အလက်ဆစ်ဆန်းချက်ဟာ ချီလီ လက်ရွေးစင် အသင်းရဲ့ ထာဝရဂိုး အများဆုံး ကစားသမား အဖြစ်မှတ်တမ်းဝင်ထားသူဖြစ်ပြီး အခုထိ ၄၃ ဂိုးသွင်းယူပေးထားခဲ့ပြီးပြီဖြစ်ပါတယ်။သူဟာ၂၀၁၄ခုနှစ်မှာဘာစီလိုနာကနေ အာဆင်နယ်အသင်းကိုပြောင်းလာခဲ့ပြီး ပရီးမီးယားလိဂ်ခံစစ်မှူးတွေကြောက်ရတဲ့ တိုက်စစ်ကစားသမားတဦးအဖြစ်ရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းအတွက် FA ဖလား ၂လုံး ရယူပေးနိုင်ခဲ့တဲ့ ဆန်းချက်ဟာ ၂၀၁၈ ဆောင်းရာသီ ဈေးကွက် အတွင်းမှာတော့ မစ်ခီတာရန်းနဲ့ အလဲအထပ် အဖြစ် ယူနိုက်တက် အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ကစားသမားဘဝအကောင်းဆုံး အသက်အရွယ်အပိုင်းအခြားမှာ အကောင်းဆုံးခြေစွမ်းနဲ့အတူအိုးထရပ်ဖို့ဒ်ကိုရောက်လာခဲ့တာဖြစ်လို့လည်းယူနိုက်တက် အသင်းပရိသတ်တွေက အတော်လေးမျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အားလုံး ရဲ့ မျှော်လင့်ချက်အတိုင်းတော့ ဖြစ်မလာခဲ့တာ ဖြစ်ပါတယ်။အသက် ၃၀ အရွယ် ဒီချီလီသား ဟာ ယူနိုက်တက် အသင်းမှာသာမကပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်ကစားသမားအားလုံးထဲမှာ လစာအများဆုံးအဖြစ်ရှိနေပေမယ့် လိဂ်ပွဲ၃၂ ပွဲကစားပေးထားအပြီးမှာ၃ဂိုးသာသွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆန်းချက်ကို နည်းပြဟောင်း မော်ရင်ဟို နဲ့ လက်ရှိနည်းပြကြီး ဆိုးလ်ရှား တို့ကပါ အခွင့်အရေးတွေ ပေးခဲ့ပေမယ့် ကယကံရှင် ကစားသမား ကတော့ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တဦးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ နီးစပ် တဲ့ အနေအထားကိုတောင် ပြသထားနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ခြေစွမ်းအပေါ် သည်းခံနိုင်စွမ်း လျော့နည်းလာနေပြီဖြစ်တဲ့ ယူနိုက်တက် အသင်းဟာ အခုနွေရာသီဈေးကွက်နောက်ဆုံး အချိန်မှာပဲ စီးရီးအေကလပ်အင်တာမီလန် အသင်းထံကိုတရာသီအငှားချထားခဲ့ပြီဖြစ်ပါတယ်။သတင်းတွေရဲ့ အဆိုအရ ယူနိုက်တက် အသင်းဟာကစားသမားလစာငွေရဲ့အစိတ်အပိုင်းတရပ်ကို ပါပေးချေသွားရမှာဖြစ်တယ်လို့သိရပါတယ်။

အာဆင်နယ်အသင်းမှာ အကောင်းဆုံးဖြစ်ခဲ့ တဲ့ ကစားသမားတဦးဟာ ယူနိုက်တက် အသင်းကိုပြောင်းလာအပြီးဘာကြောင့်ဒီလောက် အခြေအနေဆိုးခဲ့ရတယ်ဆိုတာကို သူ့ရဲ့နည်းပြဟောင်းတဦးဖြစ်တဲ့ မော်ရင်ဟိုက အခုချိန်မှာ ပြောပြသွားခဲ့ပါတယ်။Daily Telegraph သတင်းစာနဲ့ အင်တာဗျူးမှာ မော်ရင်ဟိုက-

” ဆန်းချက် နဲ့ပတ်သက်ပြီး ကျွန်တော် ခံစားရတာ ကတော့ သူဟာ အိုးထရက်ဖို့ဒ်မှာ ပျော်ရွှင်မှု မရှိသလိုပါပဲ။ဘယ်အလုပ်မှာပဲဖြစ်ဖြစ် ပျော်ရွှင်ကျေနပ်မှု ရှိမနေဘူးဆိုရင် ခင်ဗျားဆိုရင်လည်း အဆင့်မီတဲ့ စွမ်းဆောင်ရည်ကို လုပ်ပြနိုင်ဖို့ မလွယ်ပါဘူး။

ကျွန်တော့် ရဲ့အမြင်ဟာမှားကောင်းမှားနိုင်ပါတယ်။ယူနိုက်တက်အသင်းမှာသူပါဝင် အသားကျနိုင်အောင် သူ့ရဲ့ အကောင်းဆုံး ပုံစံကို ရရှိနိုင်အောင် မလုပ်ဆောင်ပေးနိုင်ခဲ့တဲ့ သူ ဟာ ကျွန်တော်ကိုယ်တိုင် လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နည်းပြ တယောက် ဟာ တခါတလေမှာကိုယ့်အသင်းသားတွေဆီကနေ အကောင်းဆုံး ပုံစံကို ရရှိအောင်လုပ်ဆောင်နိုင်စွမ်းရှိနိုင်ပါတယ်။ဒါပေမယ့် တခါတရံမှာဒီလို ကိစ္စ မျိုး လုပ်ဆောင်ဖို့ ချဉ်းကပ်ရာမှာ အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်စွမ်းမရှိတာမျိုး လည်းရှိနိုင်ပါတယ်။

ဒါပေမယ့် အမှန်တရားတခုကတော့ ဆန်းချက်ဟာ ပူဆွေးသောကရောက်နေတတ်တဲ့ ကစားသမားတဦးအဖြစ် ကျွန်တော်အမြဲ ခံစားခဲ့ရပါတယ်။အီတလီမြေမှာ သူ့အနေနဲ့ဒါကိုပြန်ပြီးကုစားနိုင်လောက်ပါလိမ့်မယ်။

သူလုပ်ဆောင်နိုင်မယ် လို့ လည်း ကျွန်တော်မျှော်လင့်ပါတယ်။ကျွန်တော်ဟာ ကစားသမားတိုင်းကို ကောင်မွန်တဲ့ ဆုမွန်ကောင်းတွေ အမြဲတောင်းပေးတတ်သူဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။