မနေ့ညက UFC Lightweight ချန်ပီယံ ဆုကို အငြင်းပွားဖွယ်ရာ မရှိ ဆက်လက် ထိန်းသိမ်းသွားခဲ့တဲ့ ရုရှား ဖိုက်တာ ခါဘီ ကတော့ ပွဲကို ကော်နာ နဲ့ ပွဲက ပြီးဆုံးခဲ့တဲ့ ပုံစံမျိုး နဲ့ လုံးဝ မတူပဲ ၊ ဖိုက်တာ တစ်ယောက် နဲ့ တစ်ယောက် အပြန်အလှန် လေးစားမှု အပြည့်ထားတဲ့ ပုံစံနဲ့ အဆုံးသတ်ပြသွားခဲ့ပါတယ်။

ဒီပွဲမှာလဲ သူဟာ ထုံးစံအတိုင်း ချုပ်ကွက်နဲ့ အနိုင်ယူသွားခဲ့တာ ဖြစ်ပြီး ၊ 3 ချီမြောက်မှာ ပိုရီရာက သူ့လည်ပင်းကို ချုပ်ထားတဲ့ အကြားက ရအောင် ရုန်းထွက်ကာ ၊ ပြိုင်ဘက်ရဲ့ လက်ပင်းကိုပဲ ရအောင် ပြန်ချုပ်ကာ အနိုင်ယူ သွားခဲ့တာပါ။

ပွဲအပြီးမှာတော့ MMA ဖိုက်တာတွေ လုပ်ဆောင်ခြင်း မရှိတဲ့ ပုံစံတစ်ခုကို စတင်လုပ်ဆောင်လာခဲ့ပါတယ်။ အဲဒါကတော့ ဘောလုံးသမားတွေ ပွဲပြီးရင် ၊ ဂျာစီ လဲလှယ်တဲ့ အလေ့အထ တစ်ခုကို ၊ အတုယူကာ ၊ ခါဘီ က ပိုရီရာ နဲ့ ဂျာစီချင်း လဲလှယ်ပြီး ၊ ပြိုင်ဘက် ရဲ့ ဂျာစီကို ၀တ်ဆင်ကာ အောင်ပွဲခံပြသွားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ပြိုင်ဘက်ကို လေးစားမှု အပြည့်ထားတယ် ဆိုတဲ့ အဓိပ္ပါယ်ကို ပြသရင်း အကောင်အထည် ဖော်သွားခဲ့တာ ဖြစ်ပြီး ၊ ကော်နာ မက်ဂရီကော် နဲ့ ထိုးသတ်ခဲ့စဉ်က ကျဆင်းခဲ့တဲ့ သူ့ရဲ့ ပုံရိပ်တွေကို ပြန်လည် ဆယ်ယူသွားခဲ့တာလဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရုရှား ဖိုက်တာကြီးက သူ့အနေနဲ့ ပိုရီရာ ရဲ့ ဂျာစီကို လေလံတင်ကာ ရောင်းချသွားမှာ ဖြစ်ကြောင်း အံ့အားသင့်စရာ ပြောဆိုလာခဲ့သလို ၊ အဲဒီကနေ ရရှိလာမယ့် ငွေတွေကိုလဲ ပိုရီရာ တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းထံ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ကြေငြာလိုက်ပါတယ်။

ကွင်းအတွင်း ၀င်ရောက်လာတဲ့ ပရိသတ် အများစုဟာ ခါဘီ ရဲ့ မထင်မှတ်ထားတဲ့ လုပ်ရပ်ကြောင့် တော်တော်လေး အံ့အားသင့်သွားကြပြီး ၊ ကောင်းမွန်တဲ့ သူ့ရဲ့ လှူဒါန်းမယ့် အစီအစဉ်ကြောင့်လဲ လက်ခုပ်သြဘာ ၀ိုင်းဝန်း ချီးမြှင့်သွားခဲ့ကြပါတယ်။

ပိုရီဟာ ကမ္ဘာကျော် အားကစား သမားတွေ အများစု ရဲ့ လုပ်ဆောင်လေ့ရှိတဲ့ အစဉ်အလာအတိုင်း ၊ လူမှု အကျိုးပြုလုပ်ငန်းတွေကို ကိုယ်ပိုင် NGO အဖွဲ့အစည်း ဖွဲ့စည်းကာ လုပ်ဆောင်လျှက် ရှိနေတာပါ။ သူကိုယ်တိုင် ဥက္ကဌ ရာထူးကို ရယူထားပြီး ၊ ဇနီးဖြစ်သူကတော့ ဒုဥက္ကဌ အဖြစ် လုပ်ကိုင်လျှက်ရှိကာ ၊ အခြား ပါတနာ နှစ်ယောက်ကိုလဲ အဖွဲ့ဝင် ဒါရိုတ်တာ အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်း ရဲ့ အဓိက ထောက်ပံ့ဝင်ငွေတွေဟာ ပိုရီရာ က UFC ပွဲစဉ် တစ်ပွဲထိုးတိုင်း ၊ အသုံးပြုလေ့ရှိတဲ့ ပစ္စည်းတွေ ၊ လေ့ကျင့်ရေးကွင်းမှာ သုံးခဲ့တဲ့ အသုံးအဆောင်တွေကို လေလံတင်ပြီး ပြန်လည်ရောင်းချ ရာကနေ ရရှိတာ ဖြစ်ပါတယ်။ ဒါကို သိရှိထားတဲ့ ခါဘီဟာ ၊ ပိုရီရာ ရဲ့လူမှု အကျိုးပြု လုပ်ငန်းတွေမှာ ကူညီဖို့ အတွက် အခုလို လုပ်ဆောင် သွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲ အပြီးမှာ ခါဘီ ရဲ့ ပြိုင်ဘက်ဟောင်း ကော်နာ မက်ဂရီကော် က မော်စကို မှာ မကျေပွဲ ပြန်လည် ထိုးသတ်ဖို့ စိန်ခေါ်ထားခဲ့ပေမယ့် ၊ UFC ဥက္ကဌ ဒါနာ ၀ှိုက် ကတော့ ခါဘီ နဲ့ နောက်တစ်ကြိမ် ထိုးသတ်ဖို့ လျာထားတဲ့ ဖိုက်တာဟာ ကော်နာ မဟုတ်ပဲ ၊ တိုနီ ဖာဂူဆန် ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

“ နောက်ထပ် ခါဘီ နဲ့ ထိုးသတ်ဖို့ လျာထားတဲ့ သူက တိုနီ ဖာဂူဆန် ပေါ့ ၊ ဒါပေမယ့် ကျနော့် စိတ်ကူးပဲ ရှိပါသေးတယ် သူက လက်ခံပါ့မလား ဆိုတာ မသိသေးပါဘူး။ တိုနီ လက်ခံရင်တော့ ပွဲက သေချာပေါက် ဖြစ်လာနိုင်ပါတယ်။

အဲဒီလို ဖြစ်မလာရင်တော့ နောက်တစ်မျိုး စဉ်းစားရမှာပေါ့။ လောလောဆယ် ကော်နာက လဲ ခါဘီနဲ့ အရမ်းကို မကျေပွဲ ထိုးချင်နေတာပါ။ ပရိသတ်တွေ လဲ ဒါကို ကြည့်ချင်နေမယ် ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် တိုနီ က ငြင်းပယ်မှပဲ ကော်နာ နဲ့ ပွဲက ဖြစ်နိုင်ချေ ရှိလာမယ် ထင်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

တိုနီ ဖာဂူဆန် ဟာ UFC Lightweight တန်းမှာ ဒုတိယ နေရာမှာ ရပ်တည်နေပြီး ၊ 25 ပွဲ နိုင် 3 ပွဲ ရှုံးနိမ့်တဲ့ ရလာဒ် ထွက်ပေါ်ထားသူ ဖြစ်ပါတယ်။