အင်္ဂလန် နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ကလပ် အသင်းပြိုင်ပွဲကြီး ဖြစ်တဲ့ ပထမတန်း ပြိုင်ပွဲကို ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲ ကျင်းပလာခဲ့တာ ၂၇ နှစ် တာကာလအတွင်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။ဒီအတောအတွင်းမှာ ကစားသမားကောင်းတွေ အများအပြားကို အားလုံးက မြင်တွေ့ခဲ့ရပြီးလည်းဖြစ်ပါတယ်။

အဆိုပါကာလအတွင်းမှာပြိုင်ပွဲဝင် အသင်းတွေကို ကိုင်တွယ်ခဲ့ကြတဲ့နည်းပြ ပေါင်းဟာ လည်း စုစုပေါင်း ၄၀၀ ကျော်အထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။ QPR အသင်းကို တရက်သာကိုင်တွယ်ခွင့်ရခဲ့တဲ့ မက်ဘိုဝင်၊ စပါးအသင်းကို တရက်သာနည်းပြခွင့်ရခဲ့တဲ့ ကလစ်ဗ်အလန် တို့လို နည်းပြတွေကိုမြင်တွေ့ထားခဲ့ရသလို အာဆင်နယ်အသင်းကို ၈၂၈ပွဲအထိ ကိုင်တွယ်ခွင့်ရခဲ့တဲ့ နည်းပြတွေလည်းရှိခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် သမိုင်းမှာ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ယူနိုက်တက်ရဲ့နည်းပြ ဟောင်း ဆာအဲလက်စ်ကို အအောင်မြင်ဆုံးနည်းပြ လို့ ယေဘုယျသတ်မှတ်နိုင်ပေမယ့် သူ့နည်းတူ ဘယ်နည်းပြတွေက အကြီးကျယ်အခန်းနားဆုံးဆိုတာကို အောက်ပါအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။

၁၀။ ပိုချက်တီနို ( စပါး )

အနည်းငယ် လောက်သော ဘတ်ဂျက် ပမာဏ မျိုးသာ သုံးစွဲခွင့်ရခဲ့ပေမယ့် ပိုချက်တီနိုဟာ စပါးအသင်းကို ဥရောပရဲ့ စောင့်ကြည့်ချင်စရာအကောင်းဆုံးအသင်းတသင်း အသွင်ပြောင်းပေးထားခဲ့တာ
ဖြစ်ပါတယ်။သူစတင်ရောက်ရှိချိန်ကစတင်ပြီးစပါးအသင်းဟာ အဆင့် ၅အောက်ကို တနှစ်မှာ မရောက်ခဲ့သေးပဲ ချန်ပီယံဆုနဲ့ လက်တကမ်းအကွာအနေအထားကိုတောင်ရောက်ခဲ့ဖူးတာဖြစ်ပါတယ်။ပြည်တွင်းမှာလူရိုသေရှင်ရိုသေအနေအထားမျိုးဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို အသင်းသမိုင်းမှာပထမဆုံးအဖြစ် ချန်ပီယံလိဂ်ဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့လို့ ဒီစာရင်းမှာ ပါဝင်ဖို့ ထိုက်တန်တာဖြစ်ပါတယ်။

၉။ ကွန်တီ ( ချဲဆီးလ် )

စတန်းဖို့ဒ်ဘရစ်ခ်ျ ကိုကွန်တီမရောက်မီ အရင်ရာသီ မှာ ချဲဆီးလ် အသင်းက အဆင့် ၁၀ နဲ့ ရာသီသိမ်းထားခဲ့ရတာဖြစ်ပါတယ်။သူ့ရဲ့ လက်ထက်ရာသီသစ် မှာ ပွဲအနည်းငယ် ကစားအပြီး အသင်းရဲ့ ကစားကွက်ကို အပြောင်းအလဲလုပ်ပေးလိုက်ချိန်မှာတော့ ချန်ပီယံဆုကို ပါဆွတ်ခူးစေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်နောက်ထပ်ရာသီမှာတော့သူ့ရဲ့ ချဲဆီးလ်အသင်းဟာ အဆင့်၅နေရာသာရခဲ့သလို ကော်စတာနဲ့ ဖြစ်ခဲ့တဲ့ ပြသနာတွေကြောင့် ရာထူးကနေထုတ်ပယ်ခံခဲ့ရပါတယ်။ပရီးမီးယားလိဂ်ကိုစရောက်တဲ့အဖွင့်ရာသီမှာကွန်တီလို စွမ်းဆောင်နိုင်သူ သိပ်များများစားစားမရှိတာဖြစ်ပါတယ်။

၈။ ဒဲလ်ဂလစ်ခ်ျ ( ဘလက်ဘန်း)

ပရီးမီးယားလိဂ်ကို အားပေးတာသိပ်မကြာသေးတဲ့ လူငယ်တွေကတော့ သူ့ကို သိပ်အမှတ်ရကြမှာ မဟုတ်ပါဘူး။သူဟာ ၁၉၉၄-၉၅ရာသီမှာ ဘလက်လန်း အသင်းကိုပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးနိုင်ခဲ့ပေမယ့် အများကတော့ လီဗာပူးအသင်းနဲ့ အတူသူ့ရဲ့ ကျရှံးမှုတွေကို သာသိမီကြတာဖြစ်ပါတယ်။ဒါတောင် ပရီးမီးယားလိဂ်လို့ အမည်မပြောင်းခင်မှာ လီဗာပူး အသင်းကို သူရယူပေးခဲ့တဲ့ ပြည်တွင်းလိဂ်ချန်ပီယံဆု ၆ကြိမ် နဲ့ ဥရောပဖလား ၃လုံးတို့ကို ရယူပေးခဲ့ဖူးတာကို ထည့်မတွက်ထားသေးတာဖြစ်ပါတယ်။ဆာအဲလက်စ်ရဲ့ ယူနိုက်တက် ကိုကျော်ဖြတ်ပြီးချန်ပီယံရယူပေးနိုင်ခဲ့တဲ့ သူ့ရဲ့ စွမ်းဆောင်မှုတခုတည်းနဲ့တင် အခုစာရင်းပါဝင်ဖို့ ထိုက်တန်တာဖြစ်ပါတယ်။

၇။ ရာနေးရီ ( လက်စတာ )

ချဲဆီးလ် အသင်းကို ကိုင်တွယ်ခဲ့တဲ့ လေးရာသီ အတွင်းမှာ အဆင့် ၂ နေရာသာအမြင့်ဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်
လက်စတာ အသင်းနဲ့ အတူဖြစ်နိုင်ခြေ ၅၀၀၀/၁ အနေအထားမျိုးမှာ ချန်ပီယံဆုကို ရယူပေးခဲ့တာဖြစ်ပါတယ်။၂၀၁၅-၁၆ ရာသီမှာ သူ့ရဲ့ အဆိုပါအံ့မခန်း စွမ်းဆောင်ပေးမှုဟာကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အံ့သြစရာဖြစ်ရပ်တွေထဲက တခုအဖြစ်လည်း မှတ်တမ်းဝင် နေပါတယ်။

၆။ ကလော့ပ် ( လီဗာပူး )

အင်္ဂလန် ရဲ့ အထင်ကရ အသင်းကြီးတသင်းဖြစ်တဲ့ လီဗာပူး တို့ဟာပရီးမီးယားလိဂ် ချန်ပီယံ ဆုကိုတော့ ရယူဖူးခြင်းမရှိသေးတာဖြစ်ပါတယ်။ဒါပေမယ့် ဒီဂျာမန် သားရောက်လာအပြီးမှာတော့ ချန်ပီယံ ဆုကြီးနဲ့ တဖြည်းဖြည်းနီးစပ်လာခဲ့တာဖြစ်ပါတယ်။ယမန်နှစ်ရာသီမှာ ၉၇မှတ်အထိရရှိခဲ့ပြီး ချန်ပီယံမန်စီးတီးရဲ့ နောက် ၁မှတ်အကွာနဲ့ ကပ်လွဲခဲ့ရတာဖြစ်ပါတယ်။ဒီရာသီမှာလည်း အမှတ်ပေးဇယားထိပ် ဆုံး မှာရှိနေအောင်ဦးဆောင်ပေးထားပြီး ချန်ပီယံဆုကိုသာရယူပေးနိုင်ခဲ့ပါက အခုစာရင်းရဲ့ အထက်ပိုင်းကို တက်လှမ်းနိုင်ဦးမှာဖြစ်ပါတယ်။

ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်။

SM