ရီးရဲလ် မက်ဒရစ် အသင်း ကနေ အာဆင်နယ် အသင်းကို တစ်ရာသီ အငှားလာရောက် ကစားနေတဲ့ စီဘယ်လောစ့် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းတုန်းက လီဗာပူးလောက် အသင်းလိုက် ကစားပုံကောင်းပြီး pressing ကို ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်တဲ့ အသင်းမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။

လီဗာပူး အသင်း နဲ့ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၃) အဖြစ် ဩဂုတ်လတုန်းက အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး လီဗာပူး အသင်းက သုံးဂိုး တစ်ဂိုး နဲ့ ဂိုးပြတ် အနိုင် ရသွားခဲ့ပါတယ် ။ လီဗာပူး အသင်းအတွက် ဂိုးတွေကိုတော့ ဆာလက်ရှ် က နှစ်ဂိုး ၊ မာတစ် က တစ်ဂိုး သွင်းယူ ပေးခဲ့တာပါ ။

အဆိုပါပွဲမှာ စီဘယ်လောစ့် ဟာ ပွဲထွက် ကစားခွင့် ရခဲ့ပြီး မိနစ် ၆၀ လောက် အထိ ကစားခွင့် ရခဲ့ပေမယ့် ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။ စီဘယ်လောစ့် က အန်ဖီးလ်မှာ လီဗာပူး တစ်သင်းလုံး နဲ့ စွမ်းဆောင်ရည်ဟာ သူ့ကို အံအားသင့်စေခဲ့သလို ပရိသတ်တွေရဲ့ အားပေးမှုဟာလည်း အံ့မခန်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမ်မရီ က စီဘယ်လောစ့် ရဲ့ ပြောစကားတွေအပေါ် ဝက်ဖိုဒ့် အသင်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ “ကစားသမားတိုင်းကတော့ သူတို့ အရင်က မကစားခဲ့ဖူးတဲ့ ပြိုင်ပွဲ တစ် ခု ၊ အသင်းတစ်သင်းမှာ ကစားရတော့မယ်ဆိုရင် အထိုင်ကျဖို့ အချိန်တော့ အနည်းငယ် ယူရပါတယ်။”

” လီဗာပူး အသင်းနဲ့ ပွဲအပြီးမှာတော့ ပရီးမီးယားလိဂ် ဟာ ခက်ခဲတဲ့ ပြိုင်ပွဲ တစ်ခု ဆိုတာ သူ(စီဘယ်လောစ့် ) သဘောပေါက်သွားလောက်ပါပြီ ။ အသင်းတိုင်းက လီဗာပူး လို ကစားရခက်တဲ့ အသင်းတွေချည်းပါပဲ ။ ”

” အဲ့လို သဘောပေါက်သွားတာကလည်း သူ့အတွက် ကောင်းပါတယ်၊ဒါမှလည်း သူ အနေနဲ့ အသင်းမှာ အလျင်အမြန် အထိုင်ကျဖို့ ပွဲတိုင်း၊လေ့ကျင့်ရေး အစီအစဉ်တိုင်းမှာ အများကြီး ကြိုးစားဖို့ လိုတယ်ဆိုတာ သိသွားလောက်ပါပြီ ။ သူ့အတွက် အသင်းရဲ့ နည်းစနစ်၊အသင်းဖော်၊ပြိုင်ဘက်အသင်းတွေနဲ့ အလျင်အမြန် အသားကျဖို့က အရေးကြီးပါတယ်။”

” သူ ကိုယ်တိုင်လည်း အသင်းကို ကူညီပေးဖို့ ဆန္ဒ ပြင်းပြ နေပြီး သူ့ရဲ့ ကျွမ်းကျင်မှု နဲ့ အရည်အသွေးက ကျနော်တို့ အတွက် အရမ်း အရေးပါပါတယ် ။ ” လို့ ပြန်လည် ဖြေကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၄) အပြီးမှာ နှစ်ပွဲနိုင် ၊ တစ်ပွဲသရေ ၊ တစ်ပွဲရှုံး နဲ့ အဆင့် ၇ နေရာမှာ ရပ်တည် နေပါတယ် ။ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာတော့ အာဆင်နယ် အသင်းဟာ ယနေ့ည ၊ မြန်မာစံတော်ချိန် ၁၀ နာရီမှာ ဝက်ဖိုဒ့် အသင်း အိမ်ကွင်းမှာ သွားရောက် ကစားရမှာပါ ။

SPORTS MYANMAR