ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပွဲကောင်းတွေ ကြည့်ခဲ့ရသလိုပဲ ၊ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလဲ နောက်ထပ် ပွဲကောင်း တစ်ပွဲကို ဆက်လက် ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။

အဲဒီ ပွဲစဉ်ကတော့ လီဗာပူး နဲ့ ချဲဆီး တို့ ထိပ်တိုက်တွေ့နေတဲ့ ပွဲစဉ်ဖြစ်ပြီး ၊ ဒီနှစ်သင်းဟာ မကြာခင်က ဥရောပ စူပါဖလားပွဲစဉ်မှာ တွေ့ဆုံခဲ့ကြပြီး ၊ အပြန်အလှန် သွင်းဂိုးတွေ နဲ့ ကြည့်ကောင်းခဲ့သလို ၊ ပင်နယ်တီ အဆုံးအဖြတ်ထိ ခံယူကာ ပွဲအဖြေကို ဖော်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ကစားအား ကောင်းကောင်း နဲ့ ကစားလေ့ရှိတဲ့ အသင်း နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ပရိသတ်တွေကို ဆွဲဆောင်ထားဦးမှာ ဖြစ်ပြီး ၊ ဘယ်လို ရလာဒ်တွေ ထွက်ပေါ်လာမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။

လီဗာပူး နည်းပြ ကလော့ပ် ကတော့ လက်ရှိ လမ်းပတ် ရဲ့ ချဲဆီး အသင်းဟာ သူ ကိုင်တွယ်ခဲ့တဲ့ ဒေါ့မွန် နဲ့ ဆင်တူတယ်လို့ ခိုင်းနှိုင်းလိုက်ပြီး ၊ ကစားသမားတွေဟာ အသက်ငယ်ရွယ်သေးသည့်တိုင်အောင် ၊ အရည်အချင်း ရှိရှိနဲ့ ကစားပြတာချင်းက တော်တော်လေးကို တူညီမှု ရှိနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

“ လမ်းပတ်ဟာ ဒါဘီ မှာ ကတည်းက အလုပ်ကို အကောင်းဆုံး လုပ်ဆောင်ပြသွားခဲ့တာမို့ လက်ရှိ ချဲဆီးကို တည်ဆောက်ထားတာ နဲ့ ပတ်သက်ပြီး လုံးဝ ကို အံ့အားသင့်မှု မရှိပါဘူး။ ပရီးမီးယားလိဂ် ဆိုတာတော့ ကမ္ဘာပေါ်မှာ အခက်ခဲဆုံး ပြိုင်ပွဲ တစ်ခုပဲလေ။

လက်ရှိ ချဲဆီး ရဲ့ ရလာဒ် နဲ့ ပတ်သက်ပြီးတော့ အားမရတဲ့ ပရိသတ် တစ်ချို့ ရှိနေတာ မြင်ရပေမယ့် ၊ ဒါက နည်းပြ လမ်းပတ် နဲ့ မဆိုင်ဘူး ဆိုတာ ကျနော် သိပါတယ်။ သူဟာ တကယ်ကို တော်တဲ့ နည်းပြသေချာပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ်တွေ အတွင်းမှာ ကစားကွက် နည်းစနစ် ကို မတူညီတဲ့ ပုံစံတွေ နဲ့ ကစားခဲ့တာသလို ၊ လူငယ် ကစားသမား အများစုကလဲ ခြေစွမ်းပြခဲ့တယ်လေ။ ဒါကြောင့် ဒီပွဲဟာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။

တကယ်ဆိုရင် သူတို့ အသင်းဟာ ပြသနာ တစ်ချို့ကို ကြီးကြီးမားမား ရင်ဆိုင်ထားခဲ့ရတာ ဖြစ်ပေမယ့် ၊ အကောင်းဆုံး ပုံစံတွေ ဖြေရှင်းပြီး ဖြတ်ကျော်ပြနေတာပါ။ ကျနော် ဖြင့် ဗလင်စီယာ နဲ့ ပွဲစဉ်မှာ သူတို့ အသင်း ဘယ်လိုနည်းနဲ့မှ ရှုံးနိမ့်လိမ့်မယ်လို့တောင် ထင်မထားခဲ့တာဗျ။ အဲဒီပွဲကြည့်ရင်း ကျနော် ကိုင်ခဲ့တဲ့ ဒေါ့မွန်ကိုတောင် ပြန်ပြီး သတိရမိပါတယ်။

ကစားသမားတွေက ငယ်တယ် ၊ အရည်အသွေးရှိတယ် ၊ ပြီးတော့ ပွဲကြီးတွေကိုလဲ ရဲရဲဝံ့ဝံ့ နဲ့ ကစားပြရဲလေ။ အငှားချရာကနေ ပြန်လည်ရောက်ရှိ လာခဲ့တဲ့ အဗရာဟမ် ကလဲ ဂိုးတွေ ဘယ်လို သွင်းယူရမလဲ ဆိုတာ သိသလို ၊ ကန်တေ ၊ ဂျောဂင်ဟို ၊ ပူလီဆစ် တို့အားလုံးကလဲ ကစားသမားကောင်းတွေပါ။ ပြောရရင် သူတို့ဟာ ထိပ်တန်း ပြိုင်ပွဲကြီးတစ်ခုမှာ စိန်ခေါ်ပြဖို့ လုံအပ်တဲ့ အချက်အလက်တွေ အားလုံး ပိုင်ဆိုင်ထားပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဆက်လက်ပြီး နယူးကာဆယ် နဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့တဲ့ တိုက်စစ်မှုး အိုရီဂီဟာ ချဲဆီးနဲ့ ပွဲကို လွဲချော်ဖို့ သေချာသွားသွားပြိလို့ ပြောလို့ မရသေးဘူးလို့ ဆိုလာခဲ့သလို ၊ ပါဝင် ကစားပေးနိုင်ဖို့တော့ ရာခိုင်နှုန်း နည်းနေဆဲ ပဲလို့ ဆိုပါတယ်။ နာဘီ ကီတာ ကတော့ ဒီကနေ့မှာ လေ့ကျင့်ခန်း အစီအစဉ်တွေ ပြန်လည် လုပ်ဆောင် လာပြီဖြစ်ပြီး ၊ အလီဆွန် ကလဲ အသင်းနဲ့ ပူးပေါင်း နိုင်ခြင်း မရှိသေးသည့်တိုင်အောင် ဂိုးနည်းပြ နဲ့ လေ့ကျင့်ခန်း အစီအစဉ် တစ်ချို့ကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူး ပရိသတ်တွေ အတွက်တော့ ဒဏ်ရာ ရ ကစားသမားတွေ ပြန်လာနိုင်တော့မှာ ဖြစ်လို့ ၊ သတင်းကောင်းလို့ မှတ်ချက်ပေးရမှာ ဖြစ်ပြီး ၊ ကလော့ပ် အနေနဲ့ လဲ စံချိန်တင် နိုင်ပွဲဆက်တွေ ဆက်လက် ရယူနိုင်ဦးမလား ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး 6 သင်းနဲ့ အဝေးကွင်းမှာ နောက်ဆုံး ရင်ဆိုင် ကစားခဲ့တဲ့ 12 ပွဲမှာ လီဗာပူးဟာ 1 ပွဲ သာ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

SPORT MYANMAR