မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန် နောက်ခံလူဟောင်း ဖီးလ်နဗီးက လီဗာပူး အသင်းကို ပြောင်းရွေ့ လာခဲ့ပြီးနောက်ပိုင်း အန်ဒရူးရောဘတ်ဆန် ရဲ့ ခြေစွမ်း တိုးတက်မှုကို ချီးကျူး လိုက်ပြီး လီဗာပူး ဘယ်နောက်ခံလူဟာ ဥရောပရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ ဖြစ်တယ်လို့ ယုံကြည် ထားပါတယ်။
မနေ့က အသက် ၂၅ နှစ် ပြည့်မြောက်ခဲ့တဲ့ ရောဘတ်ဆန် ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် နွေရာသီက ပရီးမီးယားလိဂ် ကနေ တန်းဆင်း ခဲ့ရတဲ့ ဟူးစီးတီး ကနေ လီဗာပူး ကို ပြောင်းရွေ့ကြေး ပေါင် ၈ သန်းထဲနဲ့ ရောက်ရှိ လာခဲ့ပြီး ၎င်းရဲ့ အန်ဖီး အပြောင်းအရွေ့ ဟာ မထင်မရှား ဖြစ်ခဲ့သလို ဘယ်သူမှလည်း သိပ်ပြီး မျှော်လင့် ထားတာ မရှိခဲ့ပါဘူး။

ရောဘတ်ဆန် ဟာ လီဗာပူး ကို စရောက်လာခါစ မှာ အယ်ဗာတို မိုရီနို ရဲ့ အရန် အဖြစ်သာ ရှိနေခဲ့ပြီး ပွဲကစားခွင့် နည်းပါး ပေမယ့်လည်း မိုရီနို ဒဏ်ရာ ရရှိ ခဲ့ပြီးနောက်ပိုင်း နေရာ ရလာခဲ့ကာ ခြေစွမ်းပြ ကစားခဲ့ပြီး အဆိုပါ အချိန်က စကာ ယာဂန်ကလော့ရဲ့ အရေးပါတဲ့ အဓိက ကစားသမား ဖြစ်လာ ခဲ့ပါတယ်။
စကော့တလန် အသင်းခေါင်းဆောင်ဟာ ဒီရာသီ လီဗာပူး အသင်းအတွက် ပွဲတိုင်းနီးပါး ပါဝင် ကစား ပေးခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘန်လေကို လီဗာပူး အသင်း ၄ ဂိုး ၂ ဂိုးနဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း ခြေစွမ်းပြ ကစားပေး ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် လီဗာပူး အသင်းဟာ ထိပ်ဆုံး ကနေ ဦးဆောင် နေတဲ့ မန်စီးတီး အသင်းကို တစ်မှတ် အကွာနဲ့ ပြန်လည် ဖိအားပေး နိုင်ခဲ့ပါတယ်။
ဖီးလ်နဗီး ကတော့ ဒီရာသီ လီဗာပူး အသင်းကို အထူး အကျိုး ပြုနေတဲ့ အန်ဒီရောဘတ်ဆန် နဲ့ အလက်ဇန်းဒါးအာနိုး တို့ရဲ့ နောက်တန်း အတွဲကို ချီးကျူး သွားခဲ့ပါတယ်။
ဖီးလ်နဗီး က “လီဗာပူးဟာ ဘန်လေနဲ့ ပွဲမှာ ကစားသမား ၇ယောက် ၈ယောက်လောက် သူတို့ရဲ့ ၁၈ ကိုက်စည်းထဲနဲ့ တစ်ဝိုက်မှာ ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း သူတို့ဟာ တောင်ပံတွေမှာ ကြီးမားတဲ့ နေရာလွတ်တွေ ရရှိခဲ့ ပါတယ်။ တောင်ပံနေရာတွေမှာ လိုအပ်တာ မြင့်မားတဲ့ စွမ်းအင်တွေ ပါပဲ။ လီဗာပူး အသင်း ပိုင်ဆိုင်ထားတဲ့ ရောဘတ်ဆန် နဲ့ အလက်ဇန်းဒါးအာနိုး တို့ဟာ မယုံကြည် နိုင်စရာ စွမ်းအင် နဲ့ ကိုက် လေး ငါးဆယ်ကို မကြာခဏ ပြေးလွှားနိုင်စွမ်း ရှိကြပါတယ်။
သူတို့ဟာ ၃ ဦးတွဲ တိုက်စစ်ကို ပြိုင်ဘက် နောက်ခံလူတွေ ဗဟိုမှာ စုသွားအောင် ကျဉ်းမြောင်းစွာ ကစားခွင့် ရစေခဲ့ပြီး သူတို့ကတော့ တောင်ပံတိုက်စစ် နေရာတွေကို သိမ်းပိုက် ထားပါတယ်။ ဒါဟာ လီိဗာပူး ကစားတဲ့ ဟန်အန်ပါပဲ။ နောက်တန်းအစွန်လူတွေ တိုက်စစ်ကို ဒီလို လိုက်ပါ ကစားတဲ့အခါ လီဗာပူး အနေနဲ့ ပင်နယ်တီ ဧရိယာထဲကို လူတွေ ပို့ထား နိုင်ပါတယ်။ ဒါကြောင့် လီဗာပူး ဟာ ဂိုးတွေ အများကြီး သွင်းယူ နိုင်တာပါ။

သူတို့ဟာ မြင့်မားတဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်ထားပြီး လီဗာပူး ရဲ့ ကစားကွက်မှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ကာ အသင်းကို အတော် မျှတစေ ခဲ့ပါတယ်။ ရောဘတ်ဆန် ကတော့ ကျွန်တော်ပရီးမီးယားလိဂ်မှာ တွေ့ခဲ့ဖူးတဲ့ ကစားသမားတွေ ထဲမှာ အတိုးတက်ဆုံး ကစားသမားလို့ ကျွန်တော် ထင်ပါတယ်။ သူ့ရဲ့ စွမ်းအင် သူ့ရဲ့ အရည်အသွေးတွေဟာ အရမ်းကို ကောင်းလှပြီး ဒီအချိန်မှာ ဥရောပရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ လို့ ထင်ပါတယ်။
အလက်ဇန်းဒါးအာနိုး နဲ့ ရောဘတ်ဆန် တို့ ရှိနေတာကြောင့် လီဗာပူး အသင်းဟာ အမှတ်ပေးဖလား ကို ဆွတ်ခူး နိုင်ဖို့ အတွက် အကောင်းဆုံး အခွင့်အရေး ရှိနေပါတယ်။ ကွင်းလယ်ဟာ အရမ်း နီးကပ်စွာ ကစားတဲ့အပြင် တိုက်စစ် ၃ဦးကလည်း နီးကပ်စွာ ကစားတာကြောင့် တောင်ပံတွေ ကနေ အသုံးချနိုင်တဲ့ သူတွေ ရှိနေရမှာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် က ဂျိမ်းစ်မီနာ နဲ့ ဂျော်ဒန်ဟန်ဒါဆန် တို့ဟာ ဒီနေရာတွေမှာ ကစား ခဲ့ပေမယ့်လည်း လီဗာပူးဟာ အလက်ဇန်းဒါးအာနိုး နဲ့ ရောဘတ်ဆန် တို့လိုမျိုး အရည်အသွေး တွေ မပေးနိုင် ခဲ့ပါဘူး။ သူတို့လို ကစားသမားမျိုးတွေ အသင်းမှာ ရှိနေတာဟာ လီဗာပူး ကို မယုံကြည်စရာ ကောင်းလောက်အောင် ညီညွတ် မျှတစေ ခဲ့ပါတယ်။
SM