ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့က မက်ဒရစ်ဖိုင်နယ်မှာ တော့တင်ဟမ်ကို ၂-၀ နဲ့ အနိုင်ယူကာ ၆ ကြိမ်မြောက် ဥရောပ ချန်ပီယံ ဖြစ်လာ ခဲ့တဲ့ လီဗာပူး အသင်းဟာ ယနေ့မှာတော့ ၎င်းတို့ရဲ့ ချန်ပီယံလိဂ် ဖလား ကာကွယ်ရေး ခရီးစဉ်ကို ယနေ့ည နေပယ်မှာ စတင်တော့မှာ ဖြစ်ပါတယ်။ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ကစား ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်မှာ နာပိုလီ ကို လော်ရန်ဇို အင်ဆစ်နီ ရဲ့ တစ်လုံးတည်းသော နောက်ကျဂိုးနဲ့ နေပယ်မှာ ရှုံးနိမ့် ခဲ့ပါတယ်။ ဒီပွဲဟာ လီဗာပူး အတွက် တကယ့်ကို သင်ခန်းစာ ကောင်းကောင်း ယူနိုင်ခဲ့တဲ့ ပွဲလို့ ဆိုနိုင်ပြီး ယာဂန်ကလော့ရဲ့ အသင်းဟာ အကောင်းဆုံး ပြန်လည် ပြုပြင် နိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှာတော့ ချန်ပီယံလိဂ် ဖလားကို သိမ်းပိုက် ခဲ့ပါတယ်။

ပြီးခဲ့တဲ့လက မိုနာကိုမှာ ပြုလုပ် ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု မဲခွဲပွဲမှာတော့ လီဗာပူးဟာ မနှစ်ကလောက် အုပ်စုကျပ်ခဲ့ခြင်း မရှိပေမယ့်လည်း နာပိုလီ နဲ့တော့ တစ်အုပ်စုတည်း ပြန်ကျခဲ့ကာ ကျန်နှစ်သင်း ကတော့ သြစတီးယား ကလပ် ရက်ဘူးဆဲလ်ဘတ် နဲ့ ဘယ်ဂျီယံ ကလပ် ဂျန့် အသင်းတို့ပဲ ဖြစ်ပါတယ်။ လီဗာပူးရဲ့ ဒီရာသီ ပြိုင်ဘက်တွေ အကြောင်း အနည်းငယ် လေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

နာပိုလီ
လာမည့် အင်္ဂါနေ့မှာတော့ လီဗာပူးရဲ့ အဝေးကွင်း ပွဲကို လိုက်ပါအားပေးမယ့် ပရိတ်သတ်တွေဟာ တစ်နှစ် မပြည့်မီမှာပင် နေပယ်ကို နောက်ထပ်တစ်ကြိမ် ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ခြေစမ်းပွဲတွေကို ထည့်တွက်ကာ ဒီရာသီ အုပ်စု E ပွဲစဉ်တွေ အပြီးမှာတော့ လီဗာပူး နဲ့ နာပိုလီ တို့ဟာ ၁၆ လ အတွင်း တစ်ဦးနဲ့တစ်ဦး ၆ ကြိမ်မြောက် တွေ့ဆုံနေမှာ ဖြစ်ပါတယ်။ ယာဂန်ကလော့ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ရာသီ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ နာပိုလီကို အန်ဖီးမှာ ၁-၀ နဲ့ အနိုင်ကစားပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ဖြုတ်ချ ပစ်ခဲ့ပါတယ်။

ဘာမှ အပြောင်းအလဲ ကြီးကြီးမားမား မရှိသေးတဲ့ ကာလိုအန်ဆယ်လော့တီ ရဲ့ အသင်းဟာ ဒီရာသီ စီးရီးအေမှာ ဂျူဗင်တပ်အသင်း ထံမှ ဖလားရယူဖို့ အားခဲနေတဲ့ အပြင် လွန်ခဲ့တဲ့ ၂၀၁၆-၁၇ ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် ချန်ပီယံလိဂ် အုပ်စုအဆင့် ကနေ ကျော်ဖြတ် နိုင်ဖို့ အတွက်လည်း ရည်မှန်းနေပါတယ်။ နာပိုလီဟာ ကူလီဘာလီ ၊ ဒရီးစ်မာတန်စ် နဲ့ လော်ရန်ဇိုအင်ဆစ်နီ တို့လို ကြယ်ပွင့်တွေ ရှိနေပြီးသား အသင်းကို ပြီးခဲ့တဲ့ နွေရာသီက မာနိုလက်စ် ၊ အဲလ်မက်စ် ၊ လိုရန်တီ ၊ ဒီလော်ရန်ဇို နဲ့ ဟာဗင်လိုဇာနို တို့လို ကစားသမားကောင်းတွေ နဲ့ ထပ်ပြီး အားဖြည့်ခဲ့ပါတယ်။ ဒီရာသီ အုပ်စု အတွင်း တွေ့မြင်နိုင်ဖို့ သိပ်မရှိတာကတော့ ပြီးခဲ့တဲ့ ရာသီက အဆိုပါ နှစ်သင်းရဲ့ အိမ်ကွင်း အဝေးကွင်း ၁-၀ ဆိုတဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

နာပိုလီဟာ စီးရီးအေ အဖွင့်ပွဲစဉ်မှာ ဖီအိုရင်တီးနားကို အဝေးကွင်းမှာ ၄-၃ နဲ့ နိုင်ခဲ့တဲ့ အပြင် နိုင်ငံတကာပွဲစဉ်တွေ မတိုင်မီ တုန်းကတော့ ဂျူဗင်တပ်ကို အဝေးကွင်းမှာ ၃-၀ အရှုံးကနေ ၃-၃ ဖြစ်အောင် လိုက်ကစား နိုင်ခဲ့ပေမယ့်လည်း ပွဲချိန် နောက်ဆုံးမိနစ်မှာ ကူလီဘာလီရဲ့ own goal ကြောင့် ကံဆိုးစွာနဲ့ ၄-၃ နဲ့ ရှုံးသွားခဲ့ပါတယ်။ ဒီပွဲမတိုင်မီ နာပိုလီ ဟာ ဆမ့်ဒိုးရီးယား သက်တောင့်သက်သာ အနိုင်ကစားကာ လီဗာပူးနဲ့ပွဲ အတွက် ခြေသွေး ထားခဲ့ ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ် မဲခွဲပွဲ ပြီးနောက် ကာလိုအန်ဆယ်လော့တီက ‘ပြီးခဲ့တဲ့ ရာသီကထက်တော့ ပိုကောင်းပါတယ်။ ဒါပေမယ့် ခက်ခဲတဲ့ အုပ်စုတစ်ခု အဖြစ်တော့ ရှိနေဆဲပါ’ လို့ ဆိုခဲ့ပြီး နာပိုလီဟာ ပြီးခဲ့တဲ့ ရာသီတုန်းကတော့ လီဗာပူး ၊ ပီအက်ဂျီ ၊ ရက်စတားဘဲလ်ဂရိတ် တို့နဲ့ အတူ မရဏအုပ်စုထဲ ကျရောက်ခဲ့တာ ဖြစ်ပြီး အုပ်စု တတိယနေရာနဲ့ ယူရိုပါလိဂ်ကို ဆင်းကန် ခဲ့ရပါတယ်။

ဆဲဘတ်
ဆဲဘတ် အတွက် မျှော်လင့်ချက် ကတော့ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ကစားခွင့် ရဖို့ ဖြစ်ပါတယ်။ ဆဲဘတ်ဟာ ပြီးခဲ့တဲ့ ခြောက်ရာသီစလုံး ခြေစစ်ပွဲ အဆင့်ကနေ ထွက်ခွာ ခဲ့ရတဲ့ အသင်းဖြစ်ပြီး သြစတီးယားရဲ့ ၁၃ ကြိမ် ပြည်တွင်း ချန်ပီယံဟာ သြစတီးယား ဘွန်ဒက်လီဂါရဲ့ အဆင့်ရပ်တည်မှု အရ ဒီနှစ်မှာတော့ အုပ်စုအဆင့်ကို တိုက်ရိုက်ဝင်ခွင့် ရရှိခဲ့ပါတယ်။ အုပ်စု E ပြိုင်ဘက် အသင်းတွေ အနေနဲ့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ပြည်တွင်းဖလားတွေကို ၁၁ ကြိမ် ဆွတ်ခူးထားခဲ့တဲ့ အပြင် ယူရိုပါလိဂ်မှာ အမြဲလိုလို ခြေစွမ်းပြလေ့ ရှိတဲ့ ဆဲဘတ် အသင်းရဲ့ ခြိမ်းခြောက်နိုင်စွမ်းကိုတော့ မေ့ထားလို့ မရပါဘူး။

ပြီးခဲ့တဲ့ နည်းပြ မာကိုရို့စ်ဟာ ဆဲဘတ်ကို ၂၀၁၇-၁၈ ရာသီက ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင် ပေးနိုင်ခဲ့ပြီး ဒီထဲမှာ လာဇီယို အသင်းကို အကောင်းဆုံး come back နဲ့ အတူ နှစ်ကျော့ပေါင် ၆-၅ နဲ့ နိုင်ခဲ့တဲ့ ပွဲလည်း ပါဝင်ခဲ့ပါတယ်။ ဆဲဘတ်ဟာ နောက်တစ်ရာသီမှာ ဆဲတစ်ကို ၁၆ သင်း အဆင့်မှာ နှစ်ကျော့စလုံး အနိုင်ယူကာ ဖြတ်ချပစ် နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်မှာတော့ နာပိုလီကို ရှုံးခဲ့ပါတယ်။

ရို့စ်ဟာ ပြီးခဲ့တဲ့ နွေရာသီက မွန်ချင်ဂလာဘတ် အသင်းကို ပြောင်းသွားခဲ့တဲ့ အပြင် ဆဲဘတ်ဟာ ၃၇ ဂိုးသွင်းယူ ခဲ့တဲ့ တိုက်စစ်မှုး မိုနက်ဒါဘော ကိုလည်း ဆီဗီလာ အသင်းထံ ထပ်ပြီး လက်လွှတ်ခဲ့ရတာကြောင့် ဒါတွေဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဆဲဘတ်ရဲ့ လူသစ်စုဆောင်းရေး ဗျူဟာဟာ တကယ့်ကို လေးစားဖို့ ကောင်းတာကြောင့် နည်းပြသစ် ဂျယ်စီမာ့ခ်ျ ရဲ့ လက်အောက်မှာ ချောမွေ့တဲ့ အကူအပြောင်းတွေ လုပ်နိုင်ခဲ့ပါတယ်။ မာ့ခ်ျရဲ့ အသင်းဟာ ပထမဦးဆုံး လိဂ်ပွဲစဉ် ၅ ပွဲမှာ သွင်းဂိုး ၂၂ ဂိုးထိ သွင်းနိုင်ခဲ့ကာ သြစတီးယား ဘွန်ဒက်လီဂါမှာ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

လီဗာပူး ရဲ့ ဆာဒီယိုမာနေး နဲ့ နာဘီကီတာ တို့ကလည်း ဆဲဘတ်ကနေ ထွန်းတောက် လာခဲ့ကြသူတွေ ဖြစ်ကြပြီး ဒီအသင်းကနေ နောက်ဆုံး ထွက်လာဖို့ ရှိတဲ့ အရည်အသွေးမြင့် ကြယ်ပွင့်ကတော့ နော်ဝေး တိုက်စစ်မှုး အာလင်းဟာလန်း ပဲ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ ၇ ပွဲကစား အပြီးမှာ အသင်း အတွက် ၁၁ ဂိုးထိ သွင်းယူ ထားခဲ့ပြီး ဆဲဘတ်ရဲ့ လိဂ်နဲ့ ဖလားပြိုင်ပွဲ အကောင်းဆုံး ရာသီအစမှာ အဓိက ကဏ္ဍ ကနေ ပါဝင်ထားခဲ့ပါတယ်။

မာ့ခ်ျက “ဒါဟာ အရမ်းကောင်းတဲ့ အုပ်စုတစ်ခုဖြစ်ပြီး ကျွန်တော်တို့ဟာ တကယ်ကောင်းတဲ့ ပြိုင်ဘက်တွေနဲ့ ရထားပတယ်။ အထူးသဖြင့် လီဗာပူး နဲ့ ကစားရမှာကို ကျွန်တော် တကယ် ရင်ခုန်နေပါတယ်။ သူတို့ဟာ ကြီးကြယ်တဲ့ အသင်းဖြစ်ပြီး ကျွန်တော်တို့ အတွက် ကြီးကြယ်တဲ့ စိန်ခေါ်မှု ဖြစ်လာမှာပါ။” လို့ ဆိုခဲ့ပါတယ်။

KRC ဂျန့်ခ်
ဂျန့်ခ် အသင်းဟာ ကယ်ဗင်ဒီဘရိုင်း ၊ ကော်တွား ၊ ဘန်တီကီ နဲ့ အိုရီဂီ တို့အပြင် အခြားကြယ်ပွင့်ပေါင်း များစွာကို မွေးထုတ်ခဲ့တဲ့ လူငယ်စီမံကိန်းကြောင့် ကျော်ကြားတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂျန့်ခ်ဟာ ပြီးခဲ့တဲ့ ရာသီက ဘယ်ဂျီယံ ဘောလုံးလောကမှာ အောင်မြင်မှုတွေ များစွာ အပြိုင်ရယူထားခဲ့တဲ့ အန်းဒါးလက်ခ်ျ နဲ့ ကလပ်ဘရူ့ခ်ျ တို့ကို ဖြတ်ကျော်ကာ အမှတ်ပေးဖလား ကို လေးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဂျန့်ခ်ဟာ ဒီအောင်မြင်မှုကို ရယူပေးခဲ့တဲ့ နည်းပြ ဖိလစ်ပီကလီးမန့်ကို ပြိုင်ဘက် ဘရူ့ခ်ျထံ လက်လွှတ် ခဲ့ရသလို ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ထရို့ဆက် နဲ့ မာလီနော့စကီး တို့ကလည်း ဘရိုက်တန် ၊ အတ္တလန်တာ အသင်းတို့ထံ ပြောင်းသွား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်သူ ဆာမက်တာဟာ အသင်းမှာ ဆက်ရှိနေတဲ့ အပြင် ဂျန့်ခ်ဟာ နည်းပြသစ် မက်ဇူ လက်ထက်မှာလည်း ရာသီအဖွင့်ကောင်းနေကာ ပွဲစဉ် ၆ အပြီး ထိပ်ဆုံးက အသင်းနဲ့ ၂ မှတ်အကွာမှာ ရှိနေပါတယ်။ ကစားသမားသစ် ၇ ဦး ခေါ်ယူထားခဲ့ရာမှာ မျက်စိအကျဆုံး ဖြစ်နေတဲ့သူကတော့ ပြီးခဲ့တဲ့ ဇွန်လက ကွန်စတာတာ အသင်းကနေ ပြောင်းလာခဲ့တဲ့ အသက် ၂၀ အရွယ် ကွင်းလယ်လူ ဟာဂီပဲ ဖြစ်ပြီး ၎င်းဟာ ပြီးခဲ့တဲ့ နွေရာသီ ယူ ၂၁ ယူရိုပြိုင်ပွဲမှာ အထူးခြေစွမ်းပြ ကစားခဲ့ပြီး အင်္ဂလန်ကို ၄-၂ နဲ့ နိုင်ခဲ့တဲ့ အုပ်စုပွဲစဉ်မှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။

မက်ဇူက “ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ ဘာလဲဆိုတာ ပြသချင်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ယုံကြည်ထားရမှာ ဖြစ်ပြီး ကျွန်တော်တို့ ရမှတ်တွေ စုဆောင်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါမှမဟုတ်ရင် ဒီပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်စရာ အကြောင်းမရှိပါဘူး။” လို့ ပြောခဲ့ပါတယ်။

SM