ဘာနေဗျူးမှာ ကစားသွားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ရီးရဲလ် အသင်းက လီဗန်တေး အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။ဒါကြောင့်လည်း နောက်ဆုံး ၂ပွဲဆက် သရေကျခဲ့ရပြီး ရမှတ်ဆုံးရှုံး ခဲ့ရမှုတွေကို အဆုံးသတ်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိပ်ဆုံးက မြို့ခံပြိုင်ဘက် အေတီကို အသင်းနဲ့ ရမှတ်ထပ်ကွာ လို့ မဖြစ်တော့တဲ့ အတွက် ပွဲအစကတည်းက ရီးရဲလ် အသင်းကြိုးစားသွားခဲ့ပြီး ပွဲချိန် ၂၅ မိနစ်နဲ့ ၃၁ မိနစ်မှာ ဘန်ဇီမာ၊ ပွဲချိန် မိနစ် ၄၀ မှာ ကေ့စ်မီယို တို့ရဲ့ ဂိုးတွေနဲ့ ပထမပိုင်းကို ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဒုတိယပိုင်းမှာဂိုးထပ်မရခဲ့ပဲ မေယာရယ်၊ မီလာရိုတို့ရဲ့ ချေပဂိုးတွေပြန်ပေးခဲ့ရလို့ အနည်းငယ်ရုန်းကန်ခဲ့ရသေးတာဖြစ်ပါတယ်။

ဒီပွဲမှာ လီဗန်တေး အတွက် ပထမဂိုးသွင်းပေးခဲ့တဲ့ မေယာရယ်ဟာ အငှားထွက်ကစားနေတဲ့ ကစားသမားတွေထဲမှာ ရီးရဲလ် အသင်းဘက်ကို ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။လီဗန်တေး အသင်း ပွဲပြီးခါနီးမှာသရေကျနိုင်တဲ့အခွင့်အရေးရခဲ့ပေမယ့် ကောတွိုက်စ် အစွမ်းပြခဲ့လို့ သက်သာရာရခဲ့တာဖြစ်ပါတယ်။နွေရာသီဈေးကွက်အတွင်းမှာချဲဆီးလ် အသင်းကနေ ပြောင်းလာခဲ့တဲ့ ဟာဇက်ဟာ အစောပိုင်းပွဲစဉ်တွေကို ဒဏ်ရာကြောင့် လွဲချော်ထားခဲ့ပြီး အခုပွဲစဉ် ဒုတိယပိုင်းရောက်မှ ပထမဆုံးလာလီဂါပွဲစဉ်ဖြစ် ပါဝင်ကစားသွားခဲ့ရတာဖြစ်ပါတယ်။ဒီဘယ်ဂျီယံသားဟာ ခြေစွမ်းပိုင်းမဆိုးခဲ့ပေမယ့်ဘောလုံးဆုံးရှုံးမှု ၂ကြိမ်အထိ ရှိခဲ့လို့ ကော်တွိုက်စ်ကစိတ်ပျက်နေတာဖြစ်ပါတယ်။

Movistar နဲ့အင်တာဗျူးမှာ ကော်တွိုက်စ်က – ” ဟာဇက်ဟာသူ့ရဲ့ တိုက်စစ် ဆင်မှုကနေ သွင်းဂိုးတဂိုးသွင်းယူနိုင်လုနီးပါအထိ ဖြစ်ခဲ့ပါတယ်။သူဟာ ဘောလုံး နဲ့ အတူရှိနေချိန်မှာ အဟုန်ကောင်းကောင်းနဲ့ ကစားနိုင်ပြီး ဒါဟာသူ့ရဲ့ ပုံစံဖြစ်ပါတယ်။ဒါပေမယ့် ဒီနေ့ပွဲကသူ့ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးကျွန်တော်နည်းနည်းတော့စိတ်ပျက်မိပါတယ်။ဘာကြောင့် လည်းဆိုတော့ သူဟာဘောလုံး ဆုံးရှုံးမှု ၂ကြိမ်ရှိခဲ့ လို့ဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာ ဖြစ်ပါတယ်။ရီးရဲလ် အသင်းဟာ ပထမပိုင်းမှာ ၃ဂိုးပြတ် အနိုင်ရနေခဲ့လို့ လွယ်ကူတဲ့ နိုင်ပွဲတပွဲ ဖြစ်လာပြီ လို့ အများက ယူဆခဲ့ကြပေမယ့် ဒုတိယပိုင်းမှာချေပဂိုး ၂ဂိုးအထိပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ကော်တွိုက်စ်ကလည်း clan sheet ရသွားမယ်လို့ ထင်ခဲ့မိတဲ့အကြောင်းဝန်ခံသွားခဲ့ပါတယ်။

ကော်တွိုက်စ်ကဆက်လက်ပြီး – ” ပထမပိုင်းအပြီးမှာ ကျွန်တော်တို့က clean sheet အကြောင်းကို တွေးနေမိခဲ့ကြတာဖြစ်ပါတယ်။တခါတလေမှာကျွန်တော်တို့ ဟာတပွဲလုံးကို တူညီတဲ့ ပုံစံမျိုးဆက်ကစားနိုင်ဖို့လိုပါတယ်။ဒါပေမယ့် အခုပွဲစဉ်ဒုတိယပိုင်းမှာတော့ ဒါကို မလုပ်နိုင်ခဲ့ပါဘူး။ပွဲက ၃-၁ ဂိုးဖြစ်သွားခဲ့ပြီး အဲ့ဒီ နောက် ၃-၂ ဂိုးထပ်ဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ဒီပွဲမှာလည်း အမှတ်ထပ်လျော့လို့မရတော့ဘူးဆိုတာသဘောပေါက်ခဲ့ပြီးအဆုံးသတ်မှာတော့ကျွန်တော့်ရဲ့ကာကွယ်မှုက အသင်းကို ကယ်တင်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ တုန်းကလိုသာ ဆက်ပြီး ကစားသွားနိုင်မယ်ဆိုရင် ကျွန်တော်တို့၅-၀ ဂိုး ၆-၀ ဂိုးတွေနဲ့တောင် အနိုင်ရသွားနိုင်တာဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ဒီရာသီရဲ့ အကောင်းဆုံးပထမပိုင်းခြေစွမ်းမျိုးနဲ့ကစားသွားနိုင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့် ဒါဟာ ဘောလုံးပွဲတပွဲဖြစ်ပါတယ်။လီဗန်တေး အသင်းက သူတို့ရဲ့ ကစားကွက်ပုံစံကို အပြောင်းအလဲလုပ်သွားခဲ့ပြီး ကျွန်တော်တို့ အသင်းကတော့ ဖြတ်တင်ဘောတွေမှာ တိကျမှု ကင်းမဲ့ခဲ့ပါတယ် ” လို့ပြောသွားတာဖြစ်ပါတယ်။ရီးရဲလ်အသင်းဟာ ဒီပွဲအနိုင်ကြောင်း အမှတ်ပေးဇယားဒုတိယနေရာကို ယာယီတက်လှမ်းသွားနိုင်ခဲ့ပါတယ်။

SPORTS MYANMAR