တဲ့ စနေနေ့က ဘရိုက်တန်ကို အီတီဟတ်မှာ ၄ – ၀ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ ကိုယ်တိုင် ၂ ဂိုး သွင်းယူ ခဲ့တဲ့ အပြင် အသင်းဖော် ဘာနာဒိုဆေးလ်ဗား အတွက်လည်း တစ်ဂိုး ဖန်တီး ပေးခဲ့တာကြောင့် စွမ်းဆောင်ရည် အကောင်းဆုံး ဇယားရဲ့ ထိပ်ဆုံး နေရာကို တက်လှမ်း သွားနိုင် ခဲ့ပါတယ်။

အဂွေးရိုး ရဲ့ အသင်းဖော် ဖြစ်သူ ကယ်ဗင်ဒီဘရိုင်း (နံပါတ် ၅) ကလည်း အီတီဟတ် မှာ ကစား ခဲ့တဲ့ အဆိုပါ ပွဲစဉ် ရဲ့ ပွဲချိန် ၂ မိနစ် အတွင်းမှာပဲ အသင်း အတွက် အဖွင့်ဂိုးကို သွင်းယူ ပေးခဲ့ပြီး ဘယ်ဂျီယံ ကွင်းလယ် ဖန်တီးရှင်ဟာ အဂွေးရိုးရဲ့ ပထမ သွင်းဂိုး အတွက်လည်း ဖန်တီး ပေးခဲ့ ပါတယ်။ ဒါပေမယ့် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်တဲ့ ရာဟင်စတားလင်း ကတော့ ဘရိုက်တန် နဲ့ ပွဲမှာ ဂိုးရယူ နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ၎င်းရဲ့ ၃ ပွဲဆက်တိုက် ဂိုးသွင်း နိုင်ခဲ့မှု အဆုံးသတ် သွားခဲ့ကာ အဆင့် ၁၀ နေရာ ရောက်သွား ခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက် နဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျ မှာ ၂ – ၂ စီ သရေ ကျခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီး အတွက် သွင်းဂိုး ၂ ဂိုး ရယူကာ ၂ ပွဲဆက် ၂ ဂိုးစီ သွင်းယူ နိုင်ခဲ့တဲ့ တိုက်စစ်မှုး တမ်မီ အေဗရာဟမ် ကတော့ ဒီဇယား ရဲ့ အဆင့် ၂ နေရာထိ ရောက်ရှိ လာခဲ့ပါတယ်။ ဘရန်ဒန်ရော်ဂျာ ရဲ့ အသင်းဟာ ဘုန်းမောက် ကို ၃ – ၁ နဲ့ အနိုင်ယူကာ ဒီရာသီ ပရီးမီးယားလိဂ် မှာ လုံးဝ ရှုံးပွဲ မရှိသေးတဲ့ တတိယမြောက် အသင်း ဖြစ်နေပြီး အဆိုပါ ပွဲစဉ်မှာ ဂျေမီဗာဒီ (အဆင့် ၃) ဟာ အသင်း အတွက် ၂ ဂိုး သွင်းယူ ပေးခဲ့ပါတယ်။

လီဗာပူး အသင်းဟာ ဘန်လေကို တပ်မိုးမှာ ခြေစွမ်းပြ ကစားပြီး ၃ – ၀ နဲ့ အနိုင်ရရှိ ခဲ့ပြီး ဒီရာသီ လိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲ မှတ်တမ်းကို ဆက်လက် ထိန်းသိမ်း ထားနိုင် ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ရော်ဘတ်တိုဖာမီနို (အဆင့် ၄) ဟာ ကိုယ်တိုင် တစ်ဂိုးသွင်းနိုင် ခဲ့တဲ့ အပြင် အသင်းဖော် တိုက်စစ်မှုး ဖြစ်တဲ့ ဆာဒီယိုမာနေး (နံပါတ် ၈) အတွက်လည်း ဂိုးဖန်တီး ပေးနိုင် ခဲ့ပြီး ဖာမီနို အတွက် ဂိုးဖန်တီးပေး ခဲ့တဲ့ မိုဟာမက်ဆာလား (နံပါတ် ၁၁) ကတော့ ဒီတစ်ပတ်မှာ ဂိုးပေါက် မတွေ့ ခဲ့ပါဘူး။

ဝက်ဟမ်း ဟာ နောက်ဆုံး မှာတော့ ပုံမှန် ဂိုးသွင်း စွမ်းရည် ရှိတဲ့ ဆီဘတ်စတီယန် ဟယ်လာ လို တိုက်စစ်မှုး တစ်ဦးကို ရှာတွေ့ သွားခဲ့ဟန် ရှိပြီး ၎င်းဟာ နော့ဝှစ်ကို ၂-၀ နဲ့ အနိုင်ယူခဲ့တဲ့ ပွဲမှာ ဂိုးရယူ နိုင်ခဲ့ပြီး နောက်ဆုံး ၂ ပွဲမှာ သွင်းဂိုး ၃ ဂိုး ရှိသွား ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က စွမ်းဆောင်ရည် အကောင်းဆုံး ဇယားထိပ်မှာ ရပ်တည် နေတဲ့ တီမူပူကီဟာ ၀က်ဟမ်း နဲ့ ပွဲမှာတော့ ၎င်းရဲ့ ဂိုးတွေ ဆက်တိုက် သွင်းယူ နေမှု ရပ်တန့် သွားခဲ့ပြီး နံပါတ် ၇ နေရာ အထိ ဆင်းပေး လိုက်ရပါတယ်။

ကြားရက်က လင်ကွန်းစီးတီး နဲ့ ပွဲမှာ ဒီရာသီ ပထမဦးဆုံး ဂိုးကို ရခဲ့တဲ့ ရစ်ချယ်လဆင် (နံပါတ် ၉) ဟာ ၀ုဖ်ကို ဂွတ်ဒီဆင်ပက်မှာ အကြိတ်အနယ် ကစားပြီး ၃-၂ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ ၂ ဂိုး သွင်းယူ နိုင်ခဲ့ပြီး ၂ ပွဲဆက် ဂိုးပေါက် ပြန်တွေ့ နေပါတယ်။

In form chart ရဲ့ အောက်မှာတော့ ကလပ် အသင်း တစ်သင်းစီမှာ အကောင်းဆုံး ပုံစံ ရနေတဲ့ ကစားသမားတွေကို ဖော်ပြ ထားပြီး ဒီတစ်ပတ် ဇယားမှာတော့ နောက်ခံလူ ၄ ဦး အထိ ပါဝင် လာခဲ့ကာ နူနိုဆန်တိုရဲ့ အသင်းဟာ အဲဗာတန်ကို ၃-၂ နဲ့ ရှုံးနိမ့် ခဲ့ပေမယ့်လည်း နောက်ခံလူ ၀ယ်လီဘိုလီ ကတော့ ၀ုဖ်အသင်းရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည် နေပါတယ်။

SM