ဒီတစ်ပတ်မှာ ကစားခဲ့တဲ့ မန်စီးတီး နဲ့ ၀က်ဖို့ဒ် အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ စတာလင် ရဲ့ အဖွင့်ဂိုး နဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ တော်တော်လေး များခဲ့ပါတယ်။

အဲဒီဂိုး မတိုင်ခင် အထိ ၀က်ဖို့ဒ်ဟာ သရေခံ ကစားနေခဲ့တာ ဖြစ်ပေမယ့် ၊ အဲဒီဂိုး သွင်းယူ အပြီးမှာတော့ နောက်ထပ် သွင်းဂိုးတွေ ဆက်တိုက်ခွင့်ပြုလိုက်ရပြီး အဝေးကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံး ပြိုင်ပွဲ ဖြစ်သည့်တိုင်အောင် ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းလွန်းတယ်လို့ ပြောဆို သံတွေ ထွက်ပေါ် လာခဲ့သလို ၊ VAR စနစ်ကို အသုံးပြု မှသာ ပုံရိပ်ကို ဆက်လက် ထိန်းထားနိုင်မှာ ဖြစ်တယ် ဆိုတဲ့ အကြံပြုချက်တွေ ပေါ်ထွက် လာခဲ့ပါတယ်။

လီဗာပူး အသင်းရဲ့ နည်းပြကြီး ကလော့ပ် ကတော့ စတာလင်ရဲ့ အဖွင့်ဂိုး နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။

” ဒီအကြောင်း ခင်ဗျားတို့ မေးလို့သာ ကျနော်က ပြန်ဖြေရမှာ ၊ တကယ်တော့ ကျနော် က ဒိုင်လူကြီးတွေ အပေါ်ကို ဖိအားပေးလိုက် လို့ရော ၊ အခြေအနေတွေ က ထူးခြား လာမှာလားဗျာ………။

ဒီအချိန်က ဘောလုံးရာသီ တစ်ခုရဲ့ အဆုံးသတ်ပိုင်းကို ရောက်လာပါပြီ ။ ဒီအချိန်မှာပဲ ဆုဖလားတွေကို ရယူဖို့ အဆုံးအဖြတ်ပေး တော့မှာပါ ၊ ဒါကြောင့် ကံတရားရဲ့ ဖေးမမှုတွေ လိုတာပေါ့ဗျာ။

ဒီကနေ့ ပွဲဆိုရင်လဲ ကျနော်တို့ ပေးလိုက်ရတဲ့ အဖွင့်ဂိုးမှာ ၊ ဒိုင်လူကြီး အန်ဒရီ မာရီနာ က ကောင်းကောင်း မြင်လိုက်ရတယ် ဆိုရင် ၊ သူလဲ ခရာမှုတ်ပြီး အရေးယူလောက်မယ် ထင်ပါတယ်။

ဒိုင်လူကြီးတွေ ဆိုတာ ပွဲတစ်ပွဲကို အကောင်းဆုံး ဖြစ်အောင်ပဲ ထိန်းကျောင်း ကိုင်တွယ်ဖို့ ကြိုးစားနေကြတဲ့ သူတွေပါ ၊ ကျနော်က ဒီလိုပဲ မြင်ပါတယ်။

မနေ့က စတာလင်ရဲ့ သွင်းဂိုး အကြောင်းပြောကြမယ် ဆိုရင် လူကျွံတယ်လို့လဲ ပြောလို့ ရသလို ၊ မကျွံဘူး လို့လဲ ငြင်းလို့ ရသေးတယ် မို့လား။ ဒါကြောင့် ဒီလို ရှုပ်ထွေးတဲ့ ပုံစံမျိုးတွေ ဘောလုံးမှာ မကြာခဏ ကြုံရလေ့ ရှိတယ်လို့ ကျနော် ပြောတာပေါ့။ မနှစ်ကဆိုရင်လဲ စပါးနဲ့ ပွဲမှာ ကျနော်တို့ အလားတူ ခပ်ဆင်ဆင် ပုံစံမျိုးနဲ့ ဂိုးပေးလိုက်ရ သေးတယ်လေ။

ဘောလုံး ပွဲ တစ်ပွဲ ရဲ့ ရှုထောင့်မျိုးက ကြည့်မယ် ဆိုရင်တော့ စတာလင်ဟာ လူကျွံပါတယ်။ ဒါပေမယ့် စည်းကြပ်ကလဲ သူနဲ့ တန်းတူ လိုက်ပါ ပြေးလွှားဖို့ဆို မဖြစ်နိုင်ဘူးလေ။

ဝက်ဖို့ဒ်က ဘောလုံး မထိလိုက်ဘူး ဆိုရင် လူကျွံတယ် ၊ ဂျန်မက်က ထိလိုက်တော့ လူမကျွံဘူး ဖြစ်သွားတာပေါ့။ တစ်ခါတလေ အနေအထားတွေက ရှုပ်ထွေးလွန်းပါတယ် ၊ နောက်ထပ်လဲ ဒါမျိုးတွေ ကြုံလာကြရဦးမှာပါ။

ကျနော်တို့တော့ အဲဒီ ကိစ္စတွေဟာ ကိုယ့်စိတ်ထဲမှာ စွဲထင်မနေအောင် ကြိုတင် ပြင်ဆင်ထားရမှာပေါ့ဗျာ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SM