မိုနာကို ကွင်းလယ်လူ ဖာဘရီဂက်စ် က အာဆင်နယ် အသင်းမှာ ကစားစဉ်တုန်းက စပိန် လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ချဉ်းကပ် ကမ်းလှမ်းမှုကို အကြိမ်ကြိမ် ငြင်းဆန် ပယ်ချ ခဲ့ရကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

ဖာဘရီဂက်စ် ဟာ ဘာစီလိုနာ အသင်းရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီမှာ ခြောက်နှစ်ကြာ ကစားပြီးနောက် ၂၀၀၃ ခုနှစ်မှာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ ရောက်ရှိ လာခဲ့ပါတယ်။ ဖာဘရီဂက်စ်ဟာ အသက် ၁၆ နှစ် အရွယ်မှာတင် အာဆင်နယ် အသင်းအတွက် ပွဲထွက် ကစားခွင့် ရခဲ့ပြီး အသင်း သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမား အဖြစ်လည်း စံချိန် မှတ်တမ်း စိုက်ထူနိုင်ခဲ့ပါတယ် ။

ဖာဘရီဂက်စ် ဟာ အာဆင်နယ် အသင်းမှာ ရှစ်နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ပွဲပေါင်း ၂၀၉ ပွဲ ကစားပေးခဲ့ပါတယ် ။ ၂၀၁၁ ခုနှစ်မှာတော့ ဖာဘရီဂက်စ် ဟာ အသင်းဟောင်း ဘာစီလိုနာ အသင်းထံ ပြန်လည် ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

အခု အချိန်မှာ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဖာဘရီဂက်စ် က သူ အာဆင်နယ် အသင်းမှာ ကစားနေစဉ်တုန်းက အသင်းဟောင်း ဘာစီလိုနာ အသင်းရဲ့ မဟာ ပြိုင်ဘက် ရီးရဲလ် မက်ဒရစ် အသင်းဟာ သူ့ကို ခေါ်ယူဖို့ အကြိမ်ကြိမ် ချဉ်းကပ် ကမ်းလှမ်း ခဲ့ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

ဖာဘရီဂက်စ် က AS နဲ့ အင်တာဗျူးမှာ ” ဖလော်တီနို ပီရက်ဇ် နဲ့ကော ကယ်ဒါရွန်နဲ့ကော စကားတွေ အများကြီး ပြော ဖြစ် ခဲ့ ပါ တယ်။သူတို့က ကျနော့်ကို အသင်းမှာ လာကစားဖို့ တစ်ကြိမ် ၊ နှစ်ကြိမ်ထက် မနည်း ဆက်သွယ် ကမ်းလှမ်း ခဲ့တာပါ ။ ”

” ပထမဆုံး အကြိမ် ကမ်းလှမ်းတုန်းကဆို ကျနော့် အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သူတို့က ကျနော့်ကို လစာငွေ အမြောက်အများ နဲ့ ကမ်းလှမ်းတာပါ ၊ အဲ့အချိန်တုန်းက အာဆင်ဝင်းဂါး က ကျနော့်ကို စွန့်စားပြီး အသင်းကြီးမှာ နေရာပေးထားတာပါ ။ ဒါကြောင့် အသင်းမှာပဲ ဆက်နေသင့်တယ်လို့ ခံစားရလို့ မထွက်ခွာ ဖြစ်ခဲ့ပါဘူး။”

“ဒါပေမယ့် ရီးရဲလ်မက်ဒရစ် က ကျနော့်အပေါ် ဆက်ဆံတဲ့ပုံစံကိုတော့ ကျေနပ်မိပါတယ် ။ ကျနော် အသက် ၂၃ နှစ်လောက်မှာ ခြေသလုံး ဒဏ်ရာ အပြင်းအထန် ရတော့လည်း သူတို့က အားပေး စကားပြောပြီး သတင်း မေး ခဲ့ ပါ တယ် ။ ”

” ရီးရဲလ် မက်ဒရစ် အသင်းရဲ့ စိတ်ဝင်စားမှု အပေါ် ဝမ်းသာ ပျော်ရွှင် မိပေမယ့် ကျနော်ရဲ့ ငယ်ဘဝ အိပ်မက် ဖြစ်တဲ့ ဘာစီလိုနာ အသင်း မှာပဲ ကစားချင်ခဲ့တာပါ ။ဒါကြောင့်လည်း သူတို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချ နိုင်ခဲ့တာပါ ။ ကျနော့် အိပ်မက်တွေကိုလည်း အကောင်းဆုံး ပုံဖော် နိုင်ခဲ့ပါတယ်။” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR