ပရီးမီးယားလိဂ် ပွဲစဉ် ( ၅ ) မှာတော့ အာဆင်နယ် အသင်းဟာ အမှတ်ပေး ဇယား အောက်ဆုံးက ဝက်ဖိုဒ့် အသင်းနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ် သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ အူဘာမီယန်း ရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ နောက်ခံလူ နှစ်ဦးရဲ့အမှားတွေကြောင့် ချေပဂိုး နှစ်ဂိုး ပြန်ပေး ခဲ့ရတာပါ။

ဝက်ဖိုဒ့် အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ ဂိုးပေါက် ကန်သွင်းခွင့် ၃၁ ကြိမ် အထိ ခွင့်ပြု ခဲ့ရပြီး ၂၀၀၃-၂၀၀၄ ခုနှစ် နောက်ပိုင်း အများဆုံး အကြိမ်ရေ ဖြစ်တယ်လို့ Opta ရဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။အာဆင်နယ် အသင်းဟာ နောက်ဆုံး သုံးပွဲဆက်တိုက် ပင်နယ်တီ ပေးရတဲ့ မှတ်တမ်းဆိုး တစ်ခုကိုလည်း ရရှိ သွားခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီပွဲနိုင်ရင် အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် သရေရလဒ်သာ ရရှိခဲ့တာကြောင့် အဆင့် ၇ နေရာမှာသာ ဆက်လက် ရပ်တည် နိုင်ခဲ့ပြီး သုံးပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံး သွားခဲ့ပါတယ်။ဝက်ဖိုဒ့် နည်းပြသစ် ဆန်းချက်ဇ် ဖလောရက်စ် အတွက်တော့ တစ်ကျော့ပြန် ကိုင်တွယ်တဲ့ ပထမဦးဆုံး ပွဲဦးထွက်မှာတင် အာဆင်နယ် အသင်းဆီက သရေတစ်မှတ် ရယူနိုင်ခဲ့တဲ့အတွက် မျက်နှာပန်းလှသွားခဲ့ပါတယ်။

ဝက်ဖိုဒ့် ၂ – ၂ အာဆင်နယ် ပွဲမှ အာဆင်နယ် ကစားသမားများရဲ့ စွမ်းဆောင်ရည်ကို Sports Myanmar ပရိသတ်ကြီးအတွက် ဖော်ပြ ပေးလိုက်ပါတယ် ။

အာဆင်နယ်
********

လီနို ( ၅ ) – ဒုတိယပိုင်းမှာ ဝက်ဖိုဒ့် အသင်း ရဲ့ အကြိမ်ကြိမ် ဂိုးပေါက် ခြိမ်းခြောက်မှုတွေကို လက်စွမ်းပြ ကာကွယ် ပေးခဲ့ပါတယ် ။

မိတ်လန်နိုင်းလ်စ် ( ၅ ) – အူဘာမီယန်း ရဲ့ ဒုတိယသွင်းဂိုးကို ဖန်တီး ပေးနိုင်ခဲ့ပေမယ့် ခံစစ်မှာတော့ ဒယ်လိုဖူ ရဲ့ မကြာခဏ နောက်ကောက်ချခြင်းကို ခံခဲ့ရပါတယ် ။

ဒေးဗစ်လူးဝဇ် ( ၅ ) – လူးဝဇ် ဟာ ဒီနေ့ ပွဲမှာ ပီရဲရားကို ကစားပုံ ကြမ်းတမ်းခဲ့တာကြောင့် ပင်နယ်တီ ခွင့်ပြု ခဲ့ရပြီး ဒီရာသီ အာဆင်နယ် အသင်း ပေးခဲ့ရတဲ့ ပင်နယ်တီ သုံးလုံးမှာ နှစ်လုံးက လူးဝဇ် ကြောင့် ပေးခဲ့ရတာပါ ။

ဆိုကရက်တစ် ( ၄ ) – သူ့ရဲ့ လူပေးမှားမှုဟာ ပွဲအလှည့်အပြောင်း ဖြစ်သွားခဲ့ရပြီး အာဆင်နယ် အသင်း အတွက် အဖိုးတန် အနိုင်သုံးမှတ်နဲ့ ဝေးကွာ သွားခဲ့ရပါတယ် ။

ကိုလာစီနက် ( ၅ ) – အာဆင်နယ် အသင်း အတွက် ဦးဆောင်ဂိုး ကို ကွင်းလယ်ကနေ တစ်ကိုယ်တော် ဆွဲပြေးပြီး ဖန်တီး ပေးခဲ့ပေမယ့် ခံစစ်ကို ဆင်းကူတဲ့ အပိုင်းမှာတော့ အားရစရာ မရှိ ခဲ့ပါဘူး ။

ဂွမ်ဒူဇီ ( ၅ ) – မလိုအပ်ဘဲ ဘောလုံး ကိုင်ကစားပြီး လူပေးဖို့ ကြန့်ကြာ နေခဲ့ပါတယ် ။ ပထမပိုင်းမှာလည်း ဂွမ်ဒူဇီ ရဲ့အမှားကနေ ဂိုးပေးရလုနီးပါး ဖြစ်ခဲ့ပြီး လီနို ကာကွယ် နိုင်ခဲ့လို့သာ အာဆင်နယ် အသင်း သက်သာရာ ရခဲ့ပါတယ်။

ရှာကာ ( ၇ )- စပါး နဲ့ ပွဲမှာ အမှားများခဲ့တဲ့ ရှာကာဟာ ဒီနေ့ပွဲမှာတော့ တည်တည်ငြိမ်ငြိမ် နဲ့ ကစားပြခဲ့ပါတယ်။ ပွဲချိန် ၆၅ မိနစ်လောက်အထိ ဘောလုံး ဖျက်ထုတ်မှု ၄ ကြိမ် အထိ ပြုလုပ် နိုင်ခဲ့ပြီး သူ့ရဲ့ အသင်းဖော်တွေ အားလုံးပေါင်းတောင် ၅ ကြိမ်ပဲ ရှိခဲ့ပါတယ် ။

စီဘယ်လောစ့် ( ၇ ) – တိုက်စစ် လိုက်ပါလွန်းတဲ့ ကိုလာစီနက်ကြောင့် စီဘယ်လောစ့် ဟာ အာဆင်နယ် အသင်း နောက်တန်းကို ဆင်းကူ ခဲ့ရပြီး ဝက်ဖိုဒ့် အသင်းရဲ့ ဘောလုံး ပေးပို့မှုတွေကိုလည်း ကြားဖြတ် ရယူ နိုင်ခဲ့ပါတယ်။

နီကိုလပ်စ်ပီပီ ( ၅ ) – အာဆင်နယ် အသင်းရဲ့ စံချိန်တင် ကစားသမားကတော့ ခုချိန်ထိ ဂိုးပေါက် ပျောက်နေဆဲပါ၊ ပီပီ အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပိုမို ရရှိလာဖို့ သွင်းဂိုးတွေ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။

အိုဇေးလ် ( ၇ ) – ဒီရာသီ သူ့ရဲ့ ပထမဦးဆုံး ပွဲဦးထွက်မှာတော့ အိုဇေးလ် ဟာ အူဘာမီယန်း ရဲ့ ဒုတိယသွင်းဂိုးအတွက် pre-assist ပြုလုပ် ပေးခဲ့ပါတယ်။

အူဘာမီယန်း ( ၈ ) – ပထမပိုင်းမှာ ရလာတဲ့ အခွင့်အရေး နှစ်ကြိမ်ကို အပိုင်အသုံးချပြီး ဂိုးသွင်းခဲ့ပေမယ့် သူ့ရဲ့ သွင်းဂိုးတွေကတော့ အာဆင်နယ် အသင်း နိုင်ပွဲအတွက် မလုံလောက်ခဲ့ပါဘူး။

လူစားဝင် ကစားသမားများ – ဝီးလော့ ( ၇ ) ၊ တော်ရီးယား ( ၆ ) ၊ နယ်လ်ဆင် ( ၆ ) ။

SPORTS MYANMAR