ရီးရဲယ်မက်ဒရစ် ကြယ်ပွင့် ဆာဂျီယိုရာမို့စ်က သူဟာ ဘောလုံးလောကရဲ့ ညစ်ကျယ်ကျယ် ကစားမှုတွေမှာ ဆရာတစ်ဆူ ဆိုတဲ့ လူတွေရဲ့ အယူအဆတွေနဲ့ ပက်သက်ပြီး တုန့်ပြန် ပြောဆို သွားခဲ့ကာ လီဗာပူး တိုက်စစ်မှုး မိုဟာမက်ဆာလား အပေါ် ပြစ်ဒဏ် ကျူးလွန်မှုကြောင့် သူ့ရဲ့ နာမည်ဆိုး ထွက်နေမှု အပေါ် သွယ်ဝိုက်ကာ ကာကွယ် ပြောသွား ခဲ့တာ ဖြစ်ပါတယ်။

စပိန် နောက်ခံလူဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ် ပွဲစဉ် အတွင်း လီဗာပူး တိုက်စစ်မှုး မိုဟာမက်ဆာလား ကို ပွဲချိန် မိနစ် ၃၀ မှာပဲ ပုခုံးဒဏ်ရာနဲ့ လူစားလဲစေ ခဲ့ရတဲ့ အထိ ပြစ်ဒဏ် ကျူးလွန် ခဲ့တာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ ရာမို့စ်ရဲ့ လက်မောင်းချိတ်လှဲ ခဲ့မှုကြောင့် ဆာလားဟာ ပြင်းထန်တဲ့ ပခုံး ဒဏ်ရာ ရကာ ဘောလုံး ဆက်မကန် နိုင်တော့တဲ့ အပြင် အီဂျစ်စတား ထွက်ခွာပြီးနောက်ပိုင်း လီဗာပူးရဲ့ ကစားပုံကလည်း ကျသွား ခဲ့ကာ ပွဲအပြီး မှာတော့ လီဗာပူး ဟာ ရီးရဲယ်မက်ဒရစ်ကို ကိယက်မှာ ၃ – ၁ နဲ့ ရှုံးကာ ဒုတိယနေရာပဲ ရရှိခဲ့ပါတယ်။

ရီးရဲယ်မက်ဒရစ် ကတော့ အဆိုပါ နိုင်ပွဲကြောင့် ချန်ပီယံလိဂ် ရဲ့ ၃ ကြိမ်ဆက် ချန်ပီယံ ဖြစ်ခဲ့တဲ့ အပြင် ဥရောပ ဖလားကို ၁၃ ကြိမ်မြောက် သိမ်းပိုက် သွားနိုင် ခဲ့ပါတယ်။ ရာမို့စ်ဟာ သူ့ရဲ့ new Amazon Prime Documentary series မှာ ကိယက်ဖိုင်နယ်က သူ့အပေါ် ဝေဖန်ခဲ့မှုတွေ အကြောင်းကို ယခုလို ရည်ညွန်းကာ ပြောဆို သွားခဲ့ ပါတယ်။

ဆာဂျီယိုရာမို့စ်က “ ကျွန်တော်ဟာ လူတိုင်းလူတိုင်းရဲ့ ထင်မြင်ချက် တွေကို လေးစားမှု ရှိပါတယ်။ တစ်ခါ တစ်ရံ လူတွေဟာ ကျွန်တော့်အပေါ် အမြင်တွေ လွဲနေ ကြတာတော့ အမှန်ပါပဲ။ ခက်ခဲတဲ့ ပြိုင်ဘက် တွေနဲ့ ရင်ဆိုင် ကစား ရတဲ့ အခါ ဒါဟာ ကျွန်တော့် အတွက် အရမ်းကို ရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အရာ ပါပဲ။ ပြီးတော့ ဒါဟာ ကျွန်တော် အမြဲ မျှော်လင့် တောင့်တ နေတဲ့ အရာ ဖြစ်ပါတယ်။

အ၇မ်း ကောင်းတဲ့ တိုက်စစ်မှုး တစ်ဦးနဲ့ ရင်ဆိုင် ကစား ရတဲ့ အခါ ဒါမှမဟုတ် ပြိုင်ဘက် တိုက်စစ်မှုး နဲ့ ဒီလို အားပြိုင်မှုမျိုး လုပ်ရတဲ့ အခါ…ကျွန်တော့်ရဲ့ စိတ်ထဲမှာ ဘယ်သူ့ကိုမှ မနာကျင် စေချင်တဲ့ အပြင် မှန်ကန်တဲ့ ရည်ရွယ်ချက် ၊ မှန်ကန်တဲ့ နှလုံးသား နဲ့ပဲ ရင်ဆိုင် သွားချင် ပါတယ်။

ဒီလိုပွဲမျိုးဟာ နိုင်ဖို့ အတွက် သွားကစား ရတဲ့ အပြင် ကိုယ့်ကိုကိုယ်လည်း ကာကွယ်ဖို့ ကြိုးစား ရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ထဲမှာတော့ ပြိုင်ဘက် အပေါ် လေးစားမှု အပြည့် ရှိနေ ပါတယ်။” လို့ ဆိုသွားပါတယ်။

ရာမို့စ် ဘက်ကတော့ ဆာလား ကို ရည်ရွယ်ချက် ရှိရှိ ပြစ်ဒဏ် ကျူးလွန် ခဲ့တာ မဟုတ်ဘူး ဆိုပြီး အမြဲတစ်စေ ငြင်းဆန် ခဲ့ပေမယ့်လည်း ၂၀၁၈ ဇွန်လက ၎င်းရဲ့ တုန့်ပြန် ပြောဆိုမှုဟာ လီဗာပူး နဲ့ ပက်သက်သူ အားလုံးကို ပိုမို ဒေါသထွက် စေခဲ့ပါတယ်။

ရာမို့စ်က “ကျွန်တော် ဒီအကြောင်းကို ပြန်မပြောချင် ပါဘူး။ ဒါပေမယ့် အရာအားလုံးဟာ ပုံကြီးချဲ့ ပြောနေကြတာပါ။ ဆာလား ဟာ ကျွန်တော့်ရဲ လက်မောင်းကို အရင်ဆုံး လာဆွဲတာပါ။ ကျွန်တော်ဟာ အခြား တစ်ဖက်ပေါ်ကျ သွားခဲ့တာပါ။ အဲဒီနောက် သူ့ရဲ့ အခြား လက်မောင်း တစ်ဖက်က ဒဏ်ရာ ရခဲ့ပါတယ်။ သူတို့ ပြောကြတာကတော့ ကျွန်တော်ဟာ ဂျူဒို အကွက် သုံးခဲ့တယ် ဆိုပြီးတော့ပါ။

အဲဒီနောက် သူတို့ ဂိုးသမား ကလည်း ကျွန်တော်နဲ့ ထိခိုက်မိ ခဲ့တာကြောင့် ဦးခေါင်းဒဏ်ရာ ရခဲ့တယ်လို့ ပြောပြန်ပါတယ်။ အခုဆိုရင် ဖာမီနို အနေနဲ့ ကျွန်တော့်ရဲ့ ချွေးစက်တွေ ကျခဲ့တာကြောင့် တုပ်ကွေးမိ ခဲ့တယ်လို့ ပြောဖို့ပဲ ကျန်ပါတော့တယ်။” လို့ တုန့်ပြန် ခဲ့ပါတယ်။

SM