အန်တွိုင်ဂရစ်မန်းက သူ့အနေနဲ့ ပင်နယ်တီ ကန်သွင်းမှုတွေ ပိုကောင်းအောင် လေ့ကျင့်မှု လုပ်သွားမယ်လို့ ကတိပေးလိုက်ပြီး အယ်ဘေးနီးယား နဲ့ပွဲမှာ သူ ပင်နယ်တီ လွဲချော် ခဲ့တာဟာ ဒီပွဲကို သူ့ဇနီးသည် လာမကြည့်တာကြောင့်လို့ ဟာသလုပ်ပြီး ပြောသွား ခဲ့ပါတယ်။ ပြင်သစ်ဟာ မနေ့ညက အိမ်ကွင်းမှာ ကစား ခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်မှာ အယ်ဘေးနီးယား အသင်းကို ကင်စလေကိုးမန်း ( ၂ ဂိုး ) ၊ အိုလီဗာ ဂျီရူး နဲ့ ဂျိုနသန် အိုကိုနီ တို့ရဲ့ ဂိုးတွေနဲ့ အတူ ၄ – ၁ နဲ့ အနိုင် ရခဲ့ပါတယ်။

ပြင်သစ် အသင်းဟာ ပွဲချိန် ၃၆ မိနစ်မှာ လူးကပ်ဟာနန်ဒက်ကို အယ်ဘေးနီးယား နောက်ခံလူ ပြစ်ဒဏ် ကျူးလွန် ခဲ့မှုကြောင့် ပင်နယ်တီ ရရှိခဲ့ပါတယ်။ ဒီပင်နယ်တီကို ဂရစ်မန်း ကန်သွင်း ခဲ့ပေမယ့်လည်း ဂိုးဘာတန်းနဲ့ ထိကာ ပြန်ထွက် သွားခဲ့ပါတယ်။

ပွဲအပြီး မှာတော့ လွဲချော် ခဲ့တဲ့ ပင်နယ်တီ အကြောင်း မေးမြန်း ခဲ့ရာမှာ ဂရစ်မန်း က “ကျွန်တော် မသိပါဘူး။ ဘာလို့ လွဲလဲ ဆိုတာ မသိပါဘူး။ ကျွန်တော် အစောပိုင်း တုန်းက ပြောခဲ့ သလိုပဲ ဒီပင်နယ်တီ လွဲချော် ခဲ့တာဟာ ဒီပွဲကို ကျွန်တော့် ဇနီး လာမကြည့် ခဲ့လို့ ဖြစ်မှာပါ။ (ရယ်လျက်) ကျွန်တော် ဒီပွဲမှာ ကောင်းကောင်း ကစား နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အမြဲတမ်းတော့ ဂိုးသွင်း နိုင်မှာ မဟုတ်ပါဘူး။ ဆိုးပါတယ်ဗျာ။ ကျွန်တော် ပင်နယ်တီ ကန်တာ ပိုကောင်းအောင် လုပ်ဆောင် သွားမှာပါ။” လို့ ဆိုသွားပါတယ်။

ပဲရစ်မှာ ကစားခဲ့တဲ့ ဒီပွဲမတိုင်မီ အယ်ဘေးနီးယား အသင်းရဲ့ နိုင်ငံတော် သီချင်း မှားယွင်း ဖွင့်လှစ် ခဲ့တာကြောင့် ဧည့်သည် အသင်းဘက်က ပွဲကစားဖို့ ငြင်းဆန်ခဲ့ပြီး ပွဲစဖို့ နှောင့်နှေး ခဲ့ပါသေးတယ်။ ဧည်ရှင် တို့ ဖွင့်ခဲ့တာဟာ Group H ပြိုင်ဘက် အန်ဒိုရာ အသင်းရဲ့ နိုင်ငံတော် သီချင်း ဖြစ်ခဲ့ပြီး ဒိုင်လူကြီးတွေ ယူအီးအက်ဖ်အေ တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးပြီးနောက် သီချင်းမှန်ကို ပြန်လည် ဖွင့်လှစ် ခဲ့ပြီးမှသာ ပွဲကို ပြန်လည် စတင် နိုင်ခဲ့ပါတယ်။

အိမ်ရှင်တို့ရဲ့ မှားယွင်းမှုဟာ ဒါနဲ့တင် မပြီးသေးပါဘူး။ နောက်ထပ် အရှက်ရဖွယ် ကိစ္စ တစ်ခု ဖြစ်ခဲ့ပြီး stadium announcer ဟာ အယ်ဘေးနီးယား အစား အာမေးနီးယား အသင်းလို့ မှားယွင်းပြီး တောင်းပန်မှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဂရစ်မန်း က “ကျွန်တော်တို့ အရမ်းကို အံ့အား သင့်ခဲ့ ရပါတယ်။ ကျွန်တော်တို့ အနည်းငယ် တုန်လှုပ် သွားခဲ့ ပါတယ်။ ဒါဟာ ကြီးမားတဲ့ အမှားအယွင်း တစ်ခု ဖြစ်ပြီး နောက်တစ်ခါ လုံးဝ အဖြစ်ခံလို့ မရပါဘူး။ ကျွန်တော်တို့ စောင့် နေခဲ့ပါတယ်။ ပြီးနောက် သူတို့ရဲ့ နိုင်ငံတော် သီချင်းမှန် ပြန်ဖွင့် ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ ကိုလည်း နာကျင် စေတာ ပါပဲ။” လို့ ဆိုသွားပါတယ်။

ပြင်သစ် အသင်းဟာ ဒီနိုင်ပွဲကြောင့် ၅ ပွဲကစား ရမှတ် ၁၂ နဲ့ အုပ်စု ထိပ်ဆုံး နေရာကို ရောက်ရှိ လာခဲ့ပြီး အဆင့် ၂ နဲ့ အဆင့် ၃ နေရာတွေ မှာ ရပ်တည်နေတဲ့ တူရကီ ၊ အိုက်စလန် တို့ကလည်း ပြင်သစ် နဲ့ အမှတ်တူ ရပ်တည် နေတာကြောင့် ခြေစစ်ပွဲအောင်ဖို့ အကြိတ်အနယ် ဖြစ်နေပါတယ်။ ပြင်သစ် အသင်းဟာ ပြီးခဲ့တဲ့ ဇွန်လက တူရကီ ကို ၂-၀ နဲ့ ရှုံးကာ အံ့သြမှင်သက် ခဲ့ရပြီး အဆိုပါ ပွဲစဉ်နောက်ပိုင်း ၂ ပွဲဆက် ၄ ဂိုးသွင်းကာ အနိုင်ရခဲ့တဲ့ သူ့အသင်းရဲ့ တုန့်ပြန်မှုကို ဒေးချမ့် က ကျေနပ်နေပါတယ်။

ဒါပေမယ့်လည်း ပြင်သစ် နည်းပြ က “ကျွန်တော်တို့ ဒီအရှုံးကို မေ့ပစ်မှာ မဟုတ်ပါဘူး။ အဲဒီပွဲ ပြီးနောက် ၃ ရက် အကြာ အန်ဒိုရာမှာ ကျွန်တော်တို့ အဖြေ ရှာတွေ့ ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပွဲကို မေ့ဖျောက် သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အဲဒီပွဲမှာ မလုပ်နိုင်ခဲ့တာတွေဟာ အစားထိုး ပြန်လျော်လို့ မရပါဘူး။ ကျွန်တော်တို့ အဲဒီညက ဘာကိုမှ ကောင်းကောင်း မလုပ်နိုင် ခဲ့ပါဘူး။

အယ်ဘေးနီးယား နဲ့ ပွဲမှာ ကျွန်တော်တို့ဟာ ပုံမှန် အတိုင်း အားထုတ် နိုင်ခဲ့ကြပြီး ဘောလုံး အရည်အသွေး အပြင် အားထုတ်မှု ဆန္ဒ ပြင်းပြမှုတွေပါ ပါဝင် ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အသင်းမှာ ဒီိလို လုပ်နိုင်စွမ်း မရှိတော့ဘူးလို့ ဘယ်တုန်းကမှ သံသယ မဖြစ် ခဲ့ပါဘူး။ သူတို့ အကြိမ်ပေါင်း များစွာ ပြသ ခဲ့ပြီးပါပြီ။ ဇွန်လ အစောပိုင်းက ဖြစ်ခဲ့တဲ့ ပွဲအပေါ် ကျွန်တော်တို့ နစ်မျောနေလို့ မရပါဘူး။” လို့ ဆိုသွားပါတယ်။

SM