ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံး ရာသီ အစောပိုင်း ကာလ အတွင်းမှာ နာမည်ကြီး အသင်း ၂သင်း ဖြစ်တဲ့ ချယ်လ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တွေဟာ ရလဒ်ဆိုး တချို့ ကို ရင်ဆိုင် နေရလျက် ရှိနေပါတယ် ။ တနှစ်ပြီး တနှစ် ပြိုင်ဆိုင်မှု ပြင်းထန် လာတဲ့ ပရီးမီးယားလိဂ် မှာ အလယ်အလတ်တန်းစား ခြေစွမ်း ရှိတဲ့ ဖျက်မြင်း အသင်း တွေဟာလည်း အရင် ကထက် ငွေကြေး သုံးစွဲမှု ၊ ကစားသမားသစ် ခေါ်ယူ ဖြည့်တင်းမှုအား ပိုပြီး များလာခဲ့ပါတယ် ။

ယခုနှစ် ဘောလုံး ရာသီ မှာ အဲဗာတန် ၊ ဝက်စ်ဟမ်း အသင်း တို့ရဲ့ စံချိန်တင် ငွေကြေး သုံးစွဲ လာမှု ၊ ဝုလ်ဗ် ၊ လက်စတာ တို့ရဲ့ အင်အားကြီးထွားလာမှု တွေဟာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၆ နေရာ က အသင်းတွေ အတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာပါတယ် ။ လက်စတာ ၊ အဲဗာတန် ၊ ဝုလ်ဗ် တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတည်းက ပရီးမီးယားလိဂ် ထိပ်သီး အသင်း တွေကို ခြေရည်တူ နီးပါး ယှဉ်ပြိုင် နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ် ။

ဝုလ်ဗ် အသင်း ကတော့ ဒီနှစ် ဘောလုံး ရာသီ မှာ ဥရောပ ပြိုင်ပွဲ တခု ဖြစ်တဲ့ ယူရိုပါလိဂ် ကို ကစားရမှာ ဖြစ်တာကြောင့် ပွဲပန်း နိုင်ပေမယ့် အဲဗာတန် ၊ လက်စတာ တို့ကတော့ ပရီးမီးယားလိဂ် တခုတည်း ကို အာရုံစိုက် ရမှာ ဖြစ်လို့ ထိပ်ဆုံး ၆နေရာ ကို ဝင်ရောက် နိုင်ဖို့ အထူး ကြိုးစား သွားဖွယ် ရှိနေပါတယ် ။

နယူးကာဆယ် ၊ အဲဗာတန် မန်နေဂျာ ဟောင်း ဆမ် အလာဒိုက်စ် ကတော့ လက်ရှိ မှာ ခြေချော်မှု တွေ အရမ်း များနေတဲ့ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက် အသင်း တို့ရဲ့ အနေအထား ကို အခွင့်ကောင်း ယူဖို့ အဲဗာတန် အသင်း အနေနဲ့ အသင့် ဖြစ်နေဖို့ လိုနေကြောင်း နဲ့ အဆင့် ၆ အတွင်း အဲဗာတန် ဝင်ရောက် နိုင်ဖို့ ယုံကြည် နေတယ် လို့လည်း Talksport ရဲ့ အစီအစဉ် တခု မှာ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

အလာဒိုက်စ် က ” ကျွန်တော် ကတော့ အဲဗာတန် အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ အတွက် ထိပ်ဆုံး ၆ နေရာ ကို ဝင်ရောက် နိုင်ဖို့ ထိုးဖောက် သင့်တယ် လို့ ထင်ပါတယ် ။ အခု အချိန် မှာ ချယ်လ်ဆီး အသင်း ဟာ အခက်အခဲ များစွာ နဲ့ ရင်ဆိုင် နေရပါတယ် ။ မန်ချက်စတာ ယူနိုက်တက် လည်း အတူတူပါပဲ ။ ဒီနှစ် မှာဆိုရင် ချယ်လ်ဆီး ထက် ယူနိုက်တက် ရဲ့ လူစာရင်း က အသက် ပိုငယ် လာတာကို တွေ့ရပါတယ် ။ ”

” ဒီ နှစ်သင်း ရဲ့ ခေတ် အဆက်ဆက် ကစားသမား အင်အား အနေအထား တွေကို ကြည့်မယ် ဆိုရင် ဒီနှစ် ဘောလုံး ရာသီ မှာ သူတို့ ပိုင်ဆိုင် ထားတဲ့ အသင်း အင်အား က အတွေ့အကြုံ အနည်းဆုံး ဖြစ်နေပါတယ် ။ ဒါကြောင့်မို့ အခက်အခဲ တွေနဲ့ ရင်ဆိုင် လာရတဲ့ အခါ ယူနိုက်တက် အဖို့ ချက်ချင်း ရုန်းထွက် ဖြေရှင်းဖို့ အတော် မလွယ်ကူဘူး လို့ ထင်မိပါတယ် ။ ချယ်လ်ဆီး လည်း အတူတူပါပဲ ။ ”

” ဒါဟာ အဲဗာတန် လို အသင်း အတွက် ထိပ်ဆုံး ၆ နေရာ ကို ထိုးဖောက်နိုင်ဖို့ အခွင့်အရေးကောင်း ပါပဲ ။ ဝုလ်ဗ် တော့ အဲဗာတန် လောက် လုပ်နိုင်လိမ့်မယ် လို့ ကျွန်တော် မထင်မိပါဘူး ။ သူတို့ဟာ အချိန် အတော်ကြာပြီးမှ ဥရောပ ပြိုင်ပွဲ တခု ကို ပထမဆုံး ကစားခွင့် ရနေတာကြောင့် ဟန်ချက် ညီမျှမှု ရှိလာဖို့ နည်းနိုင်ပါတယ် ။ ဒါကို ပြီးခဲ့တဲ့ ရာသီ က ဘန်လေ အသင်း မှာ ကျွန်တော် တို့ တွေ့ခဲ့ရပါတယ် ။ ”

” ဒါပေမယ့် အဲဗာတန် ဟာ အခု နောက်ပိုင်း နှစ်တွေမှာ ထိပ်တန်း ကစားသမားကောင်း တချို့ နဲ့ ငွေကြေး သုံးစွဲမှု တွေနဲ့ အတော်လေး အင်အား တောင့်တင်း လာပါတယ် ။ ကျွန်တော် အဲဗာတန် မှာ ရှိနေစဉ် ကတည်းကနေ အခုအချိန် အထိ ပုံမှန် ကစား ပေးနေတဲ့ ကစားသမား ဆိုလို့ ၃ ၊ ၄ ယောက် လောက်ပဲ ရှိပါတော့တယ် ။ သူတို့ဟာ ကစားသမားကောင်း တွေကို ဈေးကြီးပေး ခေါ်ယူ လာပြီး အသင်း ကို အဆင့်မြှင့်တင် နိုင်ခဲ့ပါတယ် ။ ဒါကြောင့်မို့ သူတို့ဟာ ဒီနှစ် ပရီးမီးယားလိဂ် အဆင့် ၆ အတွင်း ဝင်နိုင်တယ် လို့ မျှော်မှန်း ရတာပါ ။ ” လို့ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

SPORTS MYANMAR