ယာဂန်ကလော့က ချန်ပီယံလိဂ် ရဲ့ လက်ရှိ ချန်ပီယံ အနေနဲ့ သူ့မှာ ဘာအပို ဖိအားမှ မရှိဘူးလို့ ဆိုလိုက်ပြီး လီဗာပူး ဟာ ယနေ့ည နာပိုလီ မှာ ၎င်းတို့ရဲ့ ချန်ပီယံလိဂ်ဖလား ကာကွယ်ရမယ့် ရာသီ စတင်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရီးရဲယ်ကို ကိယက်မှာ ၃-၁ နဲ့ ရှုံးကာ အသဲကွဲ ခဲ့ပြီးနောက် ကလော့ နဲ့ သူ့အသင်းသားတွေဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဖိုင်နယ်ကို နောက်တစ်ကြိမ် တက်ရောက် နိုင်အောင် စွမ်းဆောင် ခဲ့ကြပြီး ဇွန်လ ၁ ရက်နေ့က မက်ဒရစ်မှာ တော့တင်ဟမ်ကို နိုင်ကာ ဥရောပ ချန်ပီယံ ဖြစ်လာ ခဲ့ပါတယ်။

လီဗာပူးဟာ ယနေ့ည မှာတော့ ချန်ပီယံလိဂ် အုပ်စု E အဖွင့်ပွဲစဉ် အဖြစ် နာပိုလီ ကို ဆန်ပါအိုလိုကွင်းမှာ သွားကန် ရမှာ ဖြစ်ပါတယ်။ ကလော့ ကတော့ ဥရောပ ချန်ပီယံ အသင်း တစ်သင်း အနေနဲ့ သူ့မှာ ဘာဖိအားဒဏ်မှ မရှိဘူးလို့ ဆိုလိုက်ပြီး သူ့အနေနဲ့ အန်ဆယ်လော့တီ ရဲ့ နာပိုလီ အသင်းနဲ့ အပြိုင်ကြဲဖို့ အတွက်သာ မျှော်လင့် ထားတယ်လို့ ပြောခဲ့ ပါတယ်။

ကလော့က “ကျွန်တော်တို့ ဖိအားဒဏ် မခံစား ရပါဘူး။ ဘယ်လို ခံစားရသလဲ ဆိုတာ ကျွန်တော် အတိအကျ မသိပါဘူး။ ဘာလို့လဲဆိုတော့ ဖိုင်နယ်ပြီးတာ အတော် ကြာနေပြီ ဖြစ်လို့ပါ။ ၃ လ ၄ လ လောက်တောင် ရှိပြီ ထင်ပါတယ်။ ပြိုင်ဘက်တွေဟာ ကျွန်တော်တို့နဲ့ တွေ့တဲ့ အခါ မတူညီတဲ့ ပုံစံနဲ့ ကစားသွား မှာလား? ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်တို့ ဒါကို တွေ့ရပါ လိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင့် ဖြစ်နေမယ်လို့ မျှော်လင့် ပါတယ်။ နာပိုလီရဲ့ ကစားသမားတွေဟာ အတူတကွ ဆက်ရှိ နေခဲ့ကြပြီး သူတို့ဟာ အရမ်း ကောင်းတဲ့ အသင်းပါ။ သူတို့ဟာ ဒီရာသီ မှာလည်း အကောင်းဆုံး စတင် နိုင်ခဲ့ပါတယ်။

သူတို့မှာ ကစားသမားသစ် အနည်းငယ်လည်း ရှိနေပေမယ့် အသင်းသား အများစုဟာ အတူဆက်ရှိ နေခဲ့ ကြပါတယ်။ ဒါဟာ တကယ် စိတ်ဝင်စား စရာပါ။ ကျွန်တော်တို့လည်း ဒီလိုမျိုး ပါပဲ။ ကျွန်တော်တို့ ကတော့ ကစားသမားသစ် ၂ ဦးစလုံးကို ပွဲထွက်ခွင့် မပေး ရသေးပါဘူး။ ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ ရာသီက လုပ်ဆောင်ခဲ့ မှုကို အခြေခံ သွားရမှာပါ။ ကျွန်တော်တို့ နာပိုလီ နဲ့ ပွဲမှာ ဒါကို လုပ်ပြ နိုင်မယ်လို့ မျှော်လင့် ပါတယ်။

သူတို့ဟာ လုပ်နေကြ အတိုင်းပဲ လုပ်ပြ နေပါတယ်။ သူတို့ဟာ lines တွေကို ဖောက်ထွက် နိုင်တယ် ၊ တန်ပြန် တိုက်စစ်တွေ နဲ့ ဖန်တီးမှုတွေ လုပ်နိုင်ပါတယ်။ သူတို့ အသင်းကို လေ့လာဆန်းစစ် ရတာကို ကျွန်တော် နှစ်သက်ပါတယ်။ အရမ်း စိတ်ဝင်စားစရာ ကောင်းသလို အရမ်းလည်း ခက်ခဲ မှာပါ။ ဒါဟာ ဘောလုံးပါ။ ဒါပေမယ့် ကျွန်တော်တို့ ပြင်းထန်တဲ့ လုပ်အားနဲ့ ကောင်းမွန်တဲ့ ခံစစ် ကစားပုံကို ပြသ ရပါမယ်။ ကျွန်တော်တို့ မနက်ဖြန်မှာ ဒါကို ပြသဖို့ ကြိုးစား သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ကလော့က သူ့အသင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူး ထားခဲ့ ပေမယ့်လည်း လီဗာပူးဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး အသင်း ဆိုတဲ့ ပြောဆိုမှု တွေကို ပယ်ချ လိုက်ပါတယ်။ လီဗာပူး နည်းပြက ပက်ဂွာဒီယိုလာ ရဲ့ မန်ချက်စတာစီးတီး အသင်း ကသာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းလို့ ဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း ကလော့ က သူ့အသင်းဟာ ချန်ပီယံလိဂ် ဖလားကို ကာကွယ် နိုင်ဖို့ အတွက် အဆင်သင့် ဖြစ်တာထက် ပိုတယ်လို့ ပြောသွား ပါတယ်။

ကလော့ က “ကျွန်တော်တို့ဟာ ဥရောပ ရဲ့ အကောင်းဆုံး အသင်း တစ်သင်း မဖြစ် နိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့ မန်စီးတီးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်း ဖြစ်နေ လို့ပါ။ ဒါဟာ တူညီတဲ့ ဂြိုလ်ပါပဲ။ ကမ္ဘာပေါ်မှာ အသင်းကောင်းတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ တောက်လျှောက် သက်သေ ပြနေ ရပါမယ်။ ပြီးခဲ့တဲ့ ရာသီ ကတော့ ကျွန်တော်တို့ဟာ ဥရောပ ရဲ့ အကောင်းဆုံး အသင်း ဖြစ်ခဲ့ သလား ဆိုတာ ကတော့ ကျွန်တော်လည်း သေချာ မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ တကယ့်ကို အရေးပါတဲ့ အခိုက်အတန့် တွေမှာ အရမ်း ကောင်းခဲ့ ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူး ခဲ့တာပါ။

ကျွန်တော်တို့ ပြီးခဲ့တဲ့ ရာသီက အဆင့်အတန်းမျိုး ပြန်ရောက်ဖို့ ကြိုးစား သွားမှာပါ။ ကျွန်တော်တို့ တည်ငြိမ်တဲ့ ခြေစွမ်း ၊ ကိုယ်ပိုင် ကစားဟန်တွေနဲ့ အတူ ကိုယ့်ရဲ့ အရည်အသွေး ၊ ကိုယ့်ရဲ့ ယုံကြည်ချက် တွေကို အသုံးချ သွားမှာပါ။ ရာသီကုန်မှာတော့ ကျွန်တော်တို့ရဲ့ တိုးတက်မှုကို ဆုံးဖြတ် သွား၇မှာပါ။ အခုက စပြီး ကျွန်တော်တို့ အကောင်းဆုံး လုပ်သွား ရပါမယ်။” လို့ ဆိုလိုက်ပါတယ်။