မိုက်ကယ်အိုဝင်က မိုဟာမက်ဆာလား ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အမူအကျင့်ဟာ လီဗာပူး အတွက် ပြသနာ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး ဘန်လေ နဲ့ ပွဲမှာ ဆာဒီယိုမာနေး ရဲ့ လူသိရှင်ကြား စိတ်ပျက်လက်ပျက် ဖြစ်ခဲ့မှုဟာ မကြာခင်မှာပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားလိမ်မယ်လို့ သုံးသပ် လိုက်ပါတယ်။ ဆီနီဂေါ တိုက်စစ်မှုးဟာ တပ်မိုးမှာ လီဗာပူးတို့ ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ် အတွင်း သူ့ရဲ့ တွဲဖက် တိုက်စစ်မှုးရဲ့ လုပ်ပုံတွေကို မကျေမနပ် ဖြစ်ကာ ပေါက်ကွဲ ခဲ့ပါတယ်။

မာနေးဟာ ဒုတိယပိုင်း သူ့ကို လူစားလဲပြီးချိန်မှာ သူ့ရဲ့ ခံစားချက်တွေကို ထုတ်ဖော် သွားခဲ့တာ ဖြစ်ပြီး နည်းပြ ယာဂန်ကလော့ အနေနဲ့ ဒီပြသနာ ကို အမြန်ဆုံး ပြီးဆုံးစေဖို့ ရှင်းလင်း ခဲ့ရပါသေးတယ်။ လီဗာပူး တိုက်စစ်မှုးဟောင်း အိုဝင်ကတော့ ဒါဟာ ဆိုးရွားတဲ့ အရာမဟုတ်ဘဲ ဂိုးသွင်းရှင်တွေ အနေနဲ့ တစ်ကိုယ်ကောင်း ဆန်ဆန် မကစားတဲ့ သူတွေနဲ့ တွဲဖက် ကစားရတဲ့ အခါ အနည်းငယ် တစ်ကိုယ်ကောင်း ဆန်မှု ရှိဖို့လိုတယ်လို့ ယူဆ နေပါတယ်။

အိုဝင်က “လီဗာပူးရဲ့ သုံးဦးတွဲ တိုက်စစ်ကို ကြည့်လိုက်ပါ။ ကမ္ဘာ့တစ်ကိုယ်ကောင်း မဆန်ဆုံး ကစားသမား ဖြစ်တဲ့ ရော်ဘတ်တိုဖာမီနို လို ကစားသမားမျိုး ရှိနေပြီး သူဟာ အားလုံးအတွက် ပခုံးထမ်းပေးမယ့် သူပါ။ ဒါ့ကြောင့် သူ့လို လူမျိုးနဲ့ တွဲဖက်ကစားဖို့ ဘယ်သူမဆို အိမ်မက်မက်ကြမှာပါ။ အခြား တစ်ဖက်မှာတော့ မိုဟာမက်ဆာလား ရှိနေပြီး သူဟာ ဂိုးသွင်းဖို့ နဲ့ ဂိုးသွင်းသူ ဖြစ်ဖို့သာ အာရုံစိုက်ပါတယ်။ အဲဒီနောက် ဆာဒီယိုမာနေး ရှိပါတယ်။ သူဟာ ကြားနေ ဖြစ်ပါတယ်။ ဂိုးသွင်းရတာ နှစ်သက်သလို လိုအပ်ရင် တစ်ကိုယ်ကောင်း ကစားပါတယ်။ ဒါပေမယ့် သူဟာ ဘောလုံး ပေးပို့မှုတွေလည်း ရက်ရောတဲ့ သူပါ။

ကျွန်တော် ကတော့ လီဗာပူး ရဲ့ တိုက်စစ်ဟာ အရမ်းကို ညီညွတ်မျှတတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံတော့ သွေးဆူတာတွေ ရှိတက်ပါတယ်။ ဘန်လေနဲ့ လီဗာပူး ပွဲကို ကျွန်တော် တီဗီကနေ ကြည့်ဖြစ်ခဲ့ ပါတယ်။ ဆာလား ဘောလုံး ထိုးပေးသင့်တဲ့ အခါတွေ ရှိတယ်လို့တောင် ကျွန်တော် ပြောခဲ့ ပါသေးတယ်။ အမှန်ပါပဲ။ ဒါဟာ ပေါက်ကွဲ သွားခဲ့တာပါ။ ဒါမျိုး နည်းအမျိုးမျိုး နဲ့ လာနိုင်တယ် ဆိုတာ ကျွန်တော် နားလည်ခဲ့ပါတယ်။ ဒီလို ပြသနာတွေဟာ တစ်ချိန်လုံး ဖြစ်နေတာပါ။ အားလုံးကို ချောမွေ့ သွားစေဖို့ဟာ ကလော့ရဲ့ အလုပ် ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်မှုး တစ်ဦး အနေနဲ့ အရာအားလုံး မျှတမှု ရှိဖို့ လိုတယ်လို့ ကျွန်တော် ထင်ပါတယ်။

တိုက်စစ်မှာ တစ်ကိုယ်ကောင်း မဆန်တဲ့ ကစားသမား တစ်ဦး နဲ့ တစ်ကိုယ်ကောင်း ဆန်တဲ့ ကစားသမား တစ်ဦး ရှိနေရပါမယ်။ မဟုတ်ရင် ဂိုးတွေ ရမှာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ဟက်စကီး နဲ့ တွဲဖက်ကစား ရတဲ့ အခါ အမြဲတမ်း အကောင်းဆုံး လုပ်နိုင်လေ့ ရှိပါတယ်။ သူဟာ တကယ့်ကို တစ်ကိုယ်ကောင်း မဆန်တဲ့ သူဖြစ်ပြီး ကျွန်တော် ကတော့ တစ်ကယ် တစ်ကိုယ်ကောင်း ဆန်တယ်လို့ ပြောရမှာပါ။ ဒါပေမယ့် ကျွန်တော့်ကိုသာ နောက်ထပ် တစ်ကိုယ်ကောင်း ဆန်ဆန် ကစားပြီး ဂိုးဆာလောင်တဲ့ တဲ့ တိုက်စစ်မှုးနဲ့ တွဲဖက် ပေးလိုက်မယ် ဆိုရင် အသင်းရဲ့ တိုက်စစ်ဟာ ဒီလို အလုပ်ဖြစ်မှာတော့ မဟုတ်ပါဘူး။” လို့ ဆိုသွားပါတယ်။

လီဗာပူး အသင်း ဘက်ကလည်း မာနေး နဲ့ ဆာလား တို့ရဲ့ ပြသနာကို အလျှင်အမြန် ချုပ်ငြိမ်းအောင် အားထုတ် ခဲ့ပြီး အိုဝင်ကလည်း ဒါဟာ အန်ဖီးမှာ စိုးရိမ်စရာ ပြသနာ ဖြစ်လာမယ်လို့ မမျှော်လင့် ထားပါဘူး။

အင်္ဂလန် တိုက်စစ်မှုးဟောင်းက “ဒါဟာ သိပ်ပြီး ကြာမယ့် ပြသနာ မဟုတ်ပါဘူး။ နောက်တစ်ကြိမ် ဆာလား ဘောလုံး ရခဲ့မယ် ဆိုရင် သူ့အနေနဲ့ အခြားသူ တစ်ဦးက ပိုမိုကောင်းမွန်တဲ့ အနေအထားမှာ ရှိနေမယ် ဆိုရင် ဘောလုံး ပေးပို့ရမယ် ဆိုတဲ့ သတိတော့ ၀င်သွားမှာပါ။ အကယ်၍ သူလုပ်ခဲ့မယ် ဆိုရင် ဒီကိစ္စကို အားလုံး မေ့သွား ပါလိမ့်မယ်။ ဒါပေမယ့် ဒီကစားသမားတွေဟာ အမြင့်ဆုံး အဆင့်မှာ ကစားနေကြတဲ့ သူတွေဖြစ်ပြီး အသေးအဖွဲလေးတွေဟာ ဖြစ်တက်ပါတယ်။ အသင်းတိုင်း ဒီလို ကိစ္စမျိုး တစ်ချိန်လုံး ဖြစ်နေတာပါ။

ကလော့ အတွက် ကံမကောင်းတာ ကတော့ ဒါဟာ ကင်မရာတွေ ရှေ့မှာ ဖြစ်သွားခဲ့တာ ဖြစ်ပြီး သူဟာ ဒီကိစ္စကို သေးငယ်သွားအောင် လုပ်ခဲ့၇ပါတယ်။ ဒါပေမယ့် ဒီလိုဟာမျိုးဟာ ကလပ်တိုင်းမှာ တစ်ချိန်လုံး ဖြစ်နေတဲ့ အရာပါ။ တစ်ခါတစ်ရံ ငြင်းခုန်မှုတွေဟာ ကောင်းမွန်တဲ့ အရာတွေ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြသနာကို သတိပြုမိသွား စေတဲ့ အရာ မို့လို့ပါ။

ကျွန်တော်တို့ ပြောနေကြတာဟာ တစ်နှစ်မှာ ကိုးလ ဆယ်လလောက် အတူတကွ ရှိနေကြတဲ့ လူ ၂၅ ဦး ရှိတဲ့ အသင်းအကြောင်းပါ။ ဒါ့ကြောင့် ဒီလို အတူရှိနေမှုဟာ အမြဲတမ်း ငြင်းခုန်မှုတွေ ၊ ပွတ်တိုက်မိတာတွေတော့ ရှိမှာပါပဲ။ လူတိုင်း အဆင်ပြေနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အားလုံး တစ်သားတည်း ဖြစ်ဖို့က မန်နေဂျာ ရဲ့ အလုပ်ပါပဲ။” လို့ ဆိုသွားပါတယ်။

SM