ပွဲပြီးသွားလို့ မီးလဲ သေသွားခဲ့ပါပြီ…………ဒီ အပြောင်းအရွှေ့ အရှုပ်တော်ပုံမှာ နေမာ တစ်ယောက်ထဲက လွဲလို့ ဘယ်သူကမှ အံ့အားသင့်စရာ မကောင်းပဲ အဆုံးသွားခဲ့တာပါ။ နေမာ ကတော့ ဘာစီလိုနာ ကို ပြောင်းရမယ် အထင်နဲ့ Transfer Window စဖွင့်တဲ့ နေ့ ကတည်းက အသင်းကို တွန်းအားပေးနေခဲ့တာလေ။

အပြောင်းအရွှေ့ တစ်ခု လုပ်ဆောင်တယ် ဆိုတာ ခေါ်ချင်တဲ့ ကလပ်ကလဲ လိုလိုချင်ချင် ရှိဦးမှ ၊ တစ်ဖက် က ရောင်းချတဲ့ ကလပ်ကလဲ ရောင်းချင်စိတ် ရှိဦးမှ။ အဲဒီနှစ်ခု တွဲပြီး မရှိပဲနဲ့တော့ ဘယ်လိုမှ အပြောင်းအရွှေ့က ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။

နေမာ ရဲ့ အပြောင်းအရွှေ့မှာ ဆိုရင် ဘာစီလိုနာ ဘက်က ယူဆခဲ့တာက PSG ဟာ ကစားသမားကို ရောင်းချဖို့ တကယ် ဆန္ဒမရှိဘူး ။ PSG ဘက်ကလဲ ဘာစီလိုနာ ဟာ နေမာကို တကယ် လိုလိုချင်ချင် နဲ့ ခေါ်ယူချင်တာ မဟုတ်ဘူး ဆိုပြီး နှစ်ဖက် စလုံးရဲ့ အတွေးမှာပဲ အဲဒီလိုတွေ ဖြစ်ခဲ့ကြတာပါ။

အဲဒီလို ဓါတ်ခံတွေ နဲ့ ဆွေးနွေးပွဲတွေ စတင်ခဲ့မှတော့ ဘယ်လိုလုပ်ပြီး ရလာဒ်က ထွက်လာနိုင်မှာလဲဗျာ…….

နေမာဟာ PSG မှာ ပြသနာလေးတွေ နည်းနည်း ရှိတယ် ဆိုတာ ဟုတ်ပါတယ်။ အထူးသဖြင့် ကလပ်အသင်းဟာ သူမှန်းထားတဲ့ အနေအထားမျိုးအထိ ဥရောပမှာ အောင်မြင်မှု မရရှိတာ ၊ အိမ်ရှင် ပရိသတ်တွေက သူ့ကို လှောင်ပြောင်တာ ၊ ကာဗာနီ နဲ့ ပြသနာလေးတွေ ရှိတာ နဲ့ လီဂူး 1 က ဒိုင်လူကြီးတွေက သူ့ဆိုရင် အကာကွယ်ပေးတာ နည်းလွန်းတယ်လို့ ခံစားနေရတာလေ။

ပြီးခဲ့တဲ့ ဇန်န၀ါရီမှာ ကစားခဲ့တဲ့ ပွဲစဉ်တုန်း ကဆိုရင် စရာဘေကစားသမား ဂွန်ကယ်ဗက်ဟာ ပြစ်ဒဏ် 3 ကြိမ် အထိ ဆက်တိုက် ကျူးလွန်ခဲ့တာတောင် ဒိုင်တွေက အ၀ါကဒ်လေးတောင် မပြခဲ့ပါဘူး။ အဲဒီ အနေအထားတွေ အားလုံးဟာ အ၀ါကဒ် ပြရမှာ ချည်းဖြစ်ပေမယ့် ၊ နောက်ဆုံးမှာတော့ နေမာဟာ ဒဏ်ရာ ရရှိသွားခဲ့ပြီး 18 ပွဲလောက်အထိ လွဲချော်သွားခဲ့ပါတယ်။

တကယ်တော့ နေမာ ဟာ အဲဒီ အချက်တွေက လွဲရင် ပဲရစ်မှာ နေရတာ ပျော်ပါတယ်။ ဒါကြောင့်လဲ သူဟာ ဘာစီလိုနာ နဲ့ သတင်းတွေ ထွက်ပေါ်တဲ့ ကြားက PSG နဲ့ စာချုပ်သစ် ကိစ္စဆွေးနွေးဖို့ ခြေလှမ်းပြင်ခဲ့ပါသေးတယ်။

အပြောင်းအလဲတွေ စပြီး ဖြစ်လာဖို့ အကြောင်းဖန်လာခဲ့တာက ဘာစီလိုနာ ဟာ ချန်ပီယံလိဂ်မှာ လီဗာပူးကို မမျှော်လင့်ပဲ အရှုံးကြီး ရှုံးကာ ထွက်လိုက်ရတာပါ။ အဲဒီ အချိန်က မေလ ထဲကို ရောက်နေပြီ ဖြစ်တာမို့ ၊ အသင်းခေါင်းဆောင် မက်ဆီ ၊ ပီကေး ၊ ဘက်စ်ကွက် ၊ ဆွာရက် နဲ့ ရော်ဘတ်တို တို့က ဥက္ကဌ ဘာတိုမြူထံ နေမာ ကို ပြန်လည် ခေါ်ယူပေးဖို့ တောင်းဆိုလာခဲ့ကြပါတယ်။

 

နေမာ ကလဲ သူ့ရဲ့ မိတ်ဆွေဟောင်းတွေ နဲ့ အဆက်အသွယ်က မပြတ်ရှိနေခဲ့တာမို့ ၊ ပြန်လာချင်တဲ့ အကြောင်း ပြောခဲ့ပါတယ်။ မက်ဆီ တို့ တစ်သိုက်ကလဲ ချန်ပီယံလိဂ် အောင်မြင်မှု ရဖို့ နေမာ ကို လိုအပ်တယ်လို့ တောင်းဆိုလာခဲ့တဲ့ အပြင် ၊ သူ့ရဲ့ ခေတ်အလွန်မှာ နေမာ ကို နေရာပေးဖို့ မက်ဆီ က စည်းရုံးခဲ့တယ်လို့လဲ အတွင်းသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီ အချိန်မှာ အကျပ်ရိုတ်သွားခဲ့တာက ဘာတိုမြူပါ။

အေတီကို တိုက်စစ်မှုး ဂရစ်ဇ်မန်း ကို ခေါ်ယူဖို့ သူက တိတ်တဆိတ် သဘောတူညီမှု ရယူကာ လုပ်ဆောင် ထားခဲ့ပြီးပါပြီ။ အေတီကို ဘက်က ပြောဆိုတဲ့ မှတ်တမ်းတွေ အရ ဘာစီလိုနာ ဟာ မတ်လ ထဲမှာ ကတည်းက ဂရစ်ဇ်မန်း နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြသနာ က အသင်းမှာ နေမာ ကို ခေါ်ယူဖို့ အတွက် လုံလောက်တဲ့ ငွေကြေး ပမာဏက မရှိတော့တာပါ။

အဲဒီ အချိန်မှာ PSG အသင်းမှာလဲ အားကစား ဒါရိုတ်တာ အပြောင်းအလဲ ဖြစ်လာခဲ့ပြီး ၊ ဘရာဇီးသား လီယိုနာဒို ဟာ အင်းနရစ် ရဲ့ နေရာကို အစားထိုးဝင်ရောက်လာခဲ့ပါတယ်။
လီဂူး အဖွင့်ပွဲစဉ် စတင်ခါနီး အချိန်ထိ ဘာစီလိုနာ ဘက်က နေမာကို ခေါ်ယူမယ့် သတင်းတွေသာ ဆက်တိုက် လွှင့်နေခဲ့ပေမယ့် ၊ တရားဝင် ကမ်းလှမ်းမှု က ရောက်ရှိလာခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် လီယိုနာဒိုဟာ နေမာ ရဲ့ အပြောင်းအရွှေ့ ဖြစ်လာဖို့ ရာခိုင်နှုန်း နည်းနေပြီ လို့ ခန့်မှန်းလိုက်ပြီး ၊ ကစားသမားကို အသင်းအတွက် ကစားပေးဖို့ စည်းရုံးလာခဲ့ပါတယ်။

နေမာ ကလဲ ပြန်ကစားပေးဖို့ သဘောတူလိုက်သည့်တိုင်အောင် PSG ဘက်က လိုချင်တဲ့ အသင်းမှာ ဆက်နေသွားတော့မှာ ဖြစ်တယ် ဆိုတဲ့စကားမျိုးကို တရားဝင် ပြောဆိုပေးဖို့ကိုတော့ ဆက်လက်ငြင်းဆန်ထားခဲ့ပါတယ်။

နေမာ နဲ့ ဘာစီလိုနာ ကစားသမားတွေ ရဲ့ အကြားမှာလဲ အဆက်သွယ်တွေ ပိုပြီး သွက်လာခဲ့သလို ၊ အနေအထားကို ထိန်းထားဖို့ ၊ မကြာခင် ဘာစီလိုနာက တရားဝင် ကမ်းလှမ်းမှုတွေ ရောက်လာတော့မှာ ဖြစ်ကြောင်း အသိပေးမှုတွေ ပြုလုပ်လာခဲ့ပြန်ပါတယ်။

တကယ်တော့ ဘာစီလိုနာ ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က သူတို့ဟာ နေမာကို ခေါ်ယူဖို့ အစွမ်းကုန် လုပ်ခဲ့တယ် ဆိုတဲ့ ပုံစံမျိုးပါ။ ဒါကြောင့်လဲ အသင်းရဲ့ အမှုဆောင်ချုပ် အပါအ၀င် ၊ အားကစား ဒါရိုတ်တာ အဘီဒယ် ၊ တောင်အမေရိကား တာဝန်ခံ တို့ပါ အဖွဲ့လိုက် ပဲရစ်ကို သွားရောက်တဲ့ အကြောင်းကို ဟန်ပါပါ ပြသခဲ့တာ ဖြစ်ပါတယ်။ (ဥက္ကဌ မပါဝင်ခဲ့)

ဒါဟာ သူတို့ ကလပ်ဖက်က နေမာကို ခေါ်ယူဖို့ အားစိုက်နေတဲ့ အကြောင်းကို အသင်းမှာ ရှိတဲ့ မက်ဆီတို့ ကျေနပ်အောင် တစ်ဖက်လှည့်နဲ့ လုပ်ပြလိုက်တာပါ။

အနည်းဆုံးတော့ နေမာကို ခေါ်ယူမယ့် ကုန်ကျစာရိတ်ဟာ ယူရို 215 သန်း ရှိနေပြီး ၊ ဘာစီလိုနာ ဘက်က ကစားသမား အလိုက်ပေးပြီး ကမ်းလှမ်းရင်ကော ဖြစ်နိုင်မလား ဆိုတဲ့ ကမ်းလှမ်းချက်ကို PSG က လက်ခံခဲ့ပါတယ်။

ကနဦး အနေနဲ့ ကော်တင်ဟို + ပြောင်းရွှေ့ကြေး ပမာဏ တစ်ခုနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ၊ PSG ဘက်က အလွန်ကို ရယ်စရာ ကောင်းတဲ့ ကမ်းလှမ်းမှုမျိုးဆိုပြီး ချက်ခြင်း ပယ်ချသွားခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဘာစီလိုနာ ဟာ ယူရို သန်း 130 + ကစားသမား 3 ယောက် အလိုက်ပေးပြီး ကမ်းလှမ်းလိုက်ပါတယ်။

PSG ကတော့ အဲဒီ အလိုက်ပေးမယ့် ကစားသမား 3 ယောက် ရဲ့ နေရာကို ရာကီတစ် + တိုဒီဘို + ဒမ်ဘီလီ (အငှား) နဲ့ ထည့်သွင်းဖိ့ တောင်းဆိုလိုက်ပြီး ၊ တိုဒီဘို နဲ့ ရာကီတစ် တို့ဟာ အသင်းပြောင်းဖို့ သဘောတူပေးခဲ့သည့်တိုင်အောင် ဒမ်ဘီလီက စည်းရုံးလို့ မရခဲ့ပါဘူး။

အဲဒီ အချိန်မှာ PSG ဘက်ကလဲ သူတို့ရဲ့နည်းပြ တူချယ်ဟာ ဒမ်ဘီလီ ရဲ့ ဆရာဟောင်း ဖြစ်နေသည့်တိုင်အောင် ၊ ကစားသမားကို ပြောင်းလာဖို့ ၀င်ရောက် စည်းရုံးခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့်လဲ ဘာစီလိုနာ ဘက်က PSG ဟာ နေမာ ကို တကယ် ရောင်းချင်ရဲ့လား ဆိုတဲ့ သံသယမျိုးတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ PSG ကရော ၊ တူချယ် ကပါ ဒမ်ဘီလီကို ၀င်ရောက် စည်းရုံးလိုက်ပါက အပြောင်းအရွှေ့ဟာ တစ်မျိုး တစ်ဖုံး ပြောင်းလဲသွားနိုင်စရာ ခဲ့မှာပါ။ နောက်ပိုင်းမှာတော့ နေမာဟာ သူ့ကိုယ်တိုင် အသင်းပြောင်းချင်လွန်းတာကြောင့် ကိုယ်ပိုင်ငွေထဲ က စိုက်ထုတ်ပေးဖို့ ပြင်ဆင်ခဲ့ပေမယ့် ၊ ပြင်သစ် လီဂူးရဲ့ စည်းကမ်းတွေအရ အဲဒီလို လုပ်ဆောင်ဖို့ ခွင့်မပြုခဲ့ပြန်ဘူးလို့ ဆိုပါတယ်။

ဒီအနေအထားတွေ ကို အခွင့်ကောင်းယူကာ ရီးရဲ မက်ဒရစ်ဟာ ဘေးလ်း + နာဗက် + ရိုဒရီ ဂွက် တို့ကို အလိုက်ပေးပြီး ကမ်းလှမ်းခဲ့ပြန်ပေမယ့် ၊ ပီအက်စ်ဂျီ ဘက်ကတော့ ပီရက်ဟာ သူ့ရဲ့ အပယ်ခံ ကစားသမားတွေ နဲ့ လာပြီး အချောင်နှိုက်တယ်လို့ ယူဆခဲ့တာကြောင့် ပယ်ချခဲ့ပါတယ်း ဂျူဗီ ရဲ့ ဒီဘားလား + ပြောင်းရွှေ့ကြေး ယူရို သန်း 100 ကိုလဲ အလားတူ အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာပါ။

အဆုံးသတ်မှာတော့ နေမာဟာ သူ့ကို အတွက် ဘယ်နေရာမှာ ရှိသင့်သလဲ ဆိုတာ ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီး PSG ကိုသာ ဆက်မယ့် အကြောင်းကို လက်ခံသွားခဲ့ပါတယ်။

ဘာစီလိုနာ ဘက်ကလဲ နေမာကို ခေါ်ယူဖို့ အတွက် လုံလောက်တဲ့ ကြိုးစားအားထုတ်မှုတွေကို လုပ်ဆောင်ခဲ့သလား ဆိုတာ မေးခွန်းထုတ်ကြည့်ရင် စဉ်းစားစရာ အချက်ကြီး တစ်ခုက ထင်ထင်ရှားရှား ဖြစ်ပေါ်နေပါတယ်။

အသင်း ဥက္ကဌ ဘာတိုမြူဟာ ဒီဂျောင် ကို ခေါ်ယူဖို့ ကြိုးစားခဲ့စဉ်က ကိုယ်တိုင် လိုက်ပါ စည်းရုံး ဆောင်ရွက်ခဲ့ပေမယ့် ၊ နေမာ ရဲ့ အပြောင်းအရွှေ့မှာတော့ တစ်ခါမှ ကိုယ်တိုင် ၀င်ပါခဲ့ခြင်း မရှိသလို ၊ ကျပ်တည်းနေတဲ့ အနေအထား တစ်ခုကို ဖြေရှင်းဖို့ အတွက် ပီအက်စ်ဂျီ ဥက္ကဌ အယ်ခီလာဖီ နဲ့ တွေ့ဆုံဖို့လဲ ကြိုးစားခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့် ဘာစီလိုနာ ဟာ နေမာကို ပြန်ခေါ်ဖို့ အာဏာကုန် ထုတ်မသုံးခဲ့တာ သေချာပါတယ်။ ဘာတိုမြူ အတွက်တော့ အမြတ်တွေ အများကြီးလဲ ထွက်သွားခဲ့ပါတယ်။

ပရိသတ် အများစုထင်တာ က သူဟာ နေမာ ကို ရောင်းပြီး ကော်တင်ဟို နဲ့ ဒမ်ဘီလီ ကို ခေါ်တယ် ၊ အခု ကော်တင်ဟို နဲ့ ဒမ်ဘီလီ ကို ရောင်းပြီး နေမာကို ခေါ်တော့မယ်လို့ ထင်ခဲ့ကြမှာပါ။

တကယ်တော့ သူက နေမာ ကို ခေါ်ယူဖို့ ငါတို့ ကြိုးစားခဲ့တယ် ဆိုတာ မက်ဆီ ၊ ဆွာရက် တို့ကိုလဲ ကျေနပ်အောင် ပြသသွားနိုင်ခဲ့သလို ၊ သူ့ အပေါ်လဲ အပြစ် အမြင်မခံခဲ့ပါဘူး။

လက်ရှိအချိန်မှာ နေမာ နဲ့ ဘာစီလိုနာ တို့အကြား ဇာတ်လမ်းတွေက အဆုံးသတ်သွားခဲ့ပြီလား ဆိုတာတော့ ကာယကံရှင်တွေပဲ သိကြမှာပါ။ သူ့ရဲ့ လက်ရှိစာချုပ်ဟာ ဖျက်သိမ်းခွင့် လျော်ကြေး မပါဘူး ဆိုပေမယ့် ၊ လာမယ့်ရာသီ အကုန်ရောက်ရင် နေမာဟာ PSG အတွက် 3 နှစ် အကြား ကစားပေးပြီးသား ဖြစ်တာမို့ ၊ အသင်းက ရောင်းမထုတ်ဘူး ဆိုရင်တောင် ၊ သူ့ စာချုပ် အတွက် ဖျက်သိမ်းခွင့်ကို ဖီဖာထံ တိုက်ရိုတ် လျှောက်ထားနိုင်တဲ့ စည်းမျဉ်းမျိုး ရှိနေပါတယ်။

နေမာရဲ့ ရှေ့နေတွေ တွက်ချက်ထားတဲ့ မှတ်တမ်းတွေအရ လာမယ့်ရာသီမှာ နေမာကို ခေါ်ယူဖို့ ယူရို သန်း 170 လောက်သာ သုံးရဖွယ် ရှိမှာပါ။

ဒါကြောင့် နေမာ ရဲ့ ဇာတ်လမ်းတွေဟာ တစ်ခန်းရပ်သွားတာလား ၊ အခန်းဆက်တွေ ရှိသေးလား ဆိုတာတော့ စောင့်ကြည်လိုက်ကြဦးစို့ဗျာ………..

SM