မန်ချက်စတာစီးတီး ဂိုးသမား အီဒါဆင် က သူ့ရဲ့ လက်ရွေးစင် အသင်းဖော် ဖြစ်သူ အလီဆွန်ဟာ ကလပ်နဲ့ နိုင်ငံအတွက် အကောင်းဆုံး နှစ်တစ်နှစ်ကို ပိုင်ဆိုင် နိုင်ခဲ့ပြီးနောက် The Best FIFA Men’s Goalkeeper ဆုကို ဆွတ်ခူးဖို့ ထိုက်တန် တယ်လို့ ယုံကြည် နေပါတယ်။ ဘရာဇီး လက်ရွေးစင်ဟာ အလီဆွန်ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်လက ရိုးမားမှ လီဗာပူးကို ပြောင်းရွေ့ကြေး ပေါင် ၆၇ သန်း နဲ့ ရောက်လာ ခဲ့တာ ဖြစ်ပြီး အန်ဖီး ကစားသမား ဘ၀ ပထမဦးဆုံး ရာသီမှာပဲ လီဗာပူး နဲ့ အတူ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်ခဲ့ပါတယ်။

အသက် ၂၆ နှစ် အရွယ် အလီဆွန်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားဆု အပြင် ပရီးမီးယားလိဂ် ၃၈ ပွဲမှာ clean sheets ၂၁ ကြိမ်ထိ ရယူ နိုင်ခဲ့တာကြောင့် ရာသီကုန်မှာ ရွှေလက်အိတ်ဆု ကိုလည်း ဆွတ်ခူး နိုင်ခဲ့ပါတယ်။ လီဗာပူး ဂိုးသမားဟာ ပြီးခဲ့တဲ့ နွေရာသီ မှာလည်း ဘရာဇီး အသင်းကို ကိုပါအမေရိက ဖလား ဆွတ်ခူး နိုင်အောင် ကူညီ ပေးခဲ့ပြီး အလီဆွန်ဟာ ဂျီအန်လူဂျီဘူဖွန် ၊ သီဘောက်ကော်တွား တို့ပြီးနောက် ဖီဖာရဲ့ အကောင်းဆုံး ဂိုးသမားဆုကို ရရှိတဲ့ တတိယမြောက် ကစားသမား ဖြစ်လာဖို့ တစ်ပြေး နေပါတယ်။

အီဒါဆင် နဲ့ ဘာစီလိုနာ ရဲ့ မက်တာစီဂျန် တို့ကလည်း ဖီဖာ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆု အတွက် နောက်ဆုံး ဆန်ကာတင် ၃ ဦးမှာ ပါဝင် နေကြပေမယ့် စီးတီး ကြယ်ပွင့်ကတော့ သူ့ရဲ့ ဘရာဇီး အသင်းဖော် ကသာ ရေပန်း အစားဆုံးလို့ မြင်နေ ပါတယ်။

အီဒါဆင် က “ကျွန်တော်တို့ ၃ ဦးစလုံးဟာ အကောင်းဆုံး ဂိုးသမားတွေလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် အလီဆွန်ဟာ ကျွန်တော်တို့ထက် ခြေတစ်လှမ်း ပိုသာ နေတယ်လို့ ကျွန်တော် မြင်ပါတယ်။ သူဟာ ပရီးမီးယားလိဂ် မှာ အရမ်း ကောင်းခဲ့သလို ချန်ပီယံလိဂ် ဖလား ၊ ယူအီးအက်ဖ်အေ စူပါဖလား နဲ့ ကိုပါအမေရိက ဖလားတွေ ကိုလည်း ဆွတ်ခူး ထားခဲ့ပါတယ်။

ဒါ့ကြောင့် ဒီဆု ကို ဘယ်သူပဲ ရရ တကယ်ကို ထိုက်တန်လို့ ရတဲ့သူ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ကတော့ ဘရာဇီး ရဲ့ ဂိုးသမား ၂ ဦး ဒီအဆင့် ကို ရောက်လာ ခဲ့တဲ့ အတွက် ပျော်ရွှင် မိပါတယ်။” လို့ ဆိုသွားပါတယ်။

အလီဆွန်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ဖြစ်တဲ့ နော့ဝှစ် နဲ့ ပွဲစဉ်မှာ ခြေသလုံး ကြွက်သား ဒဏ်ရာ ရရှိ ခဲ့တာကြောင့် လီဗာပူး အတွက် လာမည့် အောက်တိုဘာလောက်မှ ပြန်ကစား ပေးနိုင်ဖို့ ရှိနေတဲ့ အပြင် ဘရာဇီး လက်ရွေးစင် အသင်းရဲ့ လာမည့် ခြေစမ်းပွဲစဉ်တွေ ဖြစ်တဲ့ ကိုလံဘီယား ၊ ပီရူး တို့နဲ့ ကစားရမယ့် ပွဲတွေကိုလည်း လွဲချော် ခဲ့ပါတယ်။ ဒီအတွက်ကြောင့် အီဒါဆင် အနေနဲ့ လက်ရွေးစင် အသင်းရဲ့ နံပါတ် ၁ အကျီကို ၀တ်ဆင် ရဖို့ အခွင့်အရေး ရှားရှားပါးပါး ရသွား ခဲ့ပါတယ်။

ဘင်ဖီကာ ဂိုးသမားဟောင်း အီဒါဆင် က “ကျွန်တော်တို့ အားလုံး သိထားကြတဲ့ အတိုင်း အလီဆွန်ဟာ အကောင်းဆုံး အခိုက်အတန့်မှာ ရှင်သန် နေတာပါ။ ပြီးတော့ ကျွန်တော်လည်း ကောင်းမွန်တဲ့ အချိန်တွေကို ဖြတ်သန်း နေပါတယ်။ အမှန်ပါပဲ။ ဒါဟာ အခွင့်အရေးတွေ ဖြစ်ပါတယ်။

ကစားသမား တစ်ဦး အနေနဲ့ အရာအားလုံး အတွက် ပြင်ဆင် ထား၇ပါမယ်။ ကျွန်တော်ဟာ အမြဲတမ်း ကစားခွင့် ရမယ် ဆိုတဲ့ စိတ်နဲ့ပဲ လေ့ကျင့်မှု လုပ်ပါတယ်။ ဒါ့ကြောင့် အခွင့်အရေးကို အသုံးချဖို့ ဆိုတာ ကျွန်တော့်အတွက် လွယ်ကူ ပါတယ်။ ဘရာဇီး အသင်းမှာ ကျွန်တော် ရတဲ့ အကောင်းဆုံး အခွင့်အရေးတွေ ဖြစ်လာအောင် လုပ်သွားဖို့ မျှော်လင့် ပါတယ်။ ကျွန်တော် အကောင်းဆုံး ပေးဆပ် သွားမှာပါ။” လို့ ဆိုသွားပါတယ်။

ဘရာဇီး အသင်းဟာ လာမည့် စနေနေ့ မိုင်ယာမီ ရဲ့ Hard Rock stadium မှာ ကိုလံဘီယာ အသင်းနဲ့ ကစားသွား ရမှာ ဖြစ်ပြီး နောက်ထပ် လေးရက်အကြာမှာတော့ လော့စ်အိန်ဂျယ်လိစ် မှာ ပီရူး နဲ့ ကစားသွား ၇မှာ ဖြစ်ပါတယ်။

SM