ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့မှာ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်ဖို့ဒ် အသင်း နဲ့ အာဆင်နယ်တို့ ၂ဂိုးစီသရေကျခဲ့ပါတယ်။ဒီပွဲမှာဧည့်သည် အာဆင်နယ် အသင်းက အူဘာမီယန်ရဲ့ ဂိုးတွေနဲ့ ပထမပိုင်းအပြီးမှာဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ခံစစ်ပိုင်းအမှားတွေကြောင့် ချေပဂိုးတွေပြန်ပေးထားခဲ့ရတာ ဖြစ်ပါတယ်။

အခုလို အဖိုးတန် ၂မှတ်ဆုံးရှုံး လိုက်ရတာနဲ့ ပတ်သက်ပြီး လူအများစုကတော့ နည်းပြ အမ်မရီရဲ့ နည်းစနစ် အခင်းအကျင်းကို အဖြစ်ဖို့ကြပါတယ်။ဒီစပိန် သားကြီး ဟာ သူ့အသင်းသားတွေကို ခံစစ်ကနေ ပဲ ကစားကွက်စတင်ဖို့ စေခိုင်းထားသူဖြစ်ပြီး အန္တရာယ်များလွန်းတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းပေးလိုက်ရတဲ့ ပထမချေပဂိုးမှာ အမှားကျူးလွန်မိခဲ့တဲ့ ဗဟိုခံစစ်မှူး ဆိုကနေရေးတစ်ကဆော့ သူ့ရဲ့ အမှားအတွက် အပြည့်အဝတာဝန်ယူသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။ဒုတိယချေပဂိုးကလည်း နောက်ထပ်ဗဟိုခံစစ် မှူးတဦးဖြစ်တဲ့ ဒေးဗစ်လုစ်ရဲ့အမှားကနေ ပေးလိုက်ရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦးဖြစ်တဲ့ မာတင်ကီအွန်က အပါအဝင် ဘောလုံးလောကရဲ့ ကျော်ကြားသူအချို့က အမ်မရီရဲ့ အဆိုပါ နည်းစနစ်ကို ဝေဖန်ပြစ်တင် မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အမ်မရီရဲ့ နည်းစနစ် အောက်မှာဝက်ဖို့ဒ် အသင်းရဲ့ အလွန်အမင်းဖိအားပေးမှုတွေခံခဲ့ရပြီး ဂိုးပေါက်ကန်ချက် ၃၁ ကြိမ်အထိခွင့်ပြုခဲ့ရသလို အမှားတွေ လည်း ကျူးလွန်မိခဲ့ပေမယ့် ဂိုးသမားဖြစ်သူ လီနို ကတော့ သူတို့ အသင်းဟာ ဘာနည်းစနစ်မပြောင်းအလဲမှ ပြုလုပ်မှာ မဟုတ်ဘူး လို့ ဆိုသွားခဲ့ပါတယ်။

အင်တာဗျူးတခုမှာ လီနိုက – ” ဒါဟာ ပွဲတွေ ကစားဖို့ ကျွန်တော်တို့ အသင်းရဲ့စတိုင်ဖြစ်ပါတယ်။ကျွန်တော်တို့က စွန့်စားမှုကို ကြိုးစားပြီးလုပ်ဆောင်တာဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့သူတို့ ကစားသမားတွေရဲ့ဖိအားပေးမှုကိုသာကျော်လွှားနိုင်ခဲ့ရင် ကျွန်တော်တို့ အသင်းရဲ့ တိုက်စစ်မှူး တွေအတွက် နေရာလွတ်တွေ အများကြီးပိုရမှာဖြစ်ပါတယ်။

ပထမပိုင်းမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ခံစစ် ကနေ စတင်တဲ့ ကစားကွက်ကနေ အခွင့်အရေးများများစားစားမဖန်တီးနိုင်ခဲ့ပါဘူး။ကျွန်တော်တို့ဟာ ဒါကို ဆက်ပြီး ကြိုးစားသွားရဦးမှာဖြစ်ပါတယ်။

ပွဲအပြီး မှာတော့ လူတိုင်းက စိတ်ဆိုးပြီး စိတ်ပျက်ခဲ့ကြပါတယ်။နည်းပြကြီးကတော့ အတော်လေးကို အကောင်းမြင်စိတ်ရှိသူဖြစ်ပါတယ်။ကျွန်တော်တို့ကိုလည်း အကောင်းပဲ မြင်စေချင်ပုံရပြီး ဒီပွဲကို အချိန်ယူပြီးပြန်သုံးသပ်ဦးမယ်လို့ ဆိုပါတယ်။

အခုတော့ ကျွန်တော်တို့ အားလုံးမှာ စိတ်ခံစားချက်တွေ ပေါင်းစုံရောပြွန်းနေပါပြီ။ဒါပေမယ့် ပွဲတပွဲ အပြီးမှာ ဒါမျိုးကာ သာမန် ဖြစ်စဉ်တခုလိုပါပဲ။နည်းပြကြီးကတော့ စိတ်အေးအေးထားပြီး အင်္ဂါနေ့ ရောက်မှဒီ ပွဲကိုပြန်သုံးသပ်ဖို့သူကပြောပါတယ်။ကြာသပတေးနေ့မှာတော့ ကျွန်တော့်တို့အတွက်နောက်တပွဲရှိနေပါတယ်။

ပထမပိုင်းမှာပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုလိုဖြစ်သွားခဲ့ လို့ စိတ်တော့ပျက်မိပါတယ်။ကျွန်တော်တို့ဟာ အမှား၂ခုကိုခပ်လွယ်လွယ် ကျူးလွန်ခဲ့တာကိုခင်ဗျားတို့ မြင်ပါလိမ့်မယ်။အဲ့ဒီအမှားတွေကနေ ပဲ ချေပဂိုး၂ဂိုးပေးလိုက်ရပြီးကံကောင်းလို့သာရှုံးပွဲမကြုံလိုက်ရတာဖြစ်ပါတယ်” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ၃ မှတ်ပြည့်ရခဲ့ပါကမန်စီးတီးအသင်းနဲ့ အမှတ်တူအဆင့်၃နေရာအထိရောက်ရှိမှာဖြစ်ပေမယ့် ၂မှတ်ပြန်ဖြုန်းခဲ့လို့ အဆင့်၇ အထိကျဆင်းသွားခဲ့ပါတယ်။သူတို့ဟာကြားရက်အတွင်းမှာတော့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ်ဖရန့်ဖတ်အသင်းကို ဂျာမန်မြေမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။