လီဗာပူး နဲ့ စပါး အသင်းတို့ရဲ့ ကွင်းလယ်လူဟောင်း တဦးဖြစ်တဲ့ ဒန်နီမာဖီလ်က ဝက်ဖို့ဒ်အသင်းကို ၂ဦးအသာ နဲ့ ဦးဆောင်ပြီးမှ သရေသာကစားနိုင်ခဲ့တဲ့ အာဆင်နယ် အသင်းသားတွေကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။အခုလိုအဖိုးတန် ရမှတ် ၂မှတ်ကို လွှင့်ပစ်သလိုလုပ်လိုက်တဲ့ အတွက်လည်းတာဝန်ယူရမှာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဝက်ဖို့ဒ်အသင်းရဲ့ Vicarage Roadကွင်းမှာ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ အာဆင်နယ် အသင်းက အူဘာမီယန် ရဲ့ သွင်းဂိုး ၂ဂိုး နဲ့ ပထမပိုင်း အပြီးမှာဦစဆောင်ထားနိုင် ခဲ့ပေမယ့် ဒုတိယပိုင်းမှာကလီဗာလေ ၊ ပီရဲယား တို့ရဲ့ ဂိုးတွေကို ပြန်ပေးခဲ့ရလို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ကိုယ့်ရဲ့ အမှားတွေကြောင့် ကိုယ်ခံခဲ့ရတာဖြစ်ပြီးကလီဗာလေရဲ့ ပထမချေပဂိုးမှာ ဆိုကရေးတစ်ရဲ့ ဆိုးရွားတဲ့ ဘောလုံးပေးပို့မှု အမှား နဲ့ ပီရဲယားရဲ့ ပင်နယ်တီမှာ လည်း ဒေးဗစ်လုစ်ရဲ့ ကြမ်းတမ်းတဲ့ ဘောလုံးဖျက်ထုတ်မှု အမှားတွေကြောင့် ပေးဆပ်ခဲ့ရတာဖြစ်ပါတယ်။

ဒီအတွက် ကြောင့်လည်း အာဆင်နယ် အသင်းသားတွေကို မာဖီလ်က ပြစ်တင်ပြောဆိုသွားခဲ့ပြီး အမှားတွေကနေသင်ခန်းစာမယူနိုင်ခဲ့တဲ့ သူတို့ကို မယုံနိုင်အောင်ဖြစ်မိတယ်လို့ ဆိုလိုက်ပါတယ်။

Talksport နဲ့အင်တာဗျူးမှာ မာဖီလ်က –

” ကစားသမားတိုင်းမှာ တာဝန်ယူမှု တာဝန် ခံမှု ဆိုတာရှိပါတယ်။ခင်ဗျားတို့က သူတို့ကို ခေါင်းဆောင်တွေလို ခေါ်နိုင်ပါတယ်။ဒါပေမယ့်ကျွန်တော်ကတော့ သင့တင့်တဲ့ အနေအထားမျိုးမှာပဲရှိတဲ့ ဘောလုံးသမားတွေလို့ပဲ ခေါ်မှာဖြစ်ပါတယ်။

သူတို့ဟာ ပွဲကို စီမံခန့်ခွဲဖို့အတွက် တာဝန်ရှိပါတယ်။နည်းပြရဲ့ ပြောဆိုညွှန်ကြားမှုတွေကပွဲရဲ့ လတ်တလောအနေအထားနဲ့ မဆီမဆိုင်ဖြစ်နေရင်လည်း ပြင်တတ်ဖို့လိုပါတယ်။ နည်းပြက ကစားကွက်ကို ခံစစ်ကနေ စတင်စေချင်တာကို သိရင် ခံစားကနေ စလိုက်ပါ။

အခုလို သူကစားခိုင်းတဲ့ အကြောင်းပြချက်ကတော့ ပြိုင်ဘက်အသင်းသားတွေကို မြှားခေါ်နိုင်ဖို့ဖြစ်ပြီး၊ အရမ်းလျင်မြန်တဲ့ တိုက်စစ် ကစားသမားတွေရှိနေချိန်မှာဆိုရင် နေရာလွတ်တွေ အတော်လေးရရှိနိုင်မယ့် အခြေအနေမျိုးဖြစ်ပါတယ်။

ဒါကြောင့်လည်း ဝက်ဖို့ဒ်ကစားသမားတွေကို ခေါ်ပြီး သူတို့ကို ကျော်ဖြတ်ပြီးလျင်မြန်တဲ့ တိုက်စစ်ကစားသမားတွေကို ဘောလုံးပေးပို့ဖို့ကြိုးစားခဲ့တယ်ဆိုတာကို ကျွန်တော်နားလည်ပါတယ်။ဒါပေမယ့် ဒါဟာအတွေးအခေါ်သက်သက်သာဖြစ်ပြီးတနေရာရာမှာ အပိုလူတယောက်ကိုရှာထားဖို့လိုပါတယ်။

ဒါပေမယ့် တဖက်အသင်းက ကိုယ့်ကို အတင်းဖိကစားနေတဲ့ အချိန်မှာ ခံစစ်မှာ တဦးချင်း နှစ်ဦးချင်း သုံးဦးချင်းစီ ပဲ လွှတ်ထားလို့မဖြစ်ပါဘူး။အန္တရယ်ကြီးလွန်းတာကြောင့်လည်းအသင်းအများစုက ဒီလိုမကစားတာဖြစ်ပါတယ်။ဝက်ဖို့ဒ်အသင်းကတော့ဂိုးရဖို့ မဖြစ်မနေလိုနေခဲ့လို့ ဒီလိုကစားသွားတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းသားတွေကတော့ ‘ငါတို့ ဒီလို ကစားလို့ ချေပဂိုးတဂိုးပေးလိုက်ရပြီ။ဒါဟာ အလုပ်မဖြစ်ဘူး ” လို့တယောက်မှာမဆုံးဖြတ်ခဲ့ကြပါဘူး။သူတို့ဟာအဲ့ဒီဂိုးမတိုင်ခင်မှာကတည်းက ၂ ဂိုး ၃ဂိုးလောက် ပေးရလုနီးဖြစ်ခဲ့တာပါ။

သူတို့ဟာ ဂိုးသမားကို လည်း – ‘လီနိုရေ သူတို့အသင်းရဲ့ ကန်ချက်တွေအခွင့်အရေးတွေကို ထပ်မပေးရဖို့ အဝေးကိုပဲ ကန်တင်ကွာ ‘ လို့ဘယ်သူမှ မပြောခဲ့ကြပါဘူး။ကစားသမားတွေဟာ နည်းပြရဲ့ စကားကိုနားထောင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် တချို့ပွဲတွေမှာ ‘ သားကြီးတို့ ရေ နည်းပြက ကွင်းထဲမှာ ရှိတာမဟုတ်ဘူးလေ ၊ ငါတို့ ဒီလို ကစားနေလို့ ပြိုင်ဘက်ရဲ့ အဆက်မပြတ်ဖိအားပေးတာကိုခံနေရတာကွ ‘ လို့ ပြောပြီးကစားကွကပြောင်းလဲစေဖို့ လိုပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ယမန်နေ့ ပွဲစဉ်မှာ ဝက်ဖို့ဒ် အသင်းရဲ့ ဂိုးပေါက်ကန်သွင်းမှု ၃၁ ကြိမ်အထိ ခွင့်ပြုခဲ့ရပြီးဒါဟာ ပရီးမီးယားလိဂ်မှာ အချက်အလက်မှတ်တမ်းတွေ စတင်ပြုစုချိန်ကနေစတင်ပြီး အာဆင်နယ် အသင်းအတွက် ပွဲတပွဲမှာ အများဆုံး အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။