လီဗာပူး နည်းပြ ယာဂန်ကလော့ က ကွင်းလယ်လူ နာဘီကီတာ ဟာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း အပြည့်အ၀ ဆင်းနိုင်ဖို့ နီးစပ် နေပြီ ဖြစ်တယ်လို့ ယနေ့ည နယူးကာဆယ် နဲ့ သတင်းစာ ရှင်းလင်းပွဲ မတိုင်မီ အတည်ပြု ပြောဆို သွားခဲ့ ပါတယ်။ ဂီနီယာ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ လက ချဲလ်ဆီး အသင်းကို အစ္စတန်ဘူမှာ ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင် ရရှိ ခဲ့တဲ့ ယူအီးအက်ဖ်အေ စူပါဖလား ပွဲစဉ် မတိုင်မီမှာ တင်ပါး ကြွက်သား ဒဏ်ရာ ရရှိ ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကီတာ ဟာ လီဗာပူး ရဲ့ ပြီးခဲ့တဲ့ ပွဲစဉ် ၃ ပွဲကို လွဲချော် ခဲ့ပါတယ်။ ကီတာဟာ လာမည့် နယူးကာဆယ် နာပိုလီ တို့နဲ့ ကစား ရမယ့် ပွဲစဉ် ၂ ပွဲကို လွဲချော် သွားဖို့ ရှိနေပြီး လီဗာပူး မန်နေဂျာ က သူတို့ရဲ့ အီတလီ ခရီးစဉ် ပြီးနောက် ကီတာ အနေနဲ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ် မှာ အပြည့်အ၀ ပူးပေါင်း နိုင်လိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။

ဒါ့အပြင် လီဗာပူး မန်နေဂျာဟာ လက်ရှိ မှာ ခြေသလုံး ကြွက်သား ဒဏ်ရာ ကနေ ပြန်လည် နလန်ထူမှု လုပ်နေတဲ့ ဂိုးသမား အလီဆွန် ရဲ့ နောက်ဆုံး ရ ဒဏ်ရာ အခြေအနေကိုလည်း ပြောပြ သွားခဲ့ပြီး လီဗာပူး အနေနဲ့ ဘရာဇီး စတား ရဲ့ အခြေအနေ ကို နေ့တိုင်း စောင့်ကြည့် နေတယ်လို့ ဆိုလိုက်ပါတယ်။

နယူးကာဆယ် နဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အလီဆွန် ရဲ့ အခြေအနေ နဲ့ ပက်သက်ပြီး ကလော့ က “ရယ်စရာ ပါပဲ။ ကျွန်တော်တို့ အခုလေးတင် နေ့လည်စာ အတူ စားခဲ့ ကြပါ သေးတယ်။ သူရဲ့ အခြေအနေ ကောင်းပါတယ်။ ပြီးတော့ တိုးတက် နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို ဘာဖိအားမှ ပေးသွားမှာ မဟုတ်ပါဘူး။

သူဟာ ခြေသလုံးမှာ တကယ့်ကို ပြင်းထန်တဲ့ ဒဏ်ရာ ရရှိ ခဲ့တာ ဖြစ်ပါတယ်။ ဒီဒဏ်ရာဟာ အခုချိန်မှာ အများကြီး ပိုကောင်း လာပါပြီ။ ဒါဟာ ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ အရာပါ။ သူ့အတွက်လည်း ကောင်းပါတယ်။ ဒါပေမယ့် သူပြန်ကစား နိုင်ဖို့ ဘယ်လောက် အချိန်ယူ ရအုံးမလဲ ဆိုတာ ကျွန်တော်တို့ အတိအကျတော့ မသိ သေးပါဘူး။

ပစ်မှတ် ထားထားတာ ကတော့ လာမည့် နိုင်ငံတကာ ပွဲစဉ်တွေ အပြီးလောက်ပေါ့။ အဲဒီအချိန် သူ အဆင်သင့် ဖြစ်နေလောက် ပါတယ်။ ဒါပေမယ့် ကစား နိုင်မလား မကစား နိုင်ဘူးလား ဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိသေး ပါဘူး။ ဒါ့ကြောင့် ကျွန်တော် ပြောခဲ့ သလိုပဲ သူ့အတွက် ဖိအား မရှိပါဘူး။ လက်ကျန် ရာသီ တစ်လျှောက်လုံး အရာအားလုံး အိုကေ နေဖို့ ကသာ ကျွန်တော်တို့ရဲ့ အစီအစဉ် ပါပဲ။

နာဘီ ကတော့ အလီထက် စာရင် နီးစပ် နေပါပြီ။ ကျွန်တော့် အမြင် သူဟာ လာမည့် တစ်ပတ် ကျွန်တော်တို့ နာပိုလီ နဲ့ ကစားပြီး ပြန်အလာမှာ လေ့ကျင့်ခန်း ဆင်းနိုင် လိမ့်မယ်လို့ ထင်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

အခြား ဒဏ်ရာ ပြသနာတွေ နဲ့ ပက်သက်ပြီး ကလော့ က “ကလိုင်နီ နဲ့ ပေါလ်ဂလက်ဇယ် … သူတို့ဟာ ပြန်ကစား နိုင်ဖို့ အဝေးကြီး လိုနေ ပါသေးတယ်။ ဒါပေမယ့် ကြီးမားတဲ့ အဆင့် တွေတော့ ကျော်ဖြတ် နေပါတယ်။ ကျန်အသင်းသား အားလုံး ကတော့ ဒီအချိန်မှာ အိုကေ ပါတယ်။” လို့ ထုတ်ဖော် သွား ပါတယ်။

လီဗာပူး အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်မီ ကစား ထားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲကို ရရှိ ထားပြီး အမှတ်ပေး ဇယား ရဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည် နေကာ မနက်ဖြန် မှာတော့ နယူးကာဆယ် အသင်းကို အန်ဖီးမှာ လက်ခံ ကစား သွားမှာ ဖြစ်ပါတယ်။

SM