အီတလီ မြေမှာကစားသွား ခဲ့ တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့် ပွဲစဉ်မှာ နာပိုလီ အသင်းက လက်ရှိချန်ပီယံလီဗာပူး အသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ဒီနှစ်သင်းဟာ ပွဲပြီးခါနီးအထိ အနိုင်အရှုံး အဖြေမထွက်ခဲ့သေးပေမယ့် ပွဲချိန် ၈၂ မိနစ် မှာ ပေးလိုက်ရတဲ့ ပင်နယ်တီဂိုးက ဒီရလဒ်ကို ဦးတည်စေခဲ့တာ ဖြစ်ပါတယ်။

ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ ဒီဖြစ် ရပ်မှာ လီဗာပူး ခံစစ်အစွန် ကစားသမား ရောဘတ်ဆန် ဟာနာပိုလီတောင်ပံတိုက်စစ်ကစားသမား ကယ်လီဂျွန်ကို ပြစ်ဒဏ်ကျူးလွန်မိခဲ့တာ ဖြစ်ပါတယ်။ရောဘတ်ဆန် ရဲ့ ကြိုးထားအားထုတ်မှုနည်းပါးပြီး ပျင်းရိတဲ့ ဘောလုံးဖြတ်ထုတ်မှုကြောင့် အခုလိုဖြစ်ခဲ့ရတာလို့ ဂန္တဝင်ကြီးတဦးဖြစ်တဲ့ မာ့ခ်လော်ရန်ဆန်က ဆိုပါတယ်။

အဆိုပါ ပင်နယ်တီကို ဒရိုင်းမာတန်းစ်က အမှားအယွင်းမရှိအဆုံးသတ်ပြီး နာပိုလီအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့သလို နာကျင်အချိန်ပိုမှာ လည်း ဗန်ဒိုက်ရဲ့ အမှားကနေရလာတဲ့ အခွင့်အရေးကနေ လော်ရန်တေးကနာပိုလီအတွက် ဒုတိယဂိုးသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့လီဗာပူး နည်းပြ ကလော့ပ်က ကယ်လီဂျွန်အနေနဲ့ ဟန်ဆောင်လှဲချခဲ့တာဖြစ်တယ်လို့စွပ်စွဲသွားခဲ့ပြီး ခံစစ်ကစားသမားဟောင်းကြီး လော်ရန်ဆန်က လည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကျေနပ်နေပုံမရတာဖြစ်ပါတယ်။ဒါ့အပြင် ရောဘတ်ဆန်ရဲ့ မသေသပ်တဲ့ ဘောလုံးဖြတ်ထုတ်မှုကလည်း သရေကျတော့မယ့်ပွဲကိုသတ်လိုက်သလိုပဲလို့ သူကဆိုပါတယ်။

BBC Sport Column အစီအစဉ်မှာ
လော်ရန်ဆန်က – ” ဂိုးမရှိသရေ ဆိုတာလီဗာပူးအတွက် ရလဒ်ကောင်းတခုဖြစ်ပါတယ်။ဒီရလဒ်ကို သူတို့ရဖို့ ဆယ်မိနစ်လောက်ပဲ လိုခဲ့တာ ဖြစ်ပါတယ်။အဆုံးသတ်မှာတော့ အရာရာက ပျက်ပြားသွားခဲ့ပါတယ်။

နာပိုလီ အသင်းရဲ့ပထမဂိုး ရသွားခဲ့တဲ့ပင်နယ်တီ ဆုံးဖြတ်ချက်ကို လည်း ကျွန်တော် သဘောမတွေ့လှပါဘူး။ဒါမျိုးကို အခုမှ ပထမဆုံးမြင်ခဲ့ရတာဖြစ်ပါတယ်။မှန်ကန် တဲ့ ဆုံးဖြတ်ချက်လို့ တော့ ကျွန်တော်က ယူဆခဲ့ပါတယ်။ဒါပေမယ့်ထပ်ခါထပ်ခါပြန်ပြီးကြည့်လေလေ မပေးသင့်ခဲ့ဘူးဆိုတာကို နားလည်လာလေလေပါပဲ။

ဒါပေမယ့် လည်း ကယ်လီဂျွန် အပေါ် ရောဘတ်ဆန် ရဲ့ ဖြတ်ထုတ်မှုကလည်း ကြိုးစားအားထုတ်မှုနည်းပါသလို ပျင်းရိသလို ဖြစ်ခဲ့သေးတာဖြစ်ပါတယ်။ဒီဖြစ်ရပ် က ကွင်းလယ်ဒိုင်ကို ပင်နယ်တီ ခွင့်ပြုဖို့ အခွင့်အရေးပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။

နာပိုလီအသင်းဟာ ဒုတိယဂိုးကို နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တာဖြစ်ပြီး အဲ့ဒီ အချိန်မှာတော့ ပွဲကို လုံးဝသတ်လိုက်သလိုဖြစ်သွားခဲ့ရပါတယ်။ဒီဂိုးအတွက် ဗန်ဒိုက် က အပြည့်အဝ တာဝန် ယူသွားရမယ်ဆို တာကတော့ အားလုံးအသိသာကြီးပဲဖြစ်ပါတယ်။

ခံစစ်မှာ ဘောလုံးပိုင်ဆိုင်မှုရထားချိန်မှာ လီဗာပူး အသင်း ၊ အထူးသဖြင့် ဗန်ဒိုက်က ဒီလို အမှားမျိုး ကျူးလွန်တယ်ဆိုတာ ယေဘုယျအားဖြင့် အတော်လေး ဖြစ်ခဲပါတယ်။ဒါကြောင့်မို့လည်း ဒီလို နောက်ကျ အမှား၂ခုက ကလော့ပ်ရဲ့ အသင်းကို ပေးဆပ်ရမှု ကြီးမားစေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီမတိုင်မီမှာ သူတို့အသင်းရဲ့ ခံစစ်က ဆိုးရွားခဲ့တယ်လို့ တော့ကျွန်တော်မမြင်မိပါဘူး။သူတို့ဟာ တိုက်စစ် အစုအဖွဲ့ကောင်းတဲ့ နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။နာပိုလီတို့ဟာအက်ဒရီယန်ကို ကောင်းမွန်တဲ့ ဂိုးပေါက်ကာကွယ်မှုတွေပြုလုပ်ရအောင်လည်းဖိအားပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူး အသင်းရဲ့ ခံစစ်ဟာ မိနစ် ၉၀ ပြည့်ရုန်းကန်ခဲ့ရတာတော့မဟုတ်ပါဘူး။ဒါကြောင့်လည်း ကလော့ပ်သာဒီပွဲကို ပြန်သုံးသပ်မယ်ဆိုရင် အကြီးမားဆုံးပြသနာက တိုက်စစ်ပဲဆိုတာကို မြင်ရမယ်လို့ ကျွန်တော်ကျိန်းသေပြောရဲပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

နည်းပြကလော့ပ်ကတော့ ပင်နယ်တီမပေးသင့်ခဲ့ဖူးလို့ ဆိုပါတယ်။ပွဲအပြီး အင်တာဗျူးတခုမှာ ကလော့ပ်က – ” ဒီဖြစ်ရပ်မှာ မတူညီတဲ့ အမြင်အမျိုးမျိုးရှိကြမယ်ဆိုတာသေချာပါတယ်။ဒါပေမယ့် လည်း ထိခိုက်မှု တခုခုမကြုံရသေးခင်မှာ ကစားသမားက ခုန်ပြီးလှဲချလိုက်တာကတော့ ပင်နယ်တီမဟုတ်ပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။
SM