ဖိလစ်ပီကော်တင်ညိုက ပြီးခဲ့တဲ့ နွေရာသီက သူ့ရဲ့ ဘိုင်ယန်မြူးနစ် အပြောင်းအရွေ့ ဖြစ်မလာမီ ဘွန်ဒက်လီဂါ ပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ပုံ နဲ့ ပက်သက်ပြီး လီဗာပူး တိုက်စစ်မှုး ရော်ဘတ်တိုဖာမီနို နဲ့ စကား ပြောဖြစ် ခဲ့တယ်လို့ ထုတ်ဖော် သွားခဲ့ပါတယ်။ အသက် ၂၇ နှစ် အရွယ် ဘရာဇီး စတားဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က လီဗာပူးမှ ဘာစီလိုနာ အသင်းကို ပေါင် ၁၄၂ သန်း နဲ့ ပြောင်းရွေ့ ခဲ့ပြီးနောက် နူးကမ့်မှာ ပြောင်းရွေ့ကြေး နဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို မပြသ နိုင်ခဲ့ဘဲ ရုန်းကန် ခဲ့ရပါတယ်။

ဒါ့ကြောင့် ကော်တင်ညိုဟာ ပြီးခဲ့တဲ့ ရာသီကုန်ချိန်မှာ အသင်းပြောင်းဖို့ ကြိုးစား ခဲ့ပြီး အသင်းဟောင်း လီဗာပူး ကို ပြန်လည် ပြောင်းရွေ့မယ်လို့တောင် သတင်းတွေ ထွက်ခဲ့ ပေမယ့်လည်း နောက်ဆုံးမှာတော့ ဘိုင်ယန်မြူးနစ် အသင်းထံ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွေ့သွား ခဲ့ပြီး ဘွန်ဒက်လီဂါ ကလပ် အနေနဲ့ ယူရို ၈.၅ သန်း + ကော်တင်ညိုရဲ့ လစာကို ပေးချေ ရမယ့် အပြင် ယူရို သန်း ၁၂၀ နဲ့ အပြီးသတ် ခေါ်ယူခွင့်လည်း ရှိနေပါတယ်။

ကော်တင်ညိုဟာ ဘိုင်ယန် အတွက် ဒီရာသီ ၂ ပွဲ ကစား ထားပြီး ဖြစ်ကာ ရှော်ကေးကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ လူစားဝင် ကစားခွင့် ရခဲ့ပြီး သူ့ရဲ့ ပထမဦးဆုံး ပွဲထွက်ခွင့် ကိုတော့ မိန့်ဇ်ကို အလိုင်းယန့်အရီနာ မှာ ၆-၁ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ ရရှိခဲ့ ပါတယ်။ ဖာမီနို နဲ့ ကော်တင်ညို တို့ဟာ မာဆေးဆိုက် မှာကတည်းက ကွင်းတွင်း ကွင်းပြင် ဆက်ဆံရေး အလွန် ရင်းနှီးတဲ့ သူတွေ ဖြစ်ကြတဲ့ အပြင် လက်ရှိ ဘရာဇီး အသင်းမှာလည်း လက်ရွေးစင် အသင်းဖော်တွေ အဖြစ် တွဲဖက် ကစား နေကြပါတယ်။ ဒါ့ကြောင့် ဟော့ဖန်ဟိုင်း ကစားသမားဟောင်း ဖာမီနို က သူ့ရဲ့ ဘွန်ဒက်လီဂါ အတွေ့အကြုံ တွေကို သူ့ရဲ့ မိတ်ဆွေထံ မျှဝေ ပေးခဲ့တာ ဖြစ်ပါတယ်။

ကော်တင်ညို က “ဘွန်ဒက်လီဂါ ပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ပုံ နဲ့ အဲဒီက ခက်ခဲတဲ့ ပွဲစဉ်တွေ အကြောင်း ကျွန်တော် ရော်ဘတ်တို ဖာမီနို နဲ့ စကား ပြောခဲ့ပါတယ်။ သူဟာ ဘွန်ဒက်လီဂါ အသင်း အမျိုးမျိုးရဲ့ အကြောင်းကို ကျွန်တော့်ကို ပြောပြ ခဲ့ပါတယ်။

ကျွန်တော်ဟာ လီဗာပူး အသင်းဟာ နှစ်အနည်းငယ် ကစား ထားခဲ့ပြီး ဘိုင်ယန်နဲ့ ပထမဦးဆုံး ပွဲစဉ်မှာပဲ ဂျာမနီက ပွဲတွေဟာ အင်္ဂလန် ကလိုပဲ ပြိုင်ဆိုင်မှု အရမ်း ပြင်းထန်တယ် ဆိုတာ သတိပြုမိ ခဲ့ပါတယ်။ စပိန်နဲ့ ဘရာဇီး တို့ကထက်တော့ အများကြီး ပိုပါတယ်။ ဒါဟာ ကျွန်တော့် အတွက် ကောင်းပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကော်တင်ညို က “ကျွန်တော့်ရဲ့ ဘရာဇီး အသင်းဖော် တစ်ချို့က ဘိုင်ယန်မှာ အခြေအနေ ဘယ်လိုလဲ ဆိုတာ ကျွန်တော့်ကို မေးမြန်း ခဲ့ကြပါတယ်။ ကျွန်တော် အဲဒီမှာ ရှိနေတာ အရမ်း ပျော်တယ်လို့ သူတို့ကို ပြန်ပြော ခဲ့ပါတယ်။ အသင်းဖော်တွေ ၊ ကလပ် ၊ ပရိတ်သတ် ၊ မီဒီယာတွေ ရဲ့ ကောင်းမွန်တဲ့ ကြိုဆိုမှုကို ရရှိခဲ့ပြီး ကျွန်တော့် အနေနဲ့ သွင်းဂိုးတွေ ၊ ကွင်းတွင်း စွမ်းဆောင်ရည် ကောင်းတွေနဲ့ ပြန်လည် ပေးဆပ် သွားချင်ပါတယ်။” လို့ ဆိုသွားပါတယ်။

ဒါ့အပြင် ကော်တင်ညိုဟာ ဘိုင်ယန်ကို မပြောင်းရွေ့မီ လီဗာပူး မန်နေဂျာ ယာဂန်ကလော့ ဆီက အားပေးမက်ဆေ့ခ်ျတစ်ခုလည်း ရခဲ့ပါတယ်။

ဘရာဇီးစတား က “သူဟာ ကျွန်တော့်ကို မက်ဆေ့ခ်ျ ပေးပို့ခဲ့ပြီး ကံကောင်းပါစေလို့ ဆန္ဒပြု ထားပါတယ်။ ဘိုင်ယန်ဟာ ကြီးကြယ်တဲ့ ကလပ်တစ်ခု ၊ ဘွန်ဒက်လီ၈ါ ဟာ အရမ်းကို ကောင်းတဲ့ လိဂ်တစ်ခု နဲ့ ကျွန်တော့်ကို အဲဒီမှာ မြင်ရတာ အရမ်း ပျော်ရွှင်တယ် ဆိုတာကို သူပြော ခဲ့ပါတယ်။” လို့ ထုတ်ဖော် သွားပါတယ်။