ရီးရဲယ်မက်ဒရစ် အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်က ဘလွန်းဒီအောဆုဟာ လီယွန်နယ် မက်ဆီ ၊ ခရစ်စတီယာနို ရော်နယ်ဒို တို့နဲ့သာ သက်ဆိုင်တဲ့ ဆုတစ်ခု မဟုတ်တော့ ဘူးလို့ ဆိုလိုက်ပြီး လီဗာပူး နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်ဟာ ဘောလုံးလောက ရဲ့ တစ်ဦးချင်း အမြင့်ဆုံး ဆုနဲ့ အမှန်တကယ် ထိုက်တန်တဲ့သူ ဖြစ်လာ မယ်လို့ ယုံကြည် နေပါတယ်။

မက်ဆီ နဲ့ ရော်နယ်ဒို တို့ဟာ ဘလွန်းဒီအောဆု ကို လွန်ခဲ့တဲ့ ၂၀၀၈ မှ ၂၀၁၇ ခုနှစ် ကြား ၁၀ နှစ်တာ ကာလအတွင်း တစ်ဦးကို ငါးကြိမ်စီ နဲ့ ဆွတ်ခူး ထားခဲ့ ကြပြီး ပြီးခဲ့တဲ့ နှစ်ကတော့ ရီးရဲယ်မက်ဒရစ် ကွင်းလယ်လူ လူကာမိုဒရစ်ဟာ ၎င်းတို့ရဲ့ လွှမ်းမိုးမှုကို ကျော်ဖြတ်ကာ ဒီဆု ကို ရခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာ ခဲ့ပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူး အသင်းကို ၆ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလား ဆွတ်ခူး နိုင်အောင် အဓိက နေရာ ကနေ ကူညီ ပေးခဲ့တာကြောင့် ယခုနှစ် ဘလွန်းဒီအောဆု အတွက် ရေပန်းစား နေပြီး နယ်သာလန် အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လက ကျင်းပတဲ့ ချန်ပီယံလိဂ် မဲခွဲပွဲမှာလည်း မက်ဆီ နဲ့ ရော်နယ်ဒို တို့ကို ကျော်ကာ ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ဆုကို ရရှိ ခဲ့ပါတယ်။

၎င်းရဲ့ new Aamzon Prime documentary ဖွင့်ပွဲမှာ ရာမို့စ် က “တစ်ဦးချင်းဆုတွေ ရဖို့ ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ဗန်ဒိုက်ဟာ အရမ်းကို ကောင်းတဲ့ နောက်ခံလူ ပါပဲ။ သူဟာ အရမ်းကို ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင် နိုင်ခဲ့ ပါတယ်။ သူဟာ ဒီလို ရာသီကို ပိုင်ဆိုင် နိုင်ဖို့ အတွက် အရမ်းကို အလုပ်ကြိုးစား ခဲ့ရပါတယ်။

လူတွေ ကတော့ အမြဲတမ်း ခရစ်စတီယာနို နဲ့ မက်ဆီ တို့ကိုသာ ပြောကြ ပါတယ်။ ဒါပေမယ့် ဒါဟာ နောက်ထပ် လမ်းကြောင်း တစ်ခု အတွက် ခြေလှမ်း တစ်လှမ်း ပါပဲ။ အခြား ကစားသမားတွေ ဒီဆု ကို ရတာ ကောင်းမွန်တဲ့ အရာပါ။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အခြား ကစားသမားတွေ ဘလွန်းဒီအောဆု ကို ဆွတ်ခူး နိုင်သင့်တဲ့ အခါတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလို မဖြစ် ခဲ့ပါဘူး။ ဒါဟာ ကိုယ့်ကို အတွေးများ စေပါတယ်။

ဘောလုံးဆိုတာ စုပေါင်း ကစား ရတဲ့ အားကစား နည်းပါ။ ဒါ့ကြောင့် တစ်ဦးချင်းကို အကဲဖြတ်ဖို့ အတွက် အရမ်း ခက်ခဲပါတယ်။ ကျွန်တော် ကတော့ ဗန်ဒိုက်ဟာ အ၇မ်းကို ထူးချွန်တဲ့ နောက်ခံလူလို့ ထင်ပါတယ်။ အကယ်၍ ဗန်ဒိုက်သာ ဘလွန်းဒီအောဆုကို ဆွတ်ခူး နိုင်ခဲ့မယ် ဆိုရင် ဒါဟာ လုံလောက်တဲ့ အရည်အသွေးကို ပြသ ခဲ့လို့ ပါပဲ။ ကျွန်တော်တို သူ့ကို ဂုဏ်ပြု သွား၇မှာပါ။ နောက်ခံလူ တစ်ဦး အနေနဲ့ ဒီဆု ရဖို့ အတွက် တကယ် ခက်ခဲ ပါတယ်။

အခု ဆိုရင် ဒီဆုဟာ မက်ဆီ နဲ့ ရော်နယ်ဒို တို့ပဲ ရနေတဲ့ ပုံစံမျိုး မဟုတ်တော့ ပါဘူး။ လက်ရှိ အနေအထားကို ကြည့်ရတာ အခြား သူတွေ အတွက်လည်း လမ်းကြောင်း ပွင့်နေ ပုံပါပဲ။” လို့ ဆိုလိုက်ပါတယ်။

ရာမို့စ်ဟာ ကစားသမား ဘ၀မှာ ကမ္ဘာ့ဖလား ၊ ဥရောပ ဖလား ၊ ချန်ပီယံလိဂ် ဖလား နဲ့ လာလီဂါဖလား စတဲ့ အမြင့်ဆုံး ဆုဖလားတွေကို ရယူ ထားခဲ့သူ ဖြစ်ပေမယ့် ဘလွန်းဒီအောဆု အတွက်တော့ ဘယ်တုန်းကမှ ရေပန်း မစား ခဲ့ပါဘူး။ နိုင်ငံနဲ့ ကလပ် အသင်းတွေမှာ ဒီလို ဆုဖလားများစွာ ရရှိ ထားခဲ့တဲ့ ရာမို့စ် အနေနဲ့ ဘယ်အိမ်မက်တွေ ဖြည့်ဆည်းဖို့ ကျန်နေသေးသလဲ? ဆိုပြီး မေးမြန်း ခံခဲ့ ရပါတယ်။

ရာမို့စ်က “ကျွန်တော့် အနေနဲ့ တစ်ဦးချင်းကော အသင်းလိုက်ပါ ရနိုင်တဲ့ ဆုတွေ အကုန်ယူသွား ချင်ပါတယ်။ ဒါဟာ ကျွန်တော့် အိမ်မက်ပါ။ ကျွန်တော်ဟာ ဘယ်တော့မှ အိမ်မက်ကို ရပ်တန့်လိုသူ မဟုတ်ပါဘူး။ မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ် ဖလား ကို ၅ ကြိမ်မြောက် ဆွတ်ခူးချင်ပါတယ်။ ဒါဆိုရင်တော့ တကယ့်ကို amazing ဖြစ်မှာပါ။

နိုင်ငံ့လက်ရွေးစင် အသင်းနဲ့ အတူ ယူရို ဒါမှမဟုတ် ကမ္ဘာ့ဖလား ဆွတ်ခူး နိုင်ခဲ့မယ် ဆိုရင်လည်း မယုံကြည်နိုင်လောက်အောင် ကောင်းမှာပါ။ ဖြစ်နိုင်ရင် ဘလွန်းဒီအောဆုလည်း ရချင်ပါတယ်။ ကျွန်တော် ဒီဆုနဲ့ နီးလာမလား ပိုဝေးသွားမလား ဆိုတာကတော့ မသိပါဘူး။ ကန်နဗာရိုတောင် လုပ်နိုင်ခဲ့ရင် ကျွန်တော်လည်း ဘာကြောင့် မဖြစ်နိုင်ရမှာလဲ? ကျွန်တော့် အနေနဲ့ ကလေးဘ၀ကတည်းက အိမ်မက်မက်လာခဲ့တဲ့ အရာကို ဆက်လက် ထိန်းသိမ်း သွားမှာပါ။ ဒါ့ကြောင့် အရာအားလုံး ဖြစ်နိုင်ပါတယ်။ ခန္တာကိုယ်က အချိန်ကျပြီလို့ သတိပေးတဲ့ အချိန်ရောက်မှ ကျွန်တော် အနားယူသွားမှာပါ။ ဒါပေမယ့် အခုထိတော့ ကျွန်တော်ဟာ ထိပ်တန်း အဆင့်မှာ နောက်ထပ် နှစ်အနည်းငယ် ကစား နိုင်စွမ်းရှိနေ ပါသေးတယ်။” လို့ ပြောခဲ့ပါတယ်။