ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် ကစားခဲ့တဲ့ ပွဲမှာ လီဗာပူး အသင်းက ဘန်လေအသင်းကို ၃-၀ ဂိုးနဲ့ အဝေးကွင်းမှာအနိုင်ရခဲ့ပါတယ်။ဒီပွဲမှာ လီဗာပူး အတွက် ပွဲသိမ်းဂိုးကိုသွင်းယူပေးခဲ့ တဲ့ တိုက်စစ်မှူး ဖာမီနို ကတော့ ပရီးမီးယားလိဂ် သမိုင်းမှာ သွင်းဂိုး ၅၀ ပြည့်မြောက်တဲ့ ပထမဆုံး ဘရာဇီးလ်သားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

 

 

ဘလွန်းဒီအောဆုရှင် ဘရာဇီးလ် ဂန္တဝင် တိုက်စစ် မှူးဟောင်းတဦးဖြစ်တဲ့ ရီဗယ်ဒိုကတော့ သူသာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် ဖာမီနိုရဲ့ စံချိန်ကို အရင် ရယူထားနိုင်ခဲ့မှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာနည်းပြကြီး ဆာအဲလက်စ် လက်ထက် ၁၉၉၉ ခုနှစ်မှာတရာသီအတွင်း သမိုင်းဝင် ဆုဖလား၃ လုံးရယူနိုင်ပြီးမှာ ရီဗယ်ဒို ကမ်းလှမ်းခဲ့ဖူးတာ ဖြစ်ပါတယ်။

ထိုစဉ်က ရီဗယ်ဒိုဟာ ဘာစီလိုနာ အသင်းမှာ အံ့မခန်း ခြေစွမ်းမျိုး ပြသနေချိန် ဖြစ်ပြီး အိုးထရက်ဖို့ ဒ်ကိုပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ပြီး နူးကမ့် မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့်လည်း ဟော်ဖန်ဟိမ်း အသင်းကနေ အန်ဖီးလ်ကိုပြောင်းလာတဲ့ ဖာမီနိုက ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး၅၀ ပြည့်ပထမဆုံးဘရာဇီးလ်ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဖာမီနို ရဲ့ အခုလို စံချိန် မှတ်တမ်းကောင်း အတွက် ရီဗယ်ဒိုက ချီးကျူးစကားပြောဆိုသွားခဲ့ပေမယ့် သူတို့၂ဦး ဟာ ကစားပုံဆင်တူတာဖြစ်လို့ ယူနိုက်တက် အသင်းကို သာပြောင်းရွှေ့ဖြစ်ခဲ့ရင် ဒီစံချိန်ကို သူကရရှိမှာဖြစ်တယ်လို့ ရီဗယ်ဒိုက ယုံကြည်နေတာဖြစ်ပါတယ်။Betfair နဲ့ အင်တာဗျူး မှာ ရီဗယ်ဒိုက –

” ဖာမီနိုဟာ ပရီးမီးယားလိဂ် သမိုင်းမှာ သွင်းဂိုး ၅၀ ပြည့်မြောက်တဲ့ ပထမဆုံး ဘရာဇီးလ် သားဖြစ်လာပါတယ်။ဒါကြောင့် လည်း သူ့ရဲ့ အောင်မြင်မှု အတွက် ကျွန်တော် မဖြစ်မနေ အသိအမှတ်ပြု ပြီး ဂုဏ်ယူပေးသွားရမှာဖြစ်ပါတယ်။

သူဟာ ကြီးကျယ်ကောင်းမွန်တဲ့ ပင်ကိုယ်စရိုက် ပိုင်ရှင် ကစားသမားတဦးဖြစ်ပြီး ဂိုးတွေကိုလည်း တကိုယ်တော်အစွမ်းနဲ့ သွင်းယူနိုင်သူဖြစ်ပါတယ်။သူဟာ ပြိုင်ဘက် အသင်း ဂိုးဧရိယာ နားမှာ ရွေ့လျားမှုတွေ ပြုလုပ်ရာမှာလည်း ပါးနပ်မှု ရှိရှိ နဲ့ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။

ကျွန်တော်သာ ယူနိုက်တက် အသင်းမှာ လာကစားဖို့ ကမ်းလှမ်းမှုကို ခံခဲ့ရချိန် မှာ လက်ခံခဲ့ပြီး စာချုပ်ချုပ်ဆိုဖြစ်ခဲ့ရင် အခု လီဗာပူး အသင်းနဲ့ အတူ ဖာမီနို လုပ်ဆောင်နေတဲ့ အရာတွေကို လုပ်ဆောင်ထားနိုင်ခဲ့မှာဖြစ်ပြီး သူရထားတဲ့ အောင်မြင်မှု မျိုးတွေ ရကောင်းရနေခဲ့မှာဖြစ်ပါတယ်။

အခုလို စံချိန် မှတ်တမ်းကို ရရှိဖို့ ဆိုတာဒီလိဂ်မှာရှိနေတဲ့ ကြာချိန်ကာလအပေါ်ကို လည်းမူတည်တယ်ဆို အမှန်ပါပဲ။ဒါကေမယ့် ကျွန်တော်က သူများတွေဂိုးသွင်းနိုင်ဖို့ပဲ ဖန်တီးပေးရတဲ့ ကစားသမား တဦး အဖြစ်ကနေ ကိုယ်တိုင်လည်းဂိုးတွေ ပုံမှန်သွင်းယူနိုင်သူတဦး အဖြစ်ကို ပြောင်းလဲ ပုံဖော်ထားနိုင်ခဲ့သူဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ဖာမီနိုဟာ ၂၀၁၅ ခုနှစ်မှာ လီဗာပူး အသင်းကို စတင်ရောက်လာခဲ့တာဖြစ်ပြီးစုစုပေါင်း လိဂ်ပွဲ ၁၄၁ ပွဲကစားအပြီးမှာ တော့ ဒီစံချိန် မှတ်တမ်းကို ရရှိသွားခဲ့တာဖြစ်ပါတယ်။လာလီဂါ မှာအံ့မခန်းဂိုးသွင်းမှတ်တမ်းပိုင်ဆိုင်ဖူးတဲ့ ရီဗယ်ဒိုက ပရီးမီးယားလိဂ်မှာလည်း ဒါမျိုးမလုပ်နိုင်စရာအကြောင်းမရှိဘူးလို့ဆိုပါတယ်။

ရီဗယ်ဒိုက ဆက်လက်ပြီး – ” ဘာစီလိုနာ မှာရှိနေခဲ့တဲ့ ၅ရာသီအတွင်းမှာ ကျွန်တော် ဂိုး ၁၃၀ လောက်သွင်းယူနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်း အင်္ဂလန်မှာ ဒါမျိုးသို့မဟုတ် ဂိုး၅၀ လောက် ကျွန်တော်ဘာလို့ မသွင်းနိုင်ရမှာလဲဗျာ။လေး၊ ငါးရာသီလောက်သာအဲ့ဒီမှာကျွန်တော် ကစားနေခဲ့ရင်သွင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ် ” လို့အဆုံးသတ်ပြောသွားခဲ့ပါတယ်။