တနင်္ဂနွေ နေ့ ရဲ့နောက်ဆုံးပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်ဖို့ဒ်အသင်းနဲ့ အာဆင်နယ် တို့ ၂ဂိုးစီသရေကျခဲ့ပါတယ်။အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာ တိုက်စစ် မှူး အူဘာမီယန်ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာဂိုးတွေပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

အိမ်ရှင်ဝက်ဖို့ဒ်အသင်း ရရှိခဲ့တဲ့ ပထမချေပဂိုး မှာ အာဆင်နယ် ခံစစ်မှူး ဆိုကရေးတစ်ရဲ့အမှားက အတော်လေးကို ရုပ်ပျက်ဆင်းပျက်နိုင်လွန်းတာဖြစ်ပါတယ်။သူ့ရဲ့ အနီးကပ်ဘောလုံးပေးပို့မှုကိုဒယ်လိုဖူးလ်က ဖြတ်ယူပြီးချထားပေးမှုကို ကလီဗာလေ က ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းရဲ့ ဒုတိယမြောက်ချေပဂိုးကလည်း အာဆင်နယ်အသင်းရဲ့ နောက်ထပ် ခံစစ်မှူး တဦးဖြစ်တဲ့ဒေးဗစ်လုစ်ကြောင့်ရရှိခဲ့တာဖြစ်ပါတယ်။ဂိုးဧရိယာထိပ်မှာပီရဲယားကိုတားဆီးပုံကြမ်းခဲ့လို့ ပင်နယ်တီပေးခဲ့ရပြီးပီရဲယားကပဲ ကိုယ်တိုင်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်း ဟာဒီပွဲကိုအနိုင်ရခဲ့ပါက မန်စီးတီးအသင်းနဲ့ ရမှတ်တူအနေအထားအထိရောက်သွားမှာဖြစ်ပေမယ့် အဖိုးတန်ရမှတ် ၂မှတ်ကို လွှင့်ပစ်ခဲ့ လို့ အဆင့်၇နေရာမှာပဲရပ်တည်နိုင်ခဲ့ပါတယ်။ဒီပွဲမှာပြောစရာဖြစ်ခဲ့တဲ့ထူးခြားချက်တွေကတော့ –

၁။ အမ်မရီရဲ့ကစားကွက်အပြောင်းအလဲမှာပွဲထွက်ခွင့်ရခဲ့တဲ့ အိုဇေးလ်နဲ့ဆီဘယ်လော့စ်

လာကာဇက် ဒဏ်ရာပြသနာရှိနေလို့ အာဆင်နယ်နည်းပြအမ်မရီဟာ ၄-၃-၁-၂ အခင်းအကျင်းကိုပြန်လည်အသုံးပြုခဲ့ပါတယ်။အိုဇေးလ်က နံပါတ် ၁၀ နေရာမှာကစားခဲ့ရပြီး ဆီဘယ်လော့စ်ကတော့ ကွင်းလယ်နောက်ပိုင်းဇုန်တွေအထိ လိုက်ပါကစားခဲ့ရပါတယ်။

အိုဇေးလ်ဟာ ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုတွေအကြိမ်ကြိမ်လုပ်နိုင်ခဲ့ပေမယ့် သွင်းဂိုးတွေမှာတော့ပတ်သက်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ရီးရဲလ်ကနေ အငှားလာကစားနေတဲ့ဆီဘယ်လော့စ်ကတော့ အဖွင့်ဂိုးရရှိဖို့ကြိုးပမ်းမှုမှာပါဝင်နိုင်ခဲ့ပါတယ်။

၂။ အထောင်တိုက်စစ်နေရာမှာဆိုဂိုးမြူး တတ်တဲ့ အူဘာမီယန်

လာကာဇက်ဒဏ်ရာကြောင့်မပါဝင်နိုင်ခဲ့ လို့ အူဘာမီယန်ဟာ အထောင်တိုက်စစ်မှူးစစ်စစ်အဖြစ်ကစားခွင့်ရခဲ့ပါတယ်။ပုံမှန်ပွဲထွက်နေကျ တိုက်စစ်ဘယ်တောင်ပံမှာထက်ပိုပြီး အခုပွဲမှာ ပြိုင်ဘက်ဂိုးဧရိယာ တဝိုက် အန္တရာယ်ပေးသွားနိုင်ခဲ့ပါတယ်။

Optaရဲ့ အချက်အလက်တွေအရ အူဘာမီယန်ဟာ ပရီးမီးယားလိဂ်မှာရခဲ့တဲ့ နောက်ဆုံးဂိုးပေါက် တည့်ကန်ချက် ၉ကြိမ်မှာ ၇ဂိုးအထိရရှိထားခဲ့တယ်လို့သိရပါတယ်။ပြိုင်ဘက်ဂိုးဧရိယာအတွင်းနဲ့ပတ်ဝန်းကျင်မှာ အကောင်းဆုံးကစားနိုင်စွမ်းရှိတာဖြစ်လို့ လည်းအာဆင်နယ်တိုက်စစ်ရဲ့ အကြီးမားဆုံးအားသာချက်အဖြစ်ရှိနေပါတယ်။

သူဟာ နံပါတ် ၉ နေရာမှာပိုပြီး ထက်မြတ်တဲ့ ခြေစွမ်းမျိုးကို ပြသထားနိုင်နေတာလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်းသူ့ရဲ့ သူငယ်ချင်း လာကာဇက်ပြန်ပါဝင်လာနိုင်ချိန်မှာနည်းပြကြီးက ဘာတွေလုပ်မလဲကြည့်ရဦးမှာဖြစ်ပါတယ်။

၃။ ခရာမှုတ်သံကိုနားထောင်တတ်ပါစေ ကာပူးရေ

ပွဲချိန် နောက်ပိုင်းမိနစ်တွေအတွင်း မှာ ကာပူးရဲ့ ကြိုးစားအားထုတ်မှုက တကယ့်ကို အံ့မခန်းဖြစ်ခဲ့ပါတယ်။သူ့ကိုသာရောင်းထုတ်လိုက်ရင်တော့ ဝက်ဖို့ဒ်ကွင်းလယ်အတွက်ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သွားပါလိမ့်မယ်။

ဒါပေမယ့်လည်း ဘောလုံးအားကစားရဲ့အဓိကအခြေခံအချက်တခုကိုသူမေ့လျော့နေခဲ့ပုံပါပဲ။အာဆင်နယ်အသင်းရဲ့ ဦးဆောင်ဂိုးစတင်ရမှာဖြစ်ပျက်ခဲ့တဲ့ အခိုက်အတန့်အတွင်းမှာပြစ်ဒဏ်ဘောဖြစ်ခဲ့တယ်လို့သူကယူဆပြီးရပ်ကြည့်နေခဲ့မိတာဖြစ်ပါတယ်။

၎။ မှားပြီးရင်း မှားနေဆဲ ဖြစ်တဲ့ အာဆင်နယ်ခံစစ်

ထုံးစံအတိုင်းပဲ အာဆင်နယ် အသင်း ခက်ခက် ခဲခဲရထားတဲ့ သွင်းဂိုးတွေကို လွယ်လွယ်ကူကူ ပြန်ခွင့်ပြုနေခဲ့ရတာဖြစ်ပါတယ်။ဒီရာသီမှာ အာဆင်နယ်အသင်းခွင့်ပြုထားခဲ့ရတဲ့ ပင်နယ်တီ၃ ကြိမ်အထိရှိနေပြီး မိမိဂိုးဧရိယာအတွင်းအာဆင်နယ်အသင်းလောက်အမှားများတဲ့ အသင်းမရှိသေးတာဖြစ်ပါတယ်။

ချန်ဘာ၊ ဟိုးဒင်းတို့ဒဏ်ရာကနေပြန်သက်သာလာချိန်မှာ ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်မှာဖြစ်လို့ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ဒါပေမယ့်ဒီနေ့ပွဲမှာဂိုးပေါက်ကန်ချက် ၃၁ကြိမ်အထိခွင့်ပြုခဲ့ရတာကို ကြည့်ခြင်းအားဖြင့်တသင်းလုံးရဲ့ ခံစစ်ကစားပုံက ကောင်းမွန်လုံလောက်မှုမရှိသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။

၅။ ဝက်ဖို့ဒ်အသင်းကို ဇယားထိပ်ပိုင်းကိုပြန်ဆွဲတင်ပေးမယ့် ဒယ်လိုဖူးလ်နဲ့ ပီရဲယား

ဝက်ဖို့ဒ်အသင်း ဟာ အခုပွဲစဉ်မှာ တမှတ်ရခဲ့ပေမယ့် ၅ပွဲကစား ၂မှတ်သာရထားသေးလို့ ဇယားအောက်ဆုံးအထိကျရောက်နေပါတယ်။ဒါပေမယ့်တဖက်ကကြည့်ရင်လည်း သူတို့ဟာ နောက်ဆုံး ပြိုင်ပွဲစုံ ၃ပွဲဆက် ရှုံးပွဲမရှိကစားထားနိုင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။

အခုထိ ပရီးမီးယားလိဂ်နိုင်ပွဲမရထားသေးတဲ့ ဝက်ဖို့ဒ်ကို ဇယားထိပ်ပိုင်းပြန်ဆွဲတင်ပေးမယ့်သူတွေအဖြစ်တော့ ဒယ်လိုဖူးလ်နဲ့ ပီရဲယားတို့က ရှိနေပါတယ်။ဒီနေ့ပွဲစဉ်မှာ သူတို့ကြောင့်အာဆင်နယ်ခံစစ်အတော်လေးကို အလုပ်ရှုပ်ပြီး အမှားများခဲ့ရပါတယ်။