ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ဟာ အာဆင်နယ် နည်းပြ ဘ​​ဝ နောက်ဆုံးရာသီမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိတဲ့ အသင်းရဲ့ လူစာရင်း အပေါ် ယုံကြည်မှု လွန်ကဲလွန်းခဲ့တာကြောင့် ရလဒ်ပိုင်း ဆိုးရွားခဲ့တာ ဖြစ်ကြောင်း အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း မာဆီဆက်ကာ ကဆိုပါတယ်။

အာဆင်ဝင်းဂါး ဟာ ၂၀၁၇-၂၀၁၈ ဘောလုံး ရာသီ အဆုံးမှာ အာဆင်နယ် အသင်းကနေ ထွက်ခွာခဲ့ပြီး နောက်ပိုင်းကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ် နည်းပြခြင်း မရှိသေးဘဲ ရံဖန်ရံခါမှသာ ဘောလုံး အစီအစဉ်တွေမှာ ဝေဖန် သုံးသပ်သူ အဖြစ် လုပ်ကိုင် နေတာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းရဲ့အကယ်ဒမီ နည်းပြ အဖြစ် တာဝန်ယူ လုပ်ဆောင်နေတဲ့ မာတီဆက်ကာ ကတော့ အာဆင်နယ် အသင်း အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့ရတာဟာ အာဆင်း တစ်ယောက်တည်းနဲ့ မဆိုင်ဘဲ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းကလည်း တည်ငြိမ်မှု အားနည်းခဲ့ကြောင်း ဆိုပါတယ် ။

မာတီဆက်ကာ က သူ့ရဲ့အတ္ထုပ္ပတ္ထိ စာအုပ်သစ်မှာ “ကျွန်တော်တို့ တစ်ပွဲ ရှုံးလိုက်တာနဲ့ ဆက်တိုက်ကို ရှုံးတော့တာ ပါပဲ ။ အက်ဖ်အေ ဖလားလို ခြောက်ပွဲလောက်ပဲ ကစားရတဲ့ ပွဲမှာ ပုံစံကောင်း ပြသ နိုင်ပေမယ့် (၃၈)ပွဲကို ၁၀ လအတွင်း ကစားရတဲ့ ပရီးမီးယားလိဂ်မှာတော့ လုံးဝ ခြားနား ခဲ့ပါတယ် ။ ”

” တခြား ထိပ်သီး အသင်းတွေလို တည်ငြိမ်မှုမျိုး ကျနော်တို့မှာ ရှိမနေ ခဲ့ပါဘူး။ တစ်နှစ်မှာ ၈ ပွဲလောက် ရှုံးနေရင်တော့ ပရီးမီးယားလိဂ် ရမှာ မဟုတ်ပါဘူး။အာဆင်းက သူ့ကစားသမားတွေရဲ့ အရည်အချင်း အပေါ် အရမ်းယုံကြည်ပြီး စိတ်ရှည် သည်းခံတတ်သူ တစ်ဦးပါ ။ ”

” ရှုံးပွဲဆက်နေရင်တောင် ဘယ်တော့မှ ဗျာများနေတာ မတွေ့ရပါဘူး။ ဘယ်လောက်ပဲ ခက်ခဲ ကြမ်းတမ်းနေပါစေ ကစားသမား​တွေနဲ့ တစ်သားတည်း နေပြီး အတူ ရှိပေးပါတယ် ။ ဒါက သူ့ရဲ့ အကြီးမားဆုံး အားသာချက် တစ်ခုပါပဲ။”

” အားနည်းချက် ကတော့ ကစားသမားတွေ အပေါ် ယုံကြည်မှု အရမ်း လွန်ကဲပြီး သက်ညှာလွန်းနေတာပါ ။ ကျနော့် အမြင်မှာတော့ ဒီလိုမျိုး လုပ်တာက အရမ်း ရိုးရှင်း လွန်းပါတယ်။ ပရိသတ်တွေ တောင်းဆိုတဲ့ အတိုင်း လိုက်လုပ်ခဲ့ရင် တစ်နှစ်ကို ထိပ်တန်းကစားသမား ငါးဦးလောက် ရောက်လာနိုင်ပါတယ်။”

” ပရိသတ်တွေက အသင်းရှုံးတိုင်း ငွေသုံးဖို့ ပွဲကြည့်စင်ကနေ အော်ဟစ် နေခဲ့ကြတာပါ။ဒါပေမယ့် အာဆင်းကတော့ အသင်းမှာ ရှိတဲ့ ကစားသမားတွေကိုပဲ ယုံကြည်ခဲ့ပါတယ်။ကိုယ့်အသင်း လူစာရင်းအပေါ် အဲ့လောက်အထိ ယုံကြည်မှု မြင့်မားတဲ့ နည်းပြမျိုး ကျနော် တစ်ခါမှ မတွေ့ဖူးပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

SPORTS MYANMAR