ပြီးခဲ့တဲ့ နှစ်တွေ အတွင်း စပိန် လာလီဂါ ပြိုင် ပွဲနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ပရိသတ်တွေ စောင့်ကြည့်အားပေးခဲ့ရတဲ့ တိုက်စစ် အစုအဖွဲ့ ၂ ခုရှိခဲ့ပါတယ်။ဒါကတော့ ရီးရဲလ် အသင်းရဲ့ BBC ( ဘေးလ်၊ဘန်ဇီမာ၊ စီရော်နယ်ဒို ) တိုက်စစ်နဲ့ ဘာစီလိုနာ အသင်းရဲ့ MSN ( မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ ) တိုက်စစ် အတွဲပဲဖြစ်ပါတယ်။

BBC တိုက်စစ် ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ ရဲ့ အကောင်းဆုံး ဖြစ်ခဲ့ပြီးဆု ဖလားတွေကို လည်း ဆက်တိုက်ဆိုသလို ဆွတ်ခူးထားနိုင် ခဲ့ပါတယ်။ဒါပေမယ့် ဘာစီလိုနာ အသင်းရဲ့ MSN တိုက်စစ် ကလည်း သွင်းဂိုးတွေကို အံမခန်း သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ PSG အသင်းကို ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ပြောင်းသွားခဲ့တဲ့ နေမာ ကြောင့် MSN တိုက်စစ် အတွဲပျက်သွားခဲ့ရပြီး မက်ဆီ၊ ဆွာရက်ဇ် ၂ဦးတည်းသာ ဂိုးသွင်းတာဝန်ကို ထမ်းဆောင်ခဲ့ရတာဖြစ်ပါတယ်။ပိုဆိုးတာကတော့ ရီးရဲလ် အသင်းဖြစ်ပြီး၂၀၁၈နွေမှာ ရော်နယ်ဒိုကို လက်လွှတ်ခဲ့ရသလို၊ ဆက်ဆံရေးအဆင်မပြေခဲ့တဲ့ ဘေးလ်တို့ ကြောင့် ဂိုးသွင်းတာဝန်ဟာ ဘန်ဇီမာတဦးတည်းအပေါ်ကို ကျရောက်သွားခဲ့ပါတယ်။

ဒါကြောင့် လည်း ဒီပြင်သစ်သားဟာ BBC တိုက်စစ် အစုအဖွဲ့ရဲ့ ရွှေရောက်ကာလ တွေကို လွမ်းဆွတ်အမှတ်ရနေပုံပါပဲ။အတိတ်ကအကြောင်းကို အခုချိန်မှာ တခုပ်တရ ပြန်လည်ပြောပြသွားခဲ့ပါတယ်။ RMC နဲ့ အင်တာဗျူး မှာဘန်ဇီမာက –

” အဲ့ဒီတုန်းကဆို ရင် ရော့ကတ် နဲ့ တူတဲ့ ဂါရတ်လေးလ် ၊ ဂိုးသွင်းသမား ရော်နယ်ဒို တို့ ကျွန်တော်တို့ ၃ ဦးရှိခဲ့ပါတယ်။အားလုံးဟာ အကောင်းဆုံးတွဲဖက်နိုင်ခဲ့ကြပြီး အလုပ်ဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာ ဂိုးတွေ အဆုံးသတ်သွင်းယူသူက ရော်နယ်ဒိုဖြစ်ပါတယ်။ကျွန်တော်က တခြားအခန်းကဏ္ဍ မှာပါဝင်တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာတိုက်စစ် ဘယ်အစွန်မှာထွက်ကစားရင်တောင် ကျွန်တော့်အတွက်တော့သူဟာ အကောင်းဆုံး ဂိုးသွင်းသမားတဦးဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။

ဘန်ဇီမာ ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့် ကတည်းက လိုင်ယွန်ကနေပြောင်းလာခဲ့တာဖြစ်ပြီးလက်ရှိ ရီးရဲလ် အသင်းရဲ့ ဝါရင့်ကစားသမားတွေထဲက တဦးလည်းဖြစ်ပါတယ်။သူဟာ ပြင်သစ်မြေမှာရှိနေစဉ် ၁၄၈ ပွဲကစား ၆၆ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့်လည်း ယူနိုက်တက် နည်းပြ ဟောင်း ဆာအဲလက်စ် ရဲ့ စိတ်ဝင်စားမှုကိုတောင် ခံခဲ့ရဖူးတာဖြစ်ပါတယ်။

သူဟာဘာနေဗျူးကို ရောက်လာအပြီးမှာ နည်းပြ ၇ယောက်ရဲ့ လက်အောက်မှာ ကစားခဲ့ရပြီးပြီဖြစ်ပေမယ့် တိုက်စစ် ရဲ့ အရေးပါတဲ့ ကစားသမားတဦးအဖြစ် အမြဲတမ်းရှိနေခဲ့တာဖြစ်ပါတယ်။ရီးရဲလ် အသင်းသားဘဝမှာ သူ့အတွက် အမှတ်ရစရာအကောင်းဆုံးဂိုးတွေထဲက တဂိုးကတော့ ချန်ပီယံလိဂ်ဖိုင်နယ် မှာ လီဗာပူးဂိုးသမားကာရီယက်စ်ရဲ့ အမှားကနေ သွင်းယူခဲ့တဲ့ ဂိုးဖြစ်ပါတယ်။

အဆို ပါသွင်းဂိုးနဲ့ ပတ်သက်ပြီး ဘန်ဇီမာက – ” ကျွန်တော်ဟာ အဲ့ဒီ ဂိုးကို လိုအပ်ခဲ့တာ ဖြစ်ပါတယ်။ဂိုးသွင်းယူနိုင် ခဲ့တဲ့ အချိန် မှာဖြစ်ပေါ်ခဲ့တဲ့ ခံစားချက်ကလည်း ကလေးဘဝကနေ အခုထိ အကောင်းဆုံး ခံစားချက်တွေထဲ တခုဖြစ်ခဲ့ပါတယ် ” လို့ပြန်ပြောင်းပြောပြခဲ့ပါတယ်။