အီတလီ နာမည်ကျော် သတင်း စာတစောင်ဖြစ်တဲ့ Gazzetta dello Sport သတင်းစာရဲ့ ဖော်ပြချက်အရ ဂျုဗီ တိုက်စစ် မှူး ရော်နယ်ဒိုဟာ အခုနှစ် စီးရီးအေ ပြိုင်ပွဲရဲ့ လစားအများဆုံး ကစားသမား စာရင်းမှာ ဒီလစ်ဂ်ျ၊ လူကာကူ တို့နဲ့ အတူဦးဆောင် နေတယ် လို့ သိရပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒီပေါ်တူဂီသားဟာ ပြီးခဲ့တဲ့ နှစ်က စီးရီးအေ ရဲ့ လစာအများဆုံး ကစားသမားဖြစ်ပြီးအဆိုပါ မှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့ တာလည်းဖြစ်ပါတယ်။သတင်းတွေရဲ့ အဆိုအရ ရော်နယ်ဒိုဟာ စီးရီးအေ မှာရှိတဲ့အခြားကစားသမားတဦးချင်းစီတိုင်းရဲ့ လစာထက် ၃ဆနီးပါရှိတဲ့ ပမာဏတခုကို ရရှိနေတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ တနှစ်လျင် ယူရို ၃၁ သန်း အထိ ရရှိနေတာဖြစ်ပြီး ဒါဟာ ဒုတိယလစာ အများဆုံး ကစားသမားဖြစ်တဲ့ အသင်းဖော် ဒီလစ်ဂ်ျ ထက် ယူရို ၂၃ သန်းလောက်အထိ ပိုရနေတာဖြစ်ပါတယ်။အခုနွေရာသီ ဈေးကွက်အတွင်းမှာ မှ တူရင်မြေကိုရောက်လာတဲ့ ဒီလစ်ဂ်ျ ဟာ တနှစ်လျင် ယူရို ၈သန်းသာရရှိနေတာဖြစ်ပြီး အပိုဆုကြေးအဖြစ်တော့ယူရို ၄သန်းလောက်ရမှာဖြစ်တယ်လို့သိရပါတယ်။

ယူနိုက်တက် အသင်းကနေ အင်တာမီလန် အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး လူကာကူကတော့ တနှစ်လျင် ယူရို ၇.၅သန်း ရရှိနေပြီး အပိုဆုကြေးအဖြစ်တော့ ယူရို ၁.၅ သန်းလောက်ရမှာ ဖြစ်တယ် လို့ သိရပါတယ်။ပြီးခဲ့တဲ့ ရာသီမှာ ရော်နယ်ဒိုရဲ့ နောက် ဒုတိယလစာအများဆုံးဖြစ်တဲ့ ဟီဂွာရင်ကတော့ အခုနှစ်မှာ စတုတ္ထနေရာအထိကျဆင်းသွားခဲ့ပြီး ပဉ္စမနေရာမှာတော့ ဒိုင်ဘာလာ ရှိနေတယ်လို့ သိရပါတယ်။

ဒီရာသီ စီးရီးအေ ပြိုင်ပွဲရဲ့ လစာအများဆုံး ကစားသမား ၈ဦးမှာ ဂျူဗီ အသင်းသား ၇ဦးအထိ ပါဝင်နေတာဖြစ်ပြီး Gazzetta dello sportရဲ့ ခန့်မှန်းချက်အရ ဂျူဗီအသင်းဟာတနှစ်လျင် လစာငွေ ယူရို ၂၉၄သန်းလောက်ပေးချေနေရတယ်လို့ သိရပါတယ်။သူတို့ဟာ နွေရာသီဈေးကွက် အတွင်း မှာအလွတ်ခေးယူထားခဲ့တဲ့ ရမ်ဆေး လိုကစားသမားမျိုးကိုတောင် တနှစ်လုပ်ခ ယူရို ၇သန်းအထိ ပေးချေနေရတာဖြစ်ပါတယ်။

ဂျူဗီ အသင်းဟာ စီးရီးအေ မှာ နောက်ဆုံး ၈ရာသီဆက် ဗိုလ်စွဲထားတဲ့ အသင်းဖြစ်ပြီး အခုရာသီသစ်မှာ လည်း ပါးမား၊ နာပိုလီ တို့ကို အနိုင်ရထားပါတယ်။ဒါပေမယ့် လူကာကူ၊ ဆန်းချက်၊ ဂိုဒင်တို့လို ကစားသမားကောင်းတွေကိုခေါ်ယူထားပြီး နည်းပြကွန်တီ ကိုတာဝန်ပေးထားတဲ့ အင်တာအသင်းကို အဓိကထားယှဉ်ပြိုင်သွားရဖွယ်ရှိနေပါတယ်။

ရော်နယ်ဒိုဟာ စီးရီးအေ မှာ လုပ်ခလစာအများဆုံး နေရာကို အပြတ်အသတ် ရရှိနေဆဲဖြစ်ပေမယ့် ကမ္ဘာ့လစာအများဆုံး ဘောလုံးသမား စာရင်းမှာတော့ မဟာပြိုင်ဘက် မက်ဆီရဲ့ နောက်ဒုတိယနေရာမှာသာရပ်တည်နေပါတယ်။ပြင်သစ်ဘောလုံးမဂ္ဂဇင်း ရဲ့ ဖော်ပြချက်အရ မက်ဆီဟာ အပိုဆုကြေးတွေအပါအဝင် ဝင်ငွေ ယူရို သန်း ၁၃၀ အထိရရှိနေပြီး ရော်နယ်ဒိုကတော့ ယူရို ၁၁၃ သန်းသာရရှိနေတာဖြစ်တယ်လို့သိရပါတယ်။