ခရစ်ဆက်တန် က မန်ချက်စတာစီးတီး အသင်းဟာ ဒီရာသီ မှာလည်း ပရီးမီးယားလိဂ် ဖလားကို ကာကွယ် သွားနိုင် လိမ့်မယ်လို့ ထောက်ခံ သွားခဲ့ပြီး ရာသီကုန်မှာ Top 4 အဖြစ် လီဗာပူး ၊ တော့တင်ဟမ် နဲ့ အာဆင်နယ် အသင်းတို့ အစဉ်လိုက် ရပ်တည် သွားလိမ့်မယ်လို့ ခန့်မှန်း သွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဥရောပ ဘောလုံးလောကရဲ့ အမြင့်ဆုံး ဆုဖလား ဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူး နိုင်ခဲ့တဲ့ အပြင် ပရီးမီးယားလိဂ် မှာလည်း ကလပ် စံချိန်တင် ရမှတ် ၉၇ မှတ်ထိ ရယူ နိုင်ခဲ့ပေမယ့်လည်း မန်စီးတီးထက် တစ်မှတ် လျော့နည်း ခဲ့တာကြောင့် ဒုတိယနေရာ နဲ့သာ ကျေနပ် ခဲ့ရပါတယ်။

မော်ရီဇီယိုဆာရီဟာ ချဲလ်ဆီး အသင်းကို ယူရိုပါလိဂ် ဖလားနဲ့ တတိယ နေရာ ရယူ ပေးခဲ့ပြီး ချန်ပီယံလိဂ် ဖိုင်နယ်ထိ တက်ရောက် နိုင်ခဲ့တဲ့ စပါး အသင်းဟာ လန်ဒန်ပြိုင်ဘက် အာဆင်နယ် အသင်းထက် တစ်မှတ် အသာရကာ ချန်ပီယံလိဂ် ၀င်ခွင့် အတွက် နောက်ဆုံး နေရာကို ရယူ နိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ရာသီနှောင်းပိုင်း ရလဒ်တွေ ဆိုးရွား ခဲ့တာကြေင့် အဆင့် ၆ နေရာနဲ့သာ ကျေနပ် ခဲ့ရပြီး ဆက်တန်က တိုက်စစ်မှုးတွေ ဖြစ်ကြတဲ့ ရိုမီလူ လူကာကူ နဲ့ အလက်ဆစ် ဆန်းချက်တို့ အင်တာမီလန် အသင်းကို ပြောင်းရွေ့ သွားခဲ့ခြင်းဟာ နည်းပြ အိုလီဂန်နာ ဆိုးရှား ကို နောက်ထပ် တစ်ကြိမ် ခက်ခဲ စေလိမ့်မယ်လို့ ယုံကြည် နေပါတယ်။

ဆက်တန် က “ပရီးမီးယားလိဂ် ဖလား အတွက် ကျွန်တော် စီးတီးကို ထောက်ခံ နေဆဲပါ။ အဲဒီနောက်မှာတော့ လီဗာပူး ၊ တော့တင်ဟမ် နဲ့ အာဆင်နယ် တို့ ရပ်တည် ကြပါလိမ့်မယ်။ ယူနိုက်တက်ဟာ Top 4 ထဲ ၀င်ဖို့ အတွက် လုံလောက်တဲ့ ကစားသမား မရှိ ပါဘူး။ အလက်ဆစ် ဆန်းချက်ကို သူတို့ ထွက်ခွာခွင့် ပြုခဲ့မှုကို ကျွန်တော် မယုံကြည် နိုင်လောက်အောင် ဖြစ်ခဲ့ ပါတယ်။ သူတို့ဟာ ရိုမီလူ လူကာကူ ကို ရောင်းထုတ် ထားပြီး ဖြစ်တဲ့ အပြင် ကစားသမား အစားထိုး ခေါ်ယူမှုလည်း မလုပ် ခဲ့ပါဘူး။ ဒါ့ကြောင့် ဆန်းချက် မထွက်ခင် ကတည်း က သူတို့ တိုက်စစ်ဟာ အားလျော့ နေပါပြီ။

အိုလီဂန်နာ ဆိုးရှားဟာ အပ်နဲ့ ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်သလို လုပ်လိုက်တယ်လို့ ကျွန်တော် ထင်နေ မိပါတယ်။ အခုဆိုရင် သူဟာ တိုက်စစ် တာဝန် အတွက် မားကပ်ရပ်ဖို့ဒ် ၊ အန်သိုနီမာရှယ် နဲ့ အသက် ၁၇ နှစ် အရွယ် မေဆင် ဂရင်းဝုဒ် တို့ကို အားထား နေရပါတယ်။ ချဲလ်ဆီး အတွက် ကတော့ ပြီးခဲ့တဲ့ နွေရာသီ က ကစားသမား ခေါ်ယူခွင့် မရှိခဲ့မှု နဲ့ အီဒင်ဟာဇက် ကို လက်လွှတ် လိုက်ရမှုကြောင့် ထိပ်ဆုံး လေးသင်းဟာ သူတို့နဲ့ အလှမ်း ဝေးနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

မာတင်ကီအွန် ကလည်း ယူနိုက်တက် တို့ top 4 ပြင်ပ နေရာနဲ့သာ အဆုံးသတ် ရမယ် ဆိုတဲ့ ခရစ်ဆက်တန် ရဲ့ စကားကို ထောက်ခံ သွားခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံ ဖြစ်မယ့် အသင်းမှာတော့ လီဗာပူးဟာ မန်စီးတီးကို အသာရ သွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

မာတင်ကီအွန်က “ကျွန်တော်ဟာ ရာသီကြို ကာလ ခန့်မှန်းမှုမှာ လီဗာပူးကို ထောက်ခံ ခဲ့ပြီး အဲဒီနောက်မှာ စီးတီး တော့တင်ဟမ် နဲ့ အာဆင်နယ် တို့ top 4 ထဲ ပါလာကြမယ်လို့ ဆိုခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ခန့်မှန်း ထားမှုဟာ အပြောင်းအလဲ မရှိသေး ပါဘူး။ ဒါပေမယ့် အဆင့်လေး နေရာ အတွက် လမ်းပွင့် နေပါတယ်။ ဘယ်သူ မဆို ဒီနေရာကို ၇ယူ နိုင်စွမ်း ရှိပါတယ်။ ယူနိုက်တက်ဟာ ရယ်စရာ ကောင်းလောင်အောင် ရမှတ်တွေ ဆုံးရှုံး နေပြီး ၀ုဖ်နဲ့ သရေ ကျခဲ့တဲ့ ပွဲမှာ သူတို့ အနိုင် ရခဲ့သင့်သလို ၊ ခရစ်စတယ်ပဲလေ့စ် နဲ့ ပွဲ ၊ အဲဒီနောက် ဆောက်သမ်တန် နဲ့ ၁-၁ ပွဲတွေမှာလည်း ရမှတ်တွေ မဆုံးရှုံး သင့်ပါဘူး။” လို့ ဆိုသွား ပါတယ်။

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ထိပ်ဆုံးမှာ ရပ်တည် နေပြီး မန်စီးတီး ကတော့ လီဗာပူး နဲ့ ၂ မှတ် အကွာ ဒုတိယ နေရာမှာ ရှိနေပါတယ်။ အာဆင်နယ် ကတော့ ရမှတ် ၇ မှတ် နဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး ယူနိုက်တက် ၊ တော့တင်ဟမ် နဲ့ ချဲလ်ဆီး တို့ကတော့ ရမှတ် ၅ မှတ်စီသာ ရထား ကြပါတယ်။

SM