ဆီနီဂေါ တိုက်စစ်မှုး ဆာဒီယိုမာနေး ဟာ ပြီးခဲ့တဲ့ လက ချဲလ်ဆီး ကို အစ္စတန်ဘူမှာ ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင် ရရှိ ခဲ့တဲ့ ယူအီးအက်ဖ်အေ စူပါဖလား ပွဲစဉ်မှာ သူ့ရဲ့ အောင်ပွဲခံပုံ အသစ်ကို စတင် မိတ်ဆက် သွားခဲ့ပါတယ်။ မာနေးဟာ အဆိုပါ ပွဲစဉ် ပြီးနောက် သူ့ရဲ့ ဂိုးသွင်းအပြီး အောင်ပွဲခံပုံကို အင်စတာဂမ် အကောင့်မှာ တင်ခဲ့ပြီး ရော်ဘတ်တိုဖာမီနို ရဲ့ တုန့်ပြန်မှုကို ရခဲ့ပါတယ်။

ဖာမီနို က ‘ဆာဒီယို – ကျေးဇူးပြုပြီး ငါ့ရဲ့ အောင်ပွဲခံပုံကို ကော်ပီမလုပ်ပါနဲ့’ လို့ နောက်ပြောင် ခဲ့ပါတယ်။ ဒါကို မာနေး က ‘huh? ဒါဟာ မင်းနဲ့ မတူဘူး ဘော်ဘီ ! ဒါဟာ ဒီရာသီ ငါ့ရဲ့ အောင်ပွဲခံပုံအသစ် ဖြစ်လာမှာ။ ငါ့ကို အားလျော့အောင် လာမလုပ်ပါနဲ့။’ လို့ ပြန်လည် တုန့်ပြန်ပြီး ပွဲကျခဲ့ပါတယ်။

မာနေး က “အသင်းမှာ ရှိတဲ့ ကစားသမားတွေ အနေနဲ့ ဒီလို အောင်ပွဲခံပုံတွေကို ကိုယ့်ရဲ့ ကိုယ်ပိုင် အဖြစ် ထိန်းသိမ်း လိုတယ် ဆိုရင် ဒါဟာ အတော့်ကို ခက်ခဲ ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဂိုးတွေ အများကြီး သွင်းယူလို့ ဖြစ်ပါတယ်။ ဘော်ဘီဟာ ဒီလိုမျိုး အောင်ပွဲခံပုံကို လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် လောက်က လုပ်ခဲ့ပါတယ်။ ပြီးတော့ သူ့မှာ အခြား အောင်ပွဲခံပုံ အချို့လည်း ရှိပါသေးတယ်။

အခု ကျွန်တော့်ရဲ့ အောင်ပွဲခံပုံဟာ ဒီတစ်နှစ်လုံး ဆက်လက် လုပ်သွားမယ့် အရာ ဖြစ်ပါတယ်။ မကြာမီ ဘော်ဘီ ကျွန်တော့်ကို ကော်ပီ လုပ်လိမ့်မယ် ဆိုတာ ကျွန်တော် သိပါတယ်။ ခင်ဗျားတို့ မြင်ရမှာပါ။” လို့ ဆိုခဲ့ပါတယ်။

ဒီရာသီမှာ မာနေး ထပ်ပြီး မျှော်လင့် နေတာဟာ ယခုလို ဂိုးသွင်းအပြီး အောင်ပွဲခံမှု တွေပဲ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရာသီ က လီဗာပူး အသင်း နဲ့အတူ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်ခဲ့ပြီးနောက် ဆီနီဂေါ စတားဟာ မက်ဒရစ် ဖိုင်နယ်မှာ တော့တင်ဟမ်ကို အနို်င် ရရှိခဲ့ပြီးနောက် သူတို့ ကြုံတွေ့ ခဲ့ရတဲ့ မြင်ကွင်းမျိုးတွေကို ထပ်ပြီး လုပ်ပြ သွားဖို့ စိတ်အား ထက်သန် နေပါတယ်။

မာနေး က “ကျွန်တော့် အတွက် ၊ ကျွန်တော့်ရဲ့ အသင်းဖော်တွေ အတွက် ကတော့ စပယ်ရှယ် အခိုက်အတန့် တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ကလေး ဘ၀ ကတည်းက ချန်ပီယံလိဂ် ပြိုင်ပွဲကို ကြည့်ပြီး ကြီးပျင်း လာခဲ့သူပါ။ အထူးသဖြင့် ချန်ပီယံလိဂ် ဖိုင်နယ် တွေပေါ့။

ဒါ့ကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဖိုင်နယ်မှာ ကစားခွင့် ရတာဟာ အမြဲတမ်း အိမ်မက် တစ်ခုလိုပဲ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ၂၀၁၈ ခုနှစ် ဖိုင်နယ်မှာ တုန်းက ဂိုးသွင်း နိုင်ခဲ့ ပေမယ့်လည်း ရှုံးနိမ့် ခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နှစ်မှာ ဆက်လက် ကြိုးစားပြီး ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်ခဲ့တာ ကတော့ မယုံကြည် နိုင်စရာ ခံစားချက် ပါပဲ။ ကျွန်တော် ဒါကို မယုံကြည် နိုင်လောက် ဖြစ်နေ ခဲ့ပါတယ်။

ကျွန်တော်တို့ ချန်ပီယံလိဂ် ဖလားနဲ့ အတူ လီဗာပူးကို ပြန်လာ ခဲ့တုန်းက ဒီကလူတွေ အတွက် ဒါဟာ ဘယ်လောက်တောင် အဓိပ္ပာယ် ရှိသလဲ ဆိုတာ မြင်တွေ့ လိုက်ရတာဟာ မယုံနိုင်လောက်အောင် ပါပဲ။ ဒီမြို့ရဲ့ ခံစားချက်တွေ ကတော့ ရူးလောက်စရာ ပါပဲ။

ဒီဖလားကို ဆွတ်ခူးပြီး ဒီလို အောင်မြင်မှုဟာ ဘယ်လောက် အဓိပ္ပာယ် ရှိသလဲ ဆိုတာကို မြင်ခဲ့ရခြင်းဟာ ဒီရာသီ ကျွန်တော်တို့ကို ပိုမို ကြိုးစားချင်စိတ် ဖြစ်စေပြီး ဒီကလပ် အတွက် နောက်ထပ် ဆုဖလား တွေကို ဆွတ်ခူး ပေးချင်ပါတယ်။” လို့ ဆိုသွား ပါတယ်။

လီဗာပူး အသင်းဟာ ဒီရာသီကို ယူအီးအက်ဖ်အေ စူပါဖလား နဲ့ ဖွင့်လှစ် ထားနိုင် ခဲ့သလို ပရီးမီးယားလိဂ် မှာလည်း ပွဲစဉ် ၄ ပွဲ ပြီးဆုံး ချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲ ရရှိ ထားခဲ့ပြီး အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင် နေပါတယ်။ လက်ရှိ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာတော့ လီဗာပူးဟာ အန်ဖီးမှာ နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင် သွားရမှာ ဖြစ်ပြီး ယာဂန်ကလော့ရဲ့ အသင်းဟာ ဒီရာသီ ၁၀၀% နိုင်ပွဲမှတ်တမ်းကို ဆက်လက် ထိန်းသိမ်းဖို့ အတွက် အားခဲ နေပါတယ်။

SM
ဗိုလ်ဗိုလ် သီဟ