မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က အင်္ဂလန်ရဲ့ သမိုင်းကြောင်း အကြီးမားဆုံး အသင်း နှစ်သင်းကြား ကွာဟချက်ဟာ လူတွေ ပြောနေကြသလောက် မကြီးမားဘူးလို့ ဆိုလိုက်ပါတယ်။ မိုက်ကယ်အိုဝင်က ကစားသမား အင်အားချင်း ယှဉ်ကြည့် လိုက်မယ် ဆိုရင် မန်ယူနိုက်တက်ဟာ ပြိုင်ဘက် လီဗာပူး နောက်မှာ အများကြီး ပြတ်ကျန် မနေဘူးလို့ ယူဆ နေပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ် မှာ ကလပ် စံချိန်တင် ရမှတ် ၉၇ မှတ်ထိ ရယူကာ အမှတ်ပေးဖလား အတွက် ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးကို ပွဲစဉ် ၃၈ အထိ ဖိအားပေး နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်ယူနိုက်တက် ကတော့ လီဗာပူးအသင်းရဲ့နောက် ၃၁ မှတ် အကွာနဲ့ ပြတ်ကျန် ခဲ့ကာ ယူရိုပါလိဂ် ၀င်ခွင့်နဲ့သာ ကျေနပ် ခဲ့ရပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အပြီးမှာလည်း လီဗာပူးဟာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အမှတ်ပေးဇယားထိပ်မှာ ရပ်တည် နေပေမယ့်လည်း ယူနိုက်တက် ကတော့ ယာဂန်ကလော့ ရဲ့ အသင်းနဲ့ ၇ မှတ် ကွာဟနေပြီး လူတော်တော်များများ ကတော့ အိုးထရပ်ဖို့ဒ် ကလပ်ဟာ လီဗာပူး နောက်မှာ အတော် ပြတ်ကျန် ခဲ့ပြီလို့ ယူဆ နေကြပါတယ်။

ဆက်လက်ပြီး အိုဝင်က လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က အသင်းရဲ့ ဂန္တ၀င် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူ ခဲ့ပြီးနောက်ပိုင်း ယူနိုက်တက် ရဲ့ ကျဆင်းသွားမှုဟာ မျှော်လင့် ထားတာထက် ပိုမို ကြီးမားတယ်လို့လည်း ဆိုသွားပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် တိုက်စစ်မှုးဟောင်းက ယူနိုက်တက် ရဲ့ ကစားသမား အရည်အသွေး နဲ့ လီဗာပူး ရဲ့ ကစားသမား အရည်အသွေးကြား အများကြီး ခြားနားမှု မရှိဘူးလို့ ဆိုသွားပါတယ်။

အိုဝင်က “အသင်းကို ကာလရှည် ကိုင်တွယ် ထားခဲ့တဲ့ မန်နေဂျာ တစ်ဦး ရှိခဲ့တဲ့ အသင်းကို နောက်လာမည့် မန်နေဂျာ အနေနဲ့ ဒီရာထူး ကို ရယူကာ အောင်မြင်မှုတွေ ဆက်ရနေအောင် လုပ်ဖို့ ဆိုတာ အရမ်း ခက်ခဲမယ် ဆိုတာ လူတော်တော်များများ သိထား ကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဖာဂူဆန် အနားယူပြီး နောက်ပိုင်း အသင်းရဲ့ ကျဆင်းမှုဟာ ဒီလောက် ကြာလိမ့်မယ်လို့ လူတော်တော်များများ ထင်ထား ကြမှာတော့ မဟုတ်ပါဘူး။

ဒီကာလမှာ ဆုဖလား အချို့ ရယူ ထားခဲ့တာတော့ ရှိခဲ့ပြီး ဒါဟာ အသင်းရဲ့ အခြေအနေကို အနည်းငယ်တော့ ချောမွေ့ သွားစေ ခဲ့ပါတယ်။ ဒါပေမယ့် ယေဘူယျအားဖြင့် အခု မန်ချက်စတာ ယူနိုက်တက် အသင်းကို ကြည့်လိုက်ပါ။ ဒါဟာ အရင် ဆာအဲလက်စ် ဖာဂူဆန် ကိုင်တွယ် ခဲ့တဲ့ အသင်းတွေရဲ့ အရိပ်တစ်ခု ပုံစံလောက်သာ ရှိပါတယ်။ တည်ဆောက်မှု အချို့ လုပ်သွား ရအုံးမှာ ဖြစ်ပါတယ်။

ကစားသမားတွေဟာ ဒီလောက် ဆိုးတယ်လို့ ကျွန်တော် လုံးဝ မထင်ပါဘူး။ အခြား အသင်းတွေကို ခင်ဗျားတို့ ကြည့်လိုက်ပါ။ ဥပမာ အားဖြင့် လီဗာပူးပေါ့။ မန်ယူနိုက်တက် ကစားသမားတွေဟာ လီဗာပူး ကစားသမားတွေထက် အတော် နိမ့်ကျ နေလို့လား? ကျွန်တော် ကတော့ ဒီလို လုံးဝ မထင်ပါဘူး။

ဒါပေမယ့် လီဗာပူး ကစားသမားတွေဟာ ပိုမို ကောင်းမွန်တဲ့ နားလည်မှု ၊ စည်းလုံးမှု နဲ့ ယုံကြည်မှုတွေ ရှိလား? အမှန်ပါပဲ။ ပြီးခဲ့တဲ့ နေ့က ဒီအကြောင်းကို ဂျွန်ဘန်းနဲ့ ကျွန်တော် ပြောဖြစ် ခဲ့ပါသေးတယ်။ သူကလည်း ဒီလိုမျိုးပဲ ပြောပါတယ်။ ဒီနှစ်သင်းကြား ကွာခြားမှုတွေ ရှိနေတယ်လို့ သူလည်း မထင်ပါဘူး။

ကစားသမား အင်အားကို ကြည့်လိုက်ပါ။ မန်ချက်စတာယူနိုက်တက်ဟာ အ၇မ်းကို ကောင်းမွန်တဲ့ ကစားသမားတွေ ပိုင်ဆိုင် ထားပါတယ်။ ဒါပေမယ့် မန်နေဂျာဟာ ပက်ဂွာဒီယိုလာ ရဲ့ အသင်းတွေလိုမျိုး လက်ရှိ ယာဂန်ကလော့ ရဲ့ အသင်းလိုမျိုး သူ့အသင်းကို မလုပ်နိုင်သေး ပါဘူး။ အိုလီဂန်နာ ဆိုးရှား အနေနဲ့ အချိန်အတိုင်းအတာ တစ်ခု အတွင်း ဒီလိုမျိုး လုပ်နိုင်မလား ဆိုတာ ကတော့ စိတ်ဝင်စား စရာ ပါပဲ။” လို့ ဆိုသွား ပါတယ်။

SM