လီဗာပူး အသင်းရဲ့ အရေးပါတဲ့ တိုက်စစ်အတွဲ ဖြစ်တဲ့ ဆာဒီယိုမာနေး နဲ့ မိုဟာမက်ဆာလား တို့ကို လက်ရှိ နိုင်ငံတကာ ပွဲစဉ် ကာလ နဲ့ လာမည့် အောက်တိုဘာ ရဲ့ နိုင်ငံတကာ ပွဲစဉ် ကာလတွေမှာ အသင်းမှာ ထားထား နိုင်ခြင်းဟာ နည်းပြ ယာဂန်ကလော့ အတွက် ကြီးမားတဲ့ အင်အား တစ်ခုပဲ ဖြစ်ပါတယ်။

‘ကျွန်တော်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်း ရက် ၂၀ ပြည့်အောင် တစ်ခါမှ အနားမရဖူး ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီလို အခြေအနေနဲ့ အသားတကျ ဖြစ်နေ ပါတယ်။ ကျွန်တော် အဆင်သင့် ပါပဲ။’ ဒါကတော့ ၂၀၁၉-၂၀ ဘောလုံး ရာသီမစတင်မီ ရက်ပိုင်း အလိုမှာ အန်ဖီးကို ပြန်ရောက် လာခဲ့တဲ့ မာနေးရဲ့ စကားတွေ ဖြစ်ပြီး ဆီနီဂေါ စတား ရဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီဟာ လီဗာပူးကို ပြန်မရောက်မီ ၁၇ ရက် အလိုမှ ကုန်ဆုံး ခဲ့တာ ဖြစ်ပါတယ်။

ဆာဒီယိုမာနေး အတွက် ကတော့ တကယ့်ကို ရှည်လျားပြီး အားကုန် ထုတ်ခဲ့ရတဲ့ ဘောလုံး ရာသီ တစ်ခု ဖြစ်ခဲ့ပြီး လီဗာပူး အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလား အတွက် မန်ချက်စတာစီးတီး အသင်းနဲ့ နောက်ဆုံး ပွဲစဉ် အထိ ယှဉ်ပြိုင် ခဲ့ရတဲ့ အပြင် ချန်ပီယံလိဂ် ဖိုင်နယ်ကိုလည်း တက်ရောက် နိုင်ခဲ့တာကြောင့် ကလပ် အသင်းနဲ့ အတူ မေလ ၁ ရက်နေ့ အထိ ကစား ခဲ့ရပါတယ်။ ဒါ့အပြင် မာနေးဟာ အီဂျစ်မှာ ကျင်းပခဲ့တဲ့ အာဖရိဖလား မှာ ဆီနီဂေါ အသင်းနဲ့ အတူ ဖိုင်နယ်ထိ တက်ရောက် နိုင်ခဲ့တာကြောင့် ၎င်းရဲ့ ဘောလုံးရာသီဟာ ဇူလိုင်လ ၁၉ ရက်နေ့မှာသာ ကုန်ဆုံး ခဲ့ပြီး လီဗာပူးရဲ့ ရာသီကြို လေ့ကျင့်မှု အစီအစဉ်ကို သြဂုတ်လ ၅ရက်နေ့မှသာ ပြန်လည် ပူးပေါင်း နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ပွဲတွေ အများကြီး ကစား ခဲ့ရတဲ့ အပြင် နားရက် အနည်းငယ်သာ ရခဲ့တဲ့ ဆီနီဂေါ စတားဟာ နော့ဝှစ် နဲ့ သြဂုတ်လ ၉ ရက်နေ့မှာ ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လီဗာပူး အတွက် ၇၄ မိနစ်မှာ လူစားဝင် ကစား ခဲ့ပြီး အဆိုပါ ပွဲနောက်ပိုင်း ကစားခဲ့တဲ့ ၄ ပွဲစလုံး ပွဲထွက် ပါဝင် ထားခဲ့ပါတယ်။

ယာဂန်ကလော့ဟာ သူ့ကစားသမား ရဲ့ ကျန်းမာ ကြံ့ခိုင်မှု အတွက် သတိကြီးကြီး ထားကာ အသုံးပြု လျက်ရှိနေပါတယ်။ ဒါပေမယ့် လီဗာပူး မန်နေဂျာ အနေနဲ့ ယခု နဲ့ လာမည့် နိုင်ငံတကာ ပွဲစဉ် ကာလမှာ မဲဝုဒ်မှာပဲ ပွဲပန်းမှုဒဏ်တွေ ပြန်လည် ကုစားပေး နိုင်မယ့် အခွင့်အရေးတွေ ရနေပြီ ဖြစ်ပါတယ်။ အကြောင်းရင်း ကတော့ မာနေး သာမက ၎င်းရဲ့ တွဲဖက် တိုက်စစ်မှုး မိုဟာမက်ဆာလား တို့ဟာ လာမည့် နိုဝင်ဘာလ ဒီရာသီ ရဲ့ တတိယမြောက် နိုင်ငံတကာ ပွဲစဉ် ကာလ မတိုင်မီအထိ လက်ရွေးစင် အသင်း အတွက် ကစားပေးဖို့ မလိုတာကြောင့် ဖြစ်ပါတယ်။ အကြောင်းရင်း ကတော့ Africa Nations Championship ကြောင့်ပဲ ဖြစ်ပြီး Africa Nations Cup တော့ မဟုတ်ပါဘူး။

Africa Nations Cup ဆိုတာ ကတော့ ပြီးခဲ့တဲ့ နွေရာသီက အီဂျစ်မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲ ဖြစ်ပြီး ခြေစစ်ပွဲအောင် ထားတဲ့ အာဖရိက နို်င်ငံတွေရဲ့ အကောင်းဆုံး ကစားသမားတွေ ပါဝင် ဆင်နွှဲ ခဲ့ကြတဲ့ ပြိုင်ပွဲ ဖြစ်ကာ ရီရက်မာရက်ဇ် ရဲ့ အယ်ဂျီးရီးယားဟာ ဖိုင်နယ်မှာ ဆီနီဂေါကို နိုင်ကာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

Africa Nations Championship ကတော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ပြည်တွင်း National League မှာ ကစားနေတဲ့ သူတွေကိုသာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပြုတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ Africa Nations Championship ပြိုင်ပွဲကို လာမည့်နှစ် ဇန်န၀ါရီကနေ ဖေဖော်ဝါရီလ ကျင်းပ သွားမှာ ဖြစ်ပြီး ဒီပြိုင်ပွဲဟာ အရင် ဥရောပ ကလပ်တွေ အခက်တွေ့လေ့ ရှိတဲ့ Africa Nations Cup နေရာမှာ အစားထိုး ကျင်းပတာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် လီဗာပူးအသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် Africa Nations Cup အတွက် မာနေး ကို လက်လွှတ် ခဲ့ရတာကြောင့် ရလဒ်တွေ ဆိုးရွားပြီး ချန်ပီယံလမ်းကြောင်း ပေါ်ကနေ သွေဖယ် သွားခဲ့ဖူးတဲ့ သာဓက ရှိခဲ့ပါတယ်။

ဒါပေမယ့် ဆောက်သမ်တန် ကစာသမားဟောင်းဟာ လာမည့် စက်တင်ဘာ ၁၉ ရက်နေ့ နာဘီကီတာ ပါလာမှာ မဟုတ်တဲ့ ဂီနီယာ နဲ့ Africa Nations Championship ခြေစစ်ပွဲ ပထမအကျော့နဲ့ အောက်တိုဘာ ၁၈ ရက်နေ့ ဂီနီယာ ကွင်းမှာ ကစားရမယ့် ဒုတိယ အကျော့ ပွဲစဉ်တွေမှာ ပါဝင် ကစား သွားမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဆီနီဂေါ အတွက် မာနေး ရဲ့ လာမည့် ပွဲစဉ်ဟာ နိုဝင်ဘာလ ၁၁ ရက်နေ့ ကွန်ဂိုနဲ့ ကစား ရမယ့် အာဖရိကဖလား ခြေစစ်ပွဲပဲ ဖြစ်ပါတယ်။

အီဂျစ် အသင်းကတော့ Africa Nations Championship ကို ၀င်ရောက် ကစား သွားမှာ မဟုတ်တာကြောင့် လာမည့် အောက်တိုဘာ နိုင်ငံတကာ ပွဲစဉ် ကာလမှာ ခြေစမ်းပွဲတွေ စီစဉ်သွားဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း လီဗာပူး တိုက်စစ်မှုး ဆာလား ကတော့ လာမည့် နိုဝင်ဘာ ၁၁ ရက်နေ့ ကင်ညာ နဲ့ ကစားရမယ့် အာဖရိကဖလား ခြေစစ်ပွဲမှသာ အီဂျစ်နဲ့ ပြန်လည် ပူးပေါင်း သွားမှာ ဖြစ်ပါတယ်။

ဒါဟာ ဒီရာသီ နောက်ထပ် ဆုဖလား ၅ ခု အတွက် တိုက်ပွဲ ၀င်သွားရမယ့် လီဗာပူး အတွက် ကောင်းမွန်တဲ့ သတင်း တစ်ခု ဖြစ်ပြီး လီဗာပူးဟာ လက်ရှိ ပရီးမီးယားလိဂ် ၄ ပွဲ ကစားပြီးချိန်မှာ ၄ ပွဲစလုံး အနိုင်ရထားကာ လက်ရှိ နိုင်ငံတကာ ပွဲစဉ်တွေ ပြီးနောက် နယူးကာဆယ်ကို အိမ်ကွင်းမှာ ရင်ဆိုင် သွားရမှာပါ။