အင်​တာမီလန်​ တိုက်​စစ်​မှုး​ဟောင်း ခရစ်​ရှန်​​​ဗီယာရီက သူ့အ​နေနဲ့ ခရစ်​စတီယာနို ​ရော်​နယ်​ဒို နဲ့ လီယွန်​နယ်​မက်​ဆီ တို့ ​ဘောလုံး​လောက က​နေ အနားယူ သွားမယ့်​ အချိန်​ကို ​တွေးကာ ​ကြောက်​ရွံ​နေတယ်​လို့ ဝန်​ခံသွား ခဲ့ပါတယ်​။ အက်​သလက်​တီကို ၊ လာဇီယို အသင်းတို့မှာလည်း ကစား ခဲ့ဖူးတဲ့ အီတလီလက်​​ရွေးစင်​ တိုက်​စစ်​မှုး က ဒီကစားသမား နှစ်​ဦးရဲ့ အမြင့်​ဆုံး ​ခြေစွမ်း​တွေကို ကာလရှည်​ ထိန်းထားနိုင်​မှု​ကြောင့်​ မက်​ဆီနဲ့ ​ရော်​နယ်​ဒို တို့ရဲ့ ပြိုင်​ဆိုင်​မှုဟာ အနှိုင်းမဲ့ ဖြစ်​​နေတာလို့ ယုံကြည်​ ​နေပါတယ်​။

ဗီယာရီ က “ဒါမျိုး ပြိုင်​ဆိုင်​မှုဟာ ကမ္ဘာ့​ဘောလုံး ​လောကမှာ တစ်​ကြိမ်​ တစ်​ခါမှ မဖြစ်​ဖူး ခဲ့ပါဘူး။ ပွဲစဉ်​တိုင်း ပွဲစဉ်​တိုင်းမှာ သူတို့ရဲ့ ကစားပုံ ၊ ရာသီတိုင်းမှာ ဂိုး ၄၀ ၅၀ အပြိုင်​အဆိုင်​ သွင်းယူမှု​တွေဟာ ကမ္ဘာ့​ဘောလုံး ​လောကမှာ ဖြစ်​ခဲ့ဖူးတဲ့ အရာ မဟုတ်ပါဘူး။ သူတို့ အသက်​​တွေ ရလာတဲ့ အချိန်​ ၊ သူတို့ ​ဘောလုံး​လောက က​နေ အနားယူ သွားတဲ့ အချိန်​ဟာ ကမ္ဘာ့​ဘောလုံး ​လောက အတွက်​ ​ကြေကွဲစရာ ဖြစ်​လာမှာပါ။” လို့ ဆိုသွားပါတယ်​။

ဗီယာရီ ဟာ ရီးရဲယ်​မက်​ဒရစ်​ အသင်းက မကြာ​သေးမီက ရုန်းကန်​ ​နေရမှု​တွေကိုလည်း ​ပြောခဲ့ပါ​သေးတယ်​။

ဗီယာရီ က “သူတို့ဟာ ငါးနှစ်​အတွင်း ချန်​ပီယံလိဂ်​ ဖလား ၄ကြိမ်​ ဆွတ်​ခူး နိုင်​ခဲ့ပါတယ်​။ ပြီး​တော့ တစ်​ရာသီ​လောက်​ စိတ်​​အေး လက်​​အေး ဖြစ်​သွား ကြပါတယ်​။ ကစားသမား​ ​တော်​​တော်​များများဟာ ပင်​ပန်းမှု​တွေ နွမ်းနယ်​မှု​တွေ ရှိခဲ့ကြပါတယ်​။ ကမ္ဘာ့ဖလား ပြီး​နောက်​ ဒါဟာ ဖြစ်​​လေ့ရှိတဲ့ အ​ခြေအ​နေ ပါပဲ။ ​ခြေစွမ်း မပြနိုင်​​ ခဲ့တာဟာ ရီးရဲယ်​မက်​ဒရစ်​ တစ်​သင်းလုံးပါ​။ ကစားသမား တစ်​ဦးနှစ်​ဦးပဲ မဟုတ်​ပါဘူး။” လို့ ဆိုခဲ့ပါတယ်​။

ဗီယာရီ ဟာ အက်​သလက်​တီကို အသင်းမှာ တစ်​ရာသီ ကစား ခဲ့​ပေမယ့်​လည်း လာလီဂါ ပြိုင်​ပွဲမှာ သူ့ရဲ့ ​ကောင်းမွန်​တဲ့ အမှတ်​တရ ​တွေကို ​ပြောပြသွားခဲ့ပါတယ်​။

အသက်​ ၄၆ နှစ်​အရွယ်​ အီတလီ ကစားသမား​ဟောင်းက “ကစားသမား ဘဝမှာ ကျွန်​​တော်​ အနှစ်​သက်​ဆုံး လိဂ်​လို့ အမြဲတမ်း ​ပြော​နေမှာ​က​တော့ လာလီဂါ ပြိုင်​ပွဲပဲ ဖြစ်​ပါတယ်​။ ဘာလို့လဲဆို​တော့ အသင်းတိုင်းဟာ တိုက်​စစ်​ဖွင့်​ ကစားကြပြီး ပြိုင်​ဘက်​နဲ့ တစ်​ဦးချင်း အကြိတ်​အနယ်​ ရင်​ဆိုင်​ ရပါတယ်​။ ပိုမို သန်​မာတဲ့ သူက နိုင်​တာပါပဲ။ ကျွန်​​တော်​ အက်​သလက်​တီကို ကို ​ရောက်​ရှိ ခဲ့ချိန်​မှာ သူတို့ရဲ့ ကွင်း ​ဗင်​ဆင်​တီကယ်​ဒါရွန်​မှာ ပရိတ်​သတ်​ ၅သောင်းခွဲဟာ တနင်္ဂ​နွေ​နေ့တိုင်း သီချင်း​တွေ ဆိုကြပြီး တကယ့်​ကို အံ့ဖွယ်​ မြင်​ကွင်းပါ။

ပြီး​တော့ ကျွန်​​တော်​တို့ရဲ့ ကစားပုံဟာ one-two တွဲလုံး​တွေနဲ့ အတူ ​ဘောလုံး ပိုင်​ဆိုင်​မှုကို အသား​ပေးတဲ့ ကစားဟန်​ပါ။ အဲဒီနှစ်​က ကျွန်​​တော်​ ပီချီချီ ဆုကို ရခဲ့ပါတယ်​။ ကျွန်​​တော်​ဟာ ​ပေါ်လစ္စတာ ၊ ကီကို တို့နဲ့အတူ တိုက်​စစ်​မှာ ကစားခဲ့ပါတယ်​။ ဒီကစားသမား​ကောင်း နှစ်​ဦးဟာ ကျွန်​​တော့်​ကို ဂိုး​တွေ အများကြီး သွင်းယူ နိုင်​​အောင်​ ကူညီ​ပေးခဲ့ ကြပါတယ်​။” လို့ ဆိုသွားပါတယ်​။

SM