အာဆင်နယ် နဲ့ ၀က်ဟမ်း တိုက်စစ်မှုးဟောင်း ဖြစ်သူ ဂျွန်ဟာဆန် က မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလီဂန်နာဆိုးရှား အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့မှာ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို ရောင်းထုတ်ပြီး တိုက်စစ်မှုး ရိုမီလူ လူကာကူ ကို အသင်းမှာ ဆက်ထိန်းထား သင့်တယ်လို့ ယူဆ နေပါတယ်။

ဘယ်ဂျီယံ စတား လူကာကူဟာ ပြီးခဲ့တဲ သြဂုတ်လက အီတလီ အင်အားကြီး ကလပ် အင်တာမီလန် အသင်းကို ပေါင် ၇၃ သန်း ပတ်ဝန်းကျင် နဲ့ ပြောင်းရွေ့ သွားခဲ့တာ ဖြစ်ပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့ ရာသီက နည်းပြ ဆိုးရှား ရဲ့ ဦးစားပေး ကစားသမား အဖြစ် ကစားခွင့် မရခဲ့တာကြောင့် ရာသီကုန်မှာ အိုးထပ်ဖို့ဒ် ကနေ ထွက်ခွာ ချင်နေ ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဟာဆန် က ယူနိုက်တက် အနေနဲ့ လူကာကူ အစား ပေါ့ဘာကိုသာ အသင်း ကနေ ဖယ်ရှား သင့်တယ်လို့ ယုံကြည် နေပါတယ်။ ပေါ့ဘာ ကိုယ်တိုင် ကလည်း ပြီးခဲ့တဲ့ နွေရာသီ တုန်းက ယူနိုက်တက် ကနေ ထွက်ခွာလိုကြောင်း အရိပ်အမြွက် ပြောဆို ထားခဲ့သူ ဖြစ်ပြီး ရီးရဲယ်မက်ဒရစ် နည်းပြ ဇနက်ဒင်းဇိဒန်း ကလည်း သူဟာ တစ်နိုင်ငံတည်းသား ဖြစ်တဲ့ ပေါ့ဘာကို ဘာနေဗျူးမှာ ကစား စေလိုတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောထား ခဲ့ဖူးပါတယ်။

ဟာဆန် က ပြင်သစ် လက်ရွေးစင်ဟာ လက်ရှိ အချိန်မှာ ယူနိုက်တက် အတွက် ရာနှုန်းပြည့် ပေးဆပ် ကစားခြင်း မရှိဘူးလို့ ယူဆနေပြီး ဒါဟာ ကလပ်မှာ ၎င်းရဲ့ မရေရာတဲ့ အနာဂတ်တွေကြောင့် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဟာဆန် က “မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပြသနာတွေ အများကြီး ရှိနေတယ်လို့ ကျွန်တော် ထင်မြင် နေဆဲ ဖြစ်ပါတ်ယ။ ခင်ဗျားတို့ ပေါ့ဘာ ကို ကြည့်လိုက်ပါ။ ကျွန်တော့် အတွက် ကတော့ ဆိုးရှား အနေနဲ့ ကစားသမား ရောင်းချရာမှာ မှားယွင်း ခဲ့တယ်လို့ ကျွန်တော် ယူဆ ပါတယ်။ ကျွန်တော်သာ ဆိုရင်တော့ ပေါ့ဘာကို ရောင်းပြီး လူကာကူ ကို အသင်းမှာ ဆက်ထိန်း မှာပါ။ အနည်းငယ်ဆုံးတော့ လူကာကူ အသင်းမှာ ရှိနေတာဟာ ဂိုးတော့ ရနေမှာကြောင့် ဖြစ်ပါတယ်။

လူကာကူဟာ အဲဗာတန် အသင်းမှာ ၃ နှစ်လောက် တောက်လျှောက် ဂိုးတွေ အများကြီး သွင်းယူ ခဲ့ပါတယ်။ မန်ယူနိုက်တက် မှာလည်း သူဟာ ၁၈ ၂၀ လောက်တော့ ဂိုးသွင်း နိုင်ပါတယ်။ ပေါ့ဘာရဲ့ လက်ရှိ အခြေအနေ အပေါ် ကျွန်တော့် အမြင်ကတော့…လူတွေ ကတော့ သူဟာ ကောင်းမွန်တဲ့ သဘောထားကို ပြသနေတယ်လို့ ဆိုနေကြ ပါတယ်။ ဒါဟာ ထွင်လုံးတွေပဲ မဟုတ်လား?

မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ကောင်းမွန်တဲ့ ခံယူချက်နဲ့ ကစားနေတယ်လို့ ဆိုရာမှာ..ကျွန်တော် ကတော့ သူ့ရဲ့ အားထုတ်မှုဟာ ၇၅% နီးပါးပဲ ရှိတယ်လို့ ထင်ပါတယ်။ တကယ် ယူဆ ပါတယ်။ ဒါဟာ စကော့မက်တိုမီနေး လိုမျိုး ကိုယ့်ကိုကိုယ် တည်ဆောက်ဖို့ အတွက် ကြိုးစား နေတဲ့ ကစားသမား အတွက် အကူအညီ မဖြစ်ပါဘူး။ စကော့တလန် လူငယ် ကွင်းလယ်လူဟာ လက်ရှိ မှာတော့ တိုက်စစ်မှာရော ခံစစ်မှာပါ အတက် အဆင်း ကစား နေရ ပါတယ်။” လို့ ဆိုသွား ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ချဲလ်ဆီးကို အဖွင့်ပွဲစဉ်မှာ အနိုင် ရရှိ ခဲ့တဲ့ ပွဲတစ်ပွဲသာ အနိုင် ရရှိ ခဲ့ပြီး ကျန် ၃ ပွဲစလုံး နိုင်ပွဲပျောက်ဆုံး ခဲ့ကာ လက်ရှိမှာ ရမှတ် ၅ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည် နေပြီး လာမည့် စနေနေ့မှာတော့ လက်စတာ ကို အိုးထရပ်ဖို့ဒ်မှာ လက်ခံ ကစား သွားရမှာပါ။

လူကာကူ ကတော့ စီးရီးအေ ၂ ပွဲ ကစား ထားပြီးချိန်မှာ သွင်းဂိုး ၂ ဂိုး ရရှိ ထားခဲ့ပြီး ၎င်းရဲ့ အင်တာမီလန် အသင်းကို အမှတ်ပေးဇယား ထိပ်မှာ ရပ်တည် နိုင်အောင် ကူညီ ပေးထား ခဲ့ပါတယ်။

SM