ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ယခုနှစ် ဘောလုံး ရာသီ မှာမှ ချယ်လ်ဆီး အသင်း ရဲ့ စီနီယာ အသင်း လူစာရင်း မှာ ပထမဆုံး ပါဝင်ခွင့် ရရှိ ခဲ့တာ ဖြစ်ပါတယ် ။ ပထမဆုံး ပါဝင်ခွင့် ရရှိ တဲ့ ယခုနှစ် ဘောလုံး ရာသီ မှာ အိုဒွိုင်း ဟာ ပရီးမီးယားလိဂ် မှာတော့ ပွဲထွက်ခွင့် မရသေး ပေမယ့် ယူရိုပါလိဂ် နဲ့ အခြား ပြည်တွင်း ရှုံးထွက် ဖလား ပွဲစဉ် တွေမှာတော့ ပွဲထွက်ခွင့် အချို့ ရရှိ ခဲ့တာ ဖြစ်ပါတယ် ။

ယူရိုပါလိဂ် ပွဲစဉ် တွေမှာတော့ အိုဒွိုင်း ရဲ့ ခြေစွမ်း ကောင်း တချို့ ကို တွေ့မြင် ခဲ့ရပြီး နောက်ဆုံး ကစား ခဲ့တဲ့ ယူရိုပါလိဂ် ၃ပွဲ ဆက် ဂိုးသွင်း နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ယခု အခါ မှာတော့ ယင်း ခြေစွမ်း တွေကြောင့် အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ် က ၄င်း ကို ပထမဆုံး အကြိမ် အဖြစ် လက်ရွေးစင် အသင်း မှာ စတင် အသုံးပြု ဖို့ ရွေးချယ် ခဲ့တာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ချက် လက်ရွေးစင် အသင်း နဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု အဖွင့် ပွဲစဉ် မှာတော့ ဒုတိယ ပိုင်း အတွင်း မှာ အိုဒွိုင်း ဟာ စတားလင်း အစား လူစားဝင် ကစားခွင့် ရရှိ ခဲ့တဲ့ အတွက် အင်္ဂလန် လက်ရွေးစင် သမိုင်း တလျှောက် ပါဝင် ကစားခွင့် ရတဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်လာ ခဲ့ပါတယ် ။

အိုဒွိုင်း ဟာ အသက်အရွယ် နဲ့ မလိုက် တဲ့ ခြေစွမ်းခြေစ တွေကို ပိုင်ဆိုင် ထားတဲ့ အတွက် ၄င်းကို ဥရောပ ထိပ်သီး ကလပ် တချို့ ဖြစ်ကြတဲ့ ဘိုင်ယန် မြူးနစ် ၊ ဒေါ့မွန် နဲ့ လီဗာပူး တို့က လည်း အပြိုင် ခေါ်ယူဖို့ စိတ်ဝင်စား လာကြပါတယ် ။ ယနေ့ ညနေပိုင်း Daily Mail ရဲ့ ဖော်ပြချက် အရ မန်ယူ အသင်း ကလည်း အိုဒွိုင်း အပေါ် စောင့်ကြည့်မှု များ ပြုလုပ် လာတယ် လို့ သိရပါတယ် ။

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ဂါရတ် ဆောက်ဂိတ် ကတော့ အိုဒွိုင်း ကို ချယ်လ်ဆီး မှာ ပဲ ဆက်ကစား ဖို့ အကြံပြု ခဲ့ပြီး မော်ရစ်ဇီယို ဆာရီ နဲ့ ချယ်လ်ဆီး ဘုတ်အဖွဲ့ ဟာလည်း ၄င်းကို အနာဂတ် ကာလမှ ပွဲများများ ထွက်ခွင့် ပေးပို့ စီစဉ် ထားလောက်တယ် လို့ မျှော်လင့် မိကြောင်း မနေ့က အင်တာဗျူး တခုမှာ ဆိုခဲ့ ပါတယ် ။

ဆောက်ဂိတ် က ” အခု လက်ရှိ ချယ်လ်ဆီး အသင်း မှာ အိုဒွိုင်း ကစားခွင့် ရခဲ့တဲ့ ပွဲစဉ် အရေအတွက် ကို ကြည့်မယ် ဆိုရင် သူ့ အတွက် လုံလောက် တဲ့ ပွဲကစားခွင့် တွေလို့ ဆိုလို့ ရပါတယ် ။ နောက်ပြီး ချယ်လ်ဆီး အသင်း နဲ့ ကျွန်တော် တို့ အိုဒွိုင်း နဲ့ ပတ်သက်ပြီး ရာသီ အစပိုင်း လောက်က ဆွေးနွေးချက် တွေအရ သူတို့ ဟာ အိုဒွိုင်း ကို အနာဂတ် မှာ ဘယ်လောက် ထိ မျှော်မှန်း ထားသလဲ ဆိုတာ ကျွန်တော် ကြိုတင် မှန်းဆ မိပါတယ် ။ ”

” မော်ရစ်ဇီယို ဟာလည်း သူ့ အပေါ် မှာ ဘယ်လောက် ထိ ယုံကြည် ထားသလဲ ဆိုတာ ကျွန်တော် သိပါတယ် ။ သူဟာ လည်း ချယ်လ်ဆီး မှာ ထက်မြက် တဲ့ တိုက်စစ် ကစားသမား တွေ ပိုင်ဆိုင် ထားတာ ကြောင့် အိုဒွိုင်း ကို အခြေအနေ တချို့ အတွက် ပဲ ပွဲထွက်ခွင့် ပေးနေရ တဲ့ အနေအထား မှာ ရောက်နေခဲ့ ပါတယ် ။ ဒါပေမယ့် အိုဒွိုင်း ဟာ မကြာခင် ကာလ အတွင်း မှာပဲ အနည်း နဲ့ အများ ပွဲထွက်ခွင့် တွေ ပိုရလာ နိုင်ပါတယ် ။ ”

” ဒါကြောင့်မို့ အိုဒွိုင်း ဟာ အတွေ့အကြုံ အတော် ရင့်ကျက် နေပြီ လို့ ယူဆ မိပါတယ် ။ သူ့ရဲ့ လက်ရှိ အခြေအနေ ဟာ မားကပ်စ် ရက်ရှ်ဖို့ဒ် မန်ယူ မှာ စကစားခွင့် ရတဲ့ အနေအထား နဲ့ ဆင်တူတယ် လို့ ဆိုလို့ ရပါတယ် ။ ကျွန်တော် တို့ဟာ သူ့ရဲ့ ခြေစွမ်း တိုးတက်မှု နဲ့ ပတ်သက်ပြီး အလျင်လို နေခြင်း မရှိပါဘူး ။ အခုဆို သူဟာ အင်္ဂလန် စီနီယာ အသင်းမှာ ပါဝင်ခွင့် ရနေပါပြီ ။ ဒါဟာ ကျွန်တော် တို့ အတွက် အရေးကြီး ပါတယ် ။ ပထမဆုံး ကစားခွင့် ရခဲ့တဲ့ ပွဲမှာလည်း သူ့ ခြေစွမ်း အပေါ် ကျွန်တော် တို့ အားရ ကျေနပ်မှု ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR