ဘရာဇီး ကလပ် ဂရီမီယို အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်သူက ချန်ပီယံလိဂ် ဖလား ဆုရှင် လီဗာပူး အသင်းနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ရင်ဆိုင် ရနိုင်ခြေ ရှိတဲ့ အရေးဟာ သူတို့ကို ကြောက်ရွံ့မှု မဖြစ်စေဘူးလို့ ဆိုသွား ခဲ့ပါတယ်။ လီဗာပူး အသင်းဟာ လာမည့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ် မတိုင်မီ ကာတာ နိုင်ငံကို ထွက်ခွာ ရမှာ ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲဟာ တိုက်အသီးသီးက ချန်ပီယံတွေ နဲ့ အိမ်ရှင် နိုင်ငံက အသင်းတို့ ပါဝင် ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ အဆိုပါ ပြိုင်ပွဲကို လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က ကစားခွင့် ရရှိ ခဲ့ပေမယ့်လည်း ဖိုင်နယ်မှာ ဆာအိုပေါ်လို အသင်းကို ရှုံးနိမ့် ခဲ့တာကြောင့် ဒုတိယနဲ့သာ ကျေနပ် ခဲ့ရပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလားဟာ လီဗာပူး အသင်း တစ်ကြိမ်မှ ဗိုလ်မစွဲဖူးသေးတဲ့ ပြိုင်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်။

ယာဂန်ကလော့ရဲ့ ဥေ၇ာပ ချန်ပီယံ အသင်းဟာ လာမည့် ဒီဇင်ဘာလ မှာ ကျင်းပမယ့် အဆိုပါ ပြိုင်ပွဲ အတွက် ရေပန်း အစားဆုံး ဖြစ်နေ ပေမယ့်လည်း ဂရီမီယို အသင်းရဲ့ အကြီးအကဲ ဖြစ်တဲ့ ရိုမီဒို ဘိုဇန်ဂျူနီယာ ကတော့ လီဗာပူး အသင်းဟာ ချန်ပီယံလိဂ် ဖလား ကို ၃ ကြိမ်ဆက် ဆွတ်ခူး နိုင်ခဲ့တဲ့ ရီးရဲယ်မက်ဒရစ် အသင်းလောက် သူတို့ကို ခြိမ်းခြောက်မှု ပေးစွမ်း နိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

ဂရီမီယို ဥက္ကဋ္ဌ က Sport Witness သို့ ပြောကြား သွားခဲ့ရာမှာ “အမြဲတမ်း လိုလိုပဲ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်း ကတော့ ဥရောပ အသင်းတွေ ပါပဲ။ သေချာ တာကတော့ လီဗာပူး အသင်းဟာ ကျွန်တော်တို့ ရင်ဆိုင် ခဲ့ဖူးတဲ့ ရီးရဲယ်မက်ဒရစ် အသင်းလောက် ကြောက်ရွံ့မှု မပေးစွမ်း နိုင်ပါဘူး။ လီဗာပူး အသင်းဟာ အနိုင်ယူလို့ ရနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အတွက် ၊ ဖလာမင်ဂိုး အတွက် ၊ ဘိုကာဂျူနီယာ အတွက် ၊ ရေဗားပလိတ် အတွက် ဒီလိုမျိုး ပါပဲ။ ရီးရဲယ်မက်ဒရစ် အသင်းဟာ ကြယ်စင်စု အသင်း ဖြစ်ခဲ့ပြီး တကယ့် ဘောလုံး ကြယ်ပွင့်တွေနဲ့ ဖွဲ့စည်း ထားတဲ့ အသင်း ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း ဂရီမီယို အသင်းဟာ လက်ရှိမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရတဲ့ အသင်း တစ်သင်း မဟုတ်သေးဘဲ တောင်အမေရိကတိုက်ရဲ့ ကိုပါ လီဘာတေးတိုး ဖလား ပြိုင်ပွဲဟာ ဆီမီးဖိုင်နယ် အဆင့်ပဲ ရှိသေးပြီး နောက်ဆုံး လေးသင်း အဆင့် ပွဲစဉ်တွေကို လာမည့် အောက်တိုဘာလမှာ ကစား သွားရမှာ ဖြစ်ပါတယ်။

ဂရီမီယိုဟာ ကိုပါ လီဘာတေးတိုး ဖလားရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ ဘရာဇီး ပြည်တွင်း ပြိုင်ဘက် ဖလာမင်ဂိုး အသင်းနဲ့ တွေ့ဆုံ နေပြီး အခြား ဆီမီးဖိုင်နယ် ပွဲစဉ် ကလည်း အာဂျင်တီးနား ထိပ်တန်း အသင်း နှစ်သင်း ဖြစ်တဲ့ ဘိုကာဂျူနီယာ နဲ့ ရေးဗားပရိတ် အသင်းတို့ ယှဉ်ပြိုင် ရမှာ ဖြစ်တာကြောင့် ဆီမီးဖိုင်နယ် ဟာ အတော် အကြိတ်အနယ် ဖြစ်မယ့် အပြင် ဖိုင်နယ် ကလည်း တောင်အမေရိကရဲ့ ခါးသီးပြိုင်ဘက် နိုင်ငံ ၂ ခုရဲ့ ကလပ်တွေ ထိပ်တိုက် တွေ့ဆုံ နေမှာ ဖြစ်တာကြောင့် သမိုင်းဝင် ပွဲတွေ ဖြစ်လာ နိုင်ပါတယ်။

လီဗာပူး အသင်းဟာ ဒီပြိုင်ပွဲကို ၀င်ရောက် ဆင်နွှဲ သွားမှာ ဖြစ်တာကြောင့် လာမည့် ဒီဇင်ဘာ ၂၁ ရက်နေ့ ၀က်ဟမ်း ကို အဝေးကွင်းမှာ သွားကစား ရမယ့် ပွဲစဉ်ကို ရွှေ့ဆိုင်း သွားရမှာ ဖြစ်ပါတယ်။

SM