အဲဗာတန်၊ အာဆင်နယ် အသင်းတွေမှာ ကာလရှည်ကစားခဲ့ဖူးတဲ့ ကွင်းလယ် ကစားသမားဟောင်းတဦးဖြစ်တဲ့ အာတီတာဟာ အခုချိန်မှာတော့ နည်းပြလောက်ကအတွင်းကို ရောက်ရှိနေတာဖြစ်ပါတယ်။ပရီးမီးယားလိဂ်အတွေ့အကြုံကြွယ်ဝတဲ့ သူ့ကို မန်စီးတီး နည်းပြ ဂွာဒီယိုလာကလက်ထောက် နည်းပြတဦးအဖြစ် ခေါ်ယူထားလည်းဖြစ်ပါတယ်။

အာတီတာ ဟာအာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့အပြီး ၂၀၁၆ ဇူလိုင်လကတည်းက ဂွာဒီယိုလာနဲ့ အတူ တွဲလုပ်နေခဲ့တာဖြစ်ပါတယ်။ဒီစပိန်သား၂ဦး ဟာအီတီဟတ်မှာ အတွဲညီနေခဲ့ကြပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု၂ကြိမ်၊ EFL ဖလား ၂လုံး၊ FAဖလားတလုံး ၊ ကွန်မြူနတီဒိုင်း ၂ခုတို့ကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာကတော့ သု့ရဲ့ တပည့် အာတီတာ ဟာ မန်စီးတီး နည်းပြသစ် ဖြစ်လာနိုင်မယ့်သူဖြစ်ပြီး အီတီဟတ်မြေမှာ အောင်မြင်မှုတွေအများအပြားရယူနိုင်စွမ်းရှိတယ်လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

ဗြိတိန် မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဂွာဒီယိုလာက – ” အာတီတာ အနေနဲ့ ကျွန်တော့်လိုပဲ ဒီအသင်းမှာအောင်မြင်မှု တွေရရှိမယ်ဆိုတာ ကျိန်းသးပြောရဲပါတယ်။ ဒီအသင်းမှာ အနှေးနဲ့ အမြန် ဆိုသလို ပဲ သူက နည်းပြ သစ်တဦး ဖြစ်လာပါလိမ့်မယ်။သူဟာအတော်လေးကို ငယ်ရွယ်သေးတဲ့ နည်းပြ တဦးဖြစ်ပါတယ်။ဒါပေမယ့် လည်း သူဟာ အခုကတည်းက အသင်းကြီးတွေ တွေနဲ့ နာမည်ကြီး ကစားသမားတွေကို ကိုင်တွယ်တဲ့ အတွေ့အကြုံမျိုးကို ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။သူဟာ အလုပ်နဲ့ ပတ်သက်ရင် လည်း အံ့မခန်း ကျင့်ဝတ်ကောင်းကို ပိုင်ဆိုင်ထားပါတယ်။

သူဟာပွဲရဲ့ အခြေအနေ အချိန်အခါတွေကို သုံးသပ်နိုင်စွမ်းရှိပြီး အဖြေရှာ ပေးနိုင်တဲ့ စပယ်ရှယ် ပါရမီလည်း ရှိထားပါတယ်။သူဟာ ဘယ်လို ယုံကြည်မှုတွေ ရှိထားတယ်၊ ဘယ်လို ခံစားချက် မျိုးရှိနေတယ် ဆိုတဲ့ ကိစ္စမျိုးတွေကိုလည်း ကျွန်တော်တို့ စကားတွေအများကြီးပြောထားခဲ့ပါတယ် ” လို့ ပြောပြသွားခဲ့တာဖြစ်ပါတယ်။အာတီတာ အနေနဲ့ ပွဲတပွဲကို ရှုမြင်တဲ့ နေရာမှာ သူနဲ့ တူညီတဲ့ ပုံစံမျိုးမှာရှိနေတယ်လို့ လား ဂွာဒီယိုလာက ယုံကြည်နေပါတယ်။ဒါ့အပြင် ဒီအဲဗာတန် ကွင်းလယ်လူဟောင်းရဲ့ စိတ်ဓာတ်နဲ့ စရိုက်လက္ခဏာတွေကို လည်း သူကချီးကျူးသွားခဲ့ပါတယ်။

ဂွာဒီယိုလာက ဆက်လက်ပြီး – ” နိုင်ပွဲ တွေရနေချိန် မှာ အာတီတာ အရမ်းပျော်ရွှင် လေ့ရှိပါတယ်။ဒါပေမယ့် အနိုင်မရတဲ့ အချိန်တွေမှာ သူဝမ်းနည်းခံစားရလေ့ရှိပါတယ်။ဒါကြောင့်လည်း သူကကြိုးစားပြီး အဖြေရှာလေ့ရှိတာဖြစ်ပါတယ်။သူဟာ လူတန်ဖိုး တွေကြွယ်ဝပြီး လူသားဆန်လွန်းတဲ့ လူတယောက်ဖြစ်ပါတယ်။သူက အဝတ်လဲခန်းအတွင်းအားလုံးကို အတူတကွဖြစ်စေပါတယ်။သူအခုကတည်းက နည်းပြကောင်းတဦးဖြစ်နှင့်နေပြီဖြစ်ပြီး အနာဂတ်မှာ အံ့မခန်းအောင်မြင်မှုတွေရယူသွားနိုင်ပါလိမ့်မယ်။ဘောလုံးအပေါ်သူနဲ့ကျွန်တော်ရှုမြင်ပုံက အတော်လေးနီးစပ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကို ၃နှစ်ဆက်ရယူနိုင်ဖို့ကြိုးစားနေတာဖြစ်ပြီး လတ်တလောမှာတော့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၅မှတ်အကွာ ဒုတိယနေရာမှာသာရပ်ဆည်နေပါတယ်။သူတို့ဟာအခုအပတ်ပွဲစဉ်အဖြစ်တော့ ဝက်ဖို့ဒ်အသင်းကို အီတီဟတ် မှာ ဧည့်ခံသွားရမှာဖြစ်ပါတယ်။

SPORT MYANMAR