မန်ချက်စတာစီးတီး ဂန္တ၀င် ဗင်ဆန့် ကွန်ပနီက လီဗာပူး ရဲ့ ဗာဂျယ်ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်ခေတ်ရဲ့ အကောင်းဆုံး နောက်ခံလူ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဗာပူး အသင်းကို ချန်ပီယံလိဂ် ဖလား ရယူ ပေးခဲ့ရုံသာမက ပရီးမီးယားလိဂ်မှာလည်း ကလပ် စံချိန်တင် ရမှတ် ရယူ ပေးခဲ့တာကြောင့် ယခုနှစ် ဘလွန်းဒီအောဆု အတွက် လီယွန်နယ်မက်ဆီ ၊ ခရစ်စတီယာနို ရော်နယ်ဒို တို့ထက် ပိုမို ရေပန်းစား နေပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ရာသီက PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ဆွတ်ခူး ထားခဲ့တဲ့ အပြင် ပြီးခဲ့တဲ့ လက ချန်ပီယံလိဂ် မဲခွဲပွဲမှာလည်း ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို ရရှိ ထားခဲ့ပြီး ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ခေတ်မှာ ၎င်းရဲ့ နေရာ ကစားတဲ့ သူတွေ ထဲမှာ ဘယ်သူက အကောင်းဆုံးလဲ ဆိုပြီး မေးမြန်းခဲ့ ရာမှာ ကွန်ပနီ က ဂျွန်တယ်ရီ နဲ့ ရီယိုဖာဒီနန် တို့ကို ကျော်ကာ ဗန်ဒိုက် ကို ရွေးချယ် သွားခဲ့ပါတယ်။

ကွန်ပနီ က “ကျွန်တော် ဘယ်တုန်းကမှ နှိုင်းယှဉ်ဖို့ မကြိုးစား ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ ကစားသမား ဘ၀ ခရီးလမ်းဟာ ခြားနား ပါတယ်။ ကျွန်တော့် အနေနဲ့ လူအမျိုးမျိုးနဲ့ ရင်ဆိုင် ဖြေရှင်း ခဲ့ရပါတယ်။ ဗဟို ခံစစ်မှာ ကျွန်တော် ရင်ဆိုင် ကစား ခဲ့ဖူးတဲ့ အကောင်းဆုံး ကစားသမားကို ရွေးချယ် ရမယ် ဆိုရင်တော့ ကျွန်တော် ဒီနေရာမှာ ဗာဂျယ်ဗန်ဒိုက်ကို ရွေးချယ် ချင်ပါတယ်။ ဒါဟာ အနည်းငယ် ထူးဆန်းတဲ့ ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကာလရှည် ကစား ခဲ့ရတဲ့ ဂျွန်တယ်ရီ ၊ ရီယိုဖာဒီနန် တို့လို သူဟာ ဒီဇာတ်ခုံ ပေါ်မှာ ရှိနေတာ သိပ်ပြီး မကြာလှ သေးပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း သူပြသခဲ့တဲ့ လက္ခဏာတွေကို ကြည့်လိုက်မယ် ဆိုရင် သူဟာ အရင် ကတည်းက အမြင့်ဆုံး အဆင့်မှာ ရှိနေတယ် ဆိုတာ အရမ်း သိသာ ပါတယ်။ အသင်း အပေါ် သက်ရောက်မှု အပိုင်းနဲ့ ပက်သက်ပြီး ကျွန်တော် နားလည် ထားသလောက် ကတော့ နောက်ခံလူ တစ်ဦး ဆိုတာ ဘယ်တော့မှ သူ့အတွက်သူ ကစားလို့ မရပါဘူး။ အဓိကက အခြား သူတွေနဲ့ သူ့ရဲ့ ဆက်သွယ်မှုပါ။ ပြီးတော့ အသင်းကို ဘယ်လို ကျစ်လှစ်အောင် လုပ်သွား ရမလဲ ဆိုတာ ဖြစ်ပါတယ်။

ဗန်ဒိုက် မရှိခင်က လီဗာပူးနဲ့ သူရှိပြီးနောက် လီဗာပူးဟာ လုံးဝကို ပုံစံ ကွဲပြား ပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော် သူ့ကို ပရီးမီးယားလိဂ် ခေတ်ရဲ့ အကောင်းဆုံး နောက်ခံလူ အဖြစ် ရွေးချယ် ပါတယ်။” လို့ ဆိုသွားပါတယ်။

ဗန်ဒိုက်ဟာ လီဗာပူး အတွက် စုစုပေါင် ၇၈ ပွဲ ပါဝင် ကစားထားခဲ့ပြီး ၎င်းရဲ့ အန်ဖီး ကစားသမား ဘ၀ အတွင်း ၈ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဗန်ဒိုက်ရဲ့ ပထမဦးဆုံး ရာသီပြည့်မှာ လီဗာပူး ဟာ ပရီးမီးယားလိဂ်မှာ ပေးဂိုး ၂၂ ဂိုးသာ ရှိထားခဲ့ပြီး ပြိုင်ပွဲရဲ့ ခံစစ်အကောင်းဆုံး အသင်း ဖြစ်ခဲ့ကာ အဲဒီမတိုင်မီ ၂ နှစ်က ၄၆ ဂိုးနဲ့ ၄၂ ဂိုး အသီးသီး ပေးထားရပါတယ်။

ဒီရာသီ မှာလည်း လီဗာပူး အသင်းဟာ လေးပွဲကစား ၃ ဂိုးသာ ပေးထားရပြီး ရာနှုန်းပြည့် နိုင်ပွဲလည်း ရနေကာ ဗန်ဒိုက်ဟာ အဆိုပါ ပွဲအားလုံးကို ပါဝင်ကစား ထားခဲ့ပါတယ်။ လီဗာပူး ဟာ လာမည့် စနေနေ့ မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် နယူးကာဆယ် အသင်းကို အန်ဖီးမှာ လက်ခံယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပြီး အဲဒီနောက် လာမည့်တစ်ပတ် အင်္ဂါနေ့မှာတော့ ဒီရာသီ ပထမဦးဆုံး ချန်ပီယံလိဂ်ဖလား ကာကွယ်ပွဲစဉ် အဖြစ် နာပိုလီကို အဝေးကွင်းမှာ သွားကစား ရမှာပါ။