အာဆင်နယ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမား ခြောက်ဦး အထိ ခေါ်ယူ အင်အား ဖြည့်တင်း ခဲ့ပြီး လိုင်လီ အသင်း တောင်ပံ ကစားသမား နီကိုလပ်စ် ပီပီ ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ရမ်ဆေး ထွက်သွားတဲ့ ကွင်းလယ် အတွက် ရီးရဲလ် မက်ဒရစ် ကွင်းလယ်ကြယ်ပွင့် ဆီဘယ်လော့ကိုလည်း တစ်ရာသီ အငှားနဲ့ ခေါ်ယူ ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီက အမှား များခဲ့တဲ့ နောက်တန်းကို ပြင်ဆင်ဖို့ အတွက် နည်းပြ အူနိုင်း အမ်မရီ ဟာ ချဲလ်ဆီး အသင်းဝါရင့် နောက်ခံလူ ဒေးဗစ်လူးဝဇ် နဲ့ ဆဲလ်တစ် ဘယ်နောက်ခံလူ တီယာနေး တို့ကို ခေါ်ယူ ခဲ့သလို အသင်းရဲ့ အနာဂတ်အတွက်လည်း ဆာလီဘာ ၊ မာတီနယ်လီ တို့လို အလားအလာကောင်းတွေရှိတဲ့ လူငယ် ကစားသမားတွေကို ခေါ်ယူထားပါတယ် ။

အာဆင်နယ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပရိသတ်တွေ စိတ်ကြိုက် ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိတဲ့ အီဝိုဘီ၊ကော့စီရယ်နီ၊အော့စ်ပင်နာ၊ဂျက်ကင်ဆန်၊လက်ခ်ျစတိုင်နာ၊အယ်နီနီ တို့ကို ရောင်းထုတ်/အငှားချ နိုင်ခဲ့ပါတယ်။ဒါ့အပြင် အသင်းမှာ ၇ နှစ်ကြာ ပေးဆပ် ကစားခဲ့တဲ့ မွန်ရီရဲလ်ဟာလည်း သူ့ရဲ့ အနာဂတ်အတွက် စပိန် လာလီဂါကလပ် ဆိုစီဒက်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဥရောပ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာတော့ အာဆင်နယ် အသင်းဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ မီခီတာရန်းကို ရိုးမား အသင်းထံ အငှားချ ခဲ့ပါတယ်။မီခီတာရန်းဟာ အာဆင်နယ် အသင်းမှာ တစ်ပတ် လစာ ပေါင် ၂ သိန်း ရရှိနေပြီး ရိုးမား အသင်းထံ အငှားချလိုက်နိုင်တာကြောင့် လစာငွေ ၁၈၀၀၀၀ အထိ သက်သာ သွားခဲ့ရပါတယ်။

နည်းပြ အမ်မရီ က အာဆင်နယ် အသင်း တရားဝင် ဝက်ဆိုဒ်နဲ့ အင်တာဗျူးမှာ အီဝိုဘီ၊ မွန်ရီရဲလ် တို့ကို ရောင်းထုတ်ခဲ့တာကြောင့် အသင်းက လူငယ် ကစားသမားတွေနဲ့ အသစ် ရောက်လာတဲ့ ကစားသမားတွေကို နေရာပေးနိုင်တော့မှာဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” ကစားသမား အပြောင်းအလဲ လုပ်တာက အသင်းအတွက် ပိုကောင်းမယ် ထင်လို့ ဆုံးဖြတ် ခဲ့တာပါ။အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေ ဖြစ်တဲ့ ကော့စီရယ်နီ၊မွန်ရီရဲလ် တို့ ထွက်ခွာသွားခဲ့သလို အပြောင်းအရွှေ့ ပိတ်ခါနီးမှာလည်း မီခီတာရန်း၊အီဝိုဘီ တို့ကိုလည်း ထွက်ခွာသွားခဲ့ပါတယ်။”

” ကျနော်တို့ အသင်းမှာ လူငယ် ကစားသမားတွေ ရှိနေပါတယ်၊ ကစားသမားအချို့ကို ရောင်းထုတ်နိုင်ခဲ့တာကြောင့် သူတို့ကို အသင်းမှာ နေရာ ပေးနိုင်ပါတော့မယ် ၊ ကျနော်တို့ရဲ့ လိုအပ်ချက်တွေကို သူတို့က ဖြည့်ဆည်း ပေးနိုင်မှာပါ။”

” အသင်းမှာ ရှိတဲ့ လူငယ် ကစားသမားတွေရယ်၊အတွေ့အကြုံရင့် ကစားသမားတွေရယ်၊အသစ်ရောက်လာတဲ့ ကစားသမားတွေရယ်နဲ့ အသင်းကို အင်အား တောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်အောင် တည်ဆောက်သွားမှာပါ။ကျနော်တို့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ စိတ်ဆန္ဒ ပြင်းပြ​ နေပါတယ်။” လို့ ပြောကြား လိုက်ပါတယ်။

SPORTS MYANMAR