Messi

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထွက် ခဲ့တဲ့ သတင်းတွေအရ ဘာစီလိုနာ အသင်းရဲ့ အိုင်ကွန် မက်ဆီဟာ သူသာဆန္ဒရှိပါက ဘောလုံး ရာသီတခု ပြီးဆုံး တိုင်း မှာ ကလပ် အသင်းနဲ့ တစုံတရာညှိနှိုင်းစရာ မလိုပဲ အသင်းပြောင်းခွင့်ရှိတယ်ဆိုတဲ့ အချက်ကို စာချုပ်မှာထည့်သွင်းထားတယ်လို့သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဒီအာဂျင်တီးနား သားကြီးဟာ ငယ်ဘဝကတည်းက ကတ်တလန် မြေကိုရောက် လာခဲ့တာဖြစ်ပြီး ဘာစီလိုနာ အသင်းအတွက် သစ္စာရှိရှိ ကာလရှည်ကစားပေးထားခဲ့ပေမယ့် ကစားသမားဘဝကနေ အနားယူချိန်အထိ ဒီတသင်းတည်းမှာပဲ ကစားသွားမယ်လို့ တော့ရည်ညွှန်းပြောဆိုထားခြင်း မရှိသေးတာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Sport နဲ့ အင်တာဗျူးမှာ မက်ဆီက – ” ကျွန်တော်ပြောနိုင်တာ တခုကတော့ ဘာစီလိုနာ အသင်းမှာ တတ်နိုင်သလောက်အကြာကြီး ကျွန်တော်နေသွားချင်တယ်ဆိုတာပါပဲ။ကျွန်တော့်ရဲ့ ကစားသမားဘဝ တခုလုံးကို ဒီမှာပဲဖြတ်သန်းထားခဲ့တာဖြစ်လို့ လည်းအိမ်လိုဖြစ်နေပါပြီ။

Messi

ဒါပေမယ့်လည်း ကျွန်တော်ကတော့ အသင်းနဲ့ ကာလရှည် စာချုပ်သက်တမ်းရှိနေတာမျိုးကို မလိုချင်ပြန်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီမှာရှိချင်တယ်ဆိုတာတခုတည်းကြောင့်ဖြစ်ပါတယ်။ကျွန်တော်ဟာ အသင်းရဲ့အရေးပါတဲ့ကစားသမားတဦးအဖြစ်ကစားပေးဖို့ကြံ့ခိုင်မှုရှိနေတာကြောင့်လည်းဒီမှာရှိချင်တာဖြစ်ပါတယ်။

ဒီအသင်းနဲ့အတူ အောင်မြင်မှုတွေဆက်ပြီးရယူသွားချင်တာဖြစ်လို့လည်း အောင်မြင်မှုတွေရယူနိုင်မယ့် အသင်းမျိုးကိုပဲ မြင်ချင်မိပါတယ်။ကျွန်တော့်အတွက် ငွေကြေး သို့မဟုတ် စာချုပ်ဖြတ်သိမ်းကြေး တွေဆိုတာ ဘာမှ အရေးမပါပါဘူး။

ကျွန်တော့်ရဲ့ စိတ်အာရုံ ကိုလှုံ့ဆော်ပေး တဲ့ တခြားအရာတွေ အများကြီး ရှိပါတယ်။အဲ့ဒီထဲကမှာအရေးအကြီးဆုံးကတော့ အောင်မြင်မှုတွေ ရယူနိုင်မယ့် အသင်းမျိုး ရှိနေတာဖြစ်ပါတယ် ” လို့ပြောထားခဲ့ဖူးတာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌဟောင်း တဦးဖြစ်တဲ့ ဂျိုအန် ဂတ်စ်ပါ့ ကတော့ မက်ဆီရဲ့ အင်တာဗျူး ကိုအသေးစိတ်လေ့လာအပြီးမှာ ဘာစီလိုနာ အသင်း သတိပြုဖို့လိုတဲ့ အချက်တွေ ရှိထားတယ်လို့ ထောက်ပြသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ အမေးအဖြေတွေနဲ့ပတ်သက်ပြး Cadena Ser နဲ့ အင်တာဗျူးမှာဂတ်စ်ပါ့တ်က – ” မက်ဆီရဲ့ စာချုပ်ပါအချက် အလက်မျိုးတွေ ဟာ အင်နီယေစတာ၊ ဇာဗီတို့တုန်းကလည်းရှိထားခဲ့ဖူးတာဖြစ်ပါတယ်။ဘာ အသစ်အဆန်းမှ တော့ မဟုတ်ပါဘူး။

မက်ဆီမှာ ရှိနေတာကတော့ ဘာစီလိုနာအသင်းရဲ့ အတွေးအခေါ်ဖြစ်ပါတယ်။သူ့အကြောင်းကို ကျွန်တော်ကောင်းကောင်းသိပါတယ်။သူရဲ့ စကားတွေဟာ အသင်းကို စိန်ခေါ်တာမျိုးမဟုတ်ဘူးလို့လည်းကျွန်တော်ထင်ပါတယ်၊ ဒါဟာသူ့စတိုင်လည်းမဟုတ်ပါဘူး။

ဒါပေမယ့် လည်း ထွက်ပေါ်လာတဲ့ ဖော်ပြချက်တွေ တိုင်းမှာ သင့်တော်မှုမရှိတဲ့ အရာတွေ ပါနေတတ်တယ်ဆိုတာကိုအသင်းဘက်က နားလည်ဖို့လိုပါတယ်။ကျွန်တော့်အထင်အရတော့ သူ့ရဲ့ပြောစကားတွေဟာ လက်ရှိဘာစီလိုနာအသင်းသွားနေတဲ့ ပုံစံကိုကြိုက်နှစ်သက်ခြင်းမရှိဘူးဆိုတဲ့ သတိပေးမှုတွေပါပဲ ” လို့မှတ်ချက်ပေးသွားခဲ့တာဖြစ်ပါတယ်။

အသင်းဖော်ဟောင်းနေမာကို ပြန်လည်ခေါ်ယူပေးနိုင်ခြင်းမရှိလို့ မက်ဆီ တယောက်အခုလို စကားတွေပြောထွက်ခဲ့တလား ဆိုတဲ့ မေးခွန်းအပေါ် ဂတ်စ်ပါ့တ်က – ” ဘာစီလိုနာ အသင်းဟာ နေမာကို ခေါ်ယူနိုင်ဖို့ကြိုးစားခဲ့ကြတယ်ဆိုတာကို ကျွန်တော်သိနားလည်ပါတယ်။ဒါပေမယ့် လည်း PSG ဘက်ကယူရိုသန်း ၃၀၀ လောက်တောင်းခဲ့တာဖြစ်ပါတယ်။

နေမာဟာ ခြွင်းချက်မရှိတဲ့ ကစားသမားကောင်တွေထဲက တဦးဖြစ်ပေမယ့်လည်းအသင်းရဲ့ ဂုဏ်သိက္ခာ အရ တော့ ဒါမျိုးကို မလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။နေမာကို ပြန်ခေါ်နိုင်ဖို့ ဘာစီလိုနာ အသင်းက ကောင်းကောင်းကြိုးစားခဲ့ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။