မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ မနက်ဖြန် ည မှာ ယူရိုပါ လိဂ် အုပ်စု အဖွင့် ပွဲစဉ် အဖြစ် အဇာဘိုင်ဂျန် ကလပ် အက်စတာနာ ကို အိမ်ကွင်း အိုးထရက် ဖိုဒ့် မှာ လက်ခံ ကစား ရမှာပဲ ဖြစ် ပါတယ် ။ ယနေ့ ပြုလုပ် ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် မှာ တော့ ကစား သမား အချို့ ပါဝင် မလာခဲ့ ဘဲ ဒဏ်ရာ ကစား သမား တစ်ဦး ကိုတော့ လေ့ကျင့်ခန်း ပြန်ဆင်း နေတာ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။

 

ပြီးခဲ့တဲ့ အပတ် က လက်စတာ နဲ့ ပွဲ ကို လွဲချော် ခဲ့တဲ့ အန်တိုနီ မာရှယ် ၊ လုခ်ရှော တို့ ဟာ ယနေ့ လေ့ကျင့်ခန်း အစီအစဉ် ကို လည်း လွဲချော် ခဲ့ကြပြန် တယ် လို့ ကြားသိရ ပါတယ် ။ ဒါ့အပြင် ယူနိုက်တက် အတွက် ပွဲတိုင်း ပါဝင် ကစား ပေး ထားတဲ့ ဝေးလ် တောင်ပံ ကစား သမား ဒန်နီရယ် ဂျိမ်းစကွင်းလည်း လေ့ကျင့်ခန်း အစီအစဉ် မှာ မမြင်တွေ့ ခဲ့ရ ဘူးလို့ သိရ ပါတယ် ။

ဒါပေမယ့် အင်္ဂလန် နဲ့ လေ့ကျင့်နေစဉ် မှာ ဒဏ်ရာ ရရှိ သွားတဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ် ကတော့ လေ့ကျင့်မှု ပြန်လည် ပြုလုပ် နေပြီ လို့ ဓါတ်ပုံ သတင်းတွေ အရ သိရှိရ ပါတယ် ။ လင်ဂတ် ဟာ အဖျား ဝေဒနာ ကြောင့် အင်္ဂလန် အသင်း ရဲ့ ပွဲစဉ် ၂ ပွဲ နဲ့ ယူနိုက်တက် ရဲ့ လက်စတာ ပွဲစဉ်တွေ ကို လွဲချော် ခဲ့ရ ပါတယ် ။ ဒါ့အပြင်​ ပြင်​သစ်​ကွင်းလယ်​လူ ​ပေါ့ဘာ ကိုလည်း မြင်​​တွေ့ခဲ့ရတယ်​ လို့ သိရှိရပါတယ်​ ။

လက်ရှိ မှာတော့ လင်ဂတ် ဟာ လေ့ကျင့်မှု ပြန်လည် ပြုလုပ် နေပေမယ့် အက်စတာနာ နဲ့ ပွဲ ကို ပါဝင် ကစားဖို့ မရှိ နိုင်သေး ဘဲ ပိတ်ရက် မှာ ကစားမယ့် ၀က်စ်ဟမ်း နဲ့ ပွဲ ကို သာ အဓိက ပစ်မှတ် ထားဖွယ် ရှိတယ် လို့ သတင်း တွေ က ရေးသားခဲ့ ကြပါတယ် ။

ယူနိုက်တက် ရဲ့ တိုက်စစ် မှာ မားကပ် ရက်ဖိုဒ့် တစ်ဦးတည်းသာ ပွဲတိုင်း ကစား နေရတာ ကြောင့် မနက်ဖြန် ပွဲ မှာ ဆိုးရှား ဟာ လူငယ် တိုက်စစ်မှုးလေး မေဆင် ဂရင်းဝုဒ် ကို ပွဲထွက် အသုံးပြု နိုင်ချေ ရှိတယ် လို့ လည်း သတင်းတွေ ထွက်လာ ခဲ့ ပါတယ် ။ ဂရင်းဝုဒ် ဟာ ယူနိုက်တက် လူငယ် အသင်း မှာ ဂိုးသွင်း စွမ်းရည်တွေ ပြသ ထားသူ ဖြစ်ပြီး ယခု ရာသီ မှာလည်း အရန် ကစား သမား အဖြစ်နဲ့ မိနစ် အနည်းငယ် ကစားထား ပြီးသူ တစ်ဦး ဖြစ် ပါတယ် ။

ယူနိုက်တက် အသင်း ရဲ့ ခံစစ်မှုး ဖီးလ် ဂျုံးစ် ကတော့ ယူရိုပါ လိဂ် အဖွင့် ပွဲ မှာ အသင်း အတွက် ပါဝင် ကစား ပေးချင် ပါတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဂျုံးစ် ဟာ ယခု ရာသီ မှာ ပွဲ လုံးဝ ကစား ရခြင်း မရှိ သေးဘဲ အဓိက ခံစစ် မှုး ၂ ဦး ကို အနားပေး လို့ ရနိုင်တဲ့ အခုလို ပွဲမျိုး မှာ ပါဝင် ကစားခွင့် ရရှိ လိုကြောင်း ဖွင့်ဟ ပြောဆို လာခဲ့တာ ပဲ ဖြစ်ပါတယ် ။

“အသင်းမှာ အများကြီး ပါဝင် ခွင့် မရ သေးတဲ့ ကျွန်တော့လို ကစား သမား တွေ အများကြီး ရှိ ပါတယ် ။ အခွင့် အရေး ကတော့ လူတိုင်း အတွက် တစ်ကြိမ် မဟုတ် တစ်ကြိမ် တော့ ရောက် လာမှာပါ ။ ပွဲဆက် တွေ များလာ တဲ့ အခါ မှာ ကစား သမား တွေ အတွက် အခွင့် အရေး ပေါ် လာတတ် ပါတယ် ။ ဒါကို အမိအရ အသုံးချ နိုင်ဖို့ က အဓိကပါ”

“ကျွန်တော် ဒီပွဲ ကို ၀င် ကစားချင် ပါတယ် ။ အသင်း အပေါ် အကူ အညီ ပေးနိုင်တယ် ဆိုတာ ကို ပြသချင် ပါတယ် ။ ဒီ အခွင့် အရေး အမှန် တကယ် ရလာ မယ်လို့ ကျွန်တော် မျှော်လင့် ပါတယ်” လို့ ဂျုံးစ် က ယူနိုက်တက် ရဲ့ တရားဝင် ၀က်ဆိုက် ကနေ ပြောဆို သွားခဲ့ ပါတယ် ။

လက်ရှိ ယူနိုက်တက် ခံစစ် မှာ အဲရစ် ဘိုင်လီ ဒဏ်ရာ ရရှိ နေပြီး စမောလင်း ကလည်း ရိုးမား ကို အငှား ထွက် သွားပြီ ဖြစ်တာ ကြောင့် ပွဲထွက် ခံစစ် သမား ၂ ဦး ပြီးပါက ဂျုံးစ် ဟာ စီနီယာ အကျဆုံး ခံစစ်မှုး ဖြစ်လာ ခဲ့ ပါတယ် ။ လက်ရှိ အရန် စာရင်းမှာ တွမ်ဇီဘီ နဲ့ ဂျုံးစ် တို့ ရှိနေပြီး အက်စတာနာ နဲ့ ပွဲ မှာ တစ်ဦး အနည်းဆုံး ပါဝင် လာဖို့ ရှိနိုင်တယ် လို့ သုံးသပ် မှုတွေ ရှိလာခဲ့ ပါတယ် ။

SPORTS MYANMAR