ဒီတစ်ပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် အဖွင့်ပွဲစဉ်မှာ ဆားဘီးယား ကလပ် ပါတီဇန် ဘဲလ်ဂရိတ် အသင်းဟာ ပုံမှန် လာရောက်နေကြ အိမ်ကွင်း ပရိသတ်တွေ အစား ၊ ကလေးငယ်ပေါင်း 22000 ရဲ ရှေ့မှောက်မှာပဲ ကစားသွားခဲ့ရပြီး ၊ ကလေးတွေ ဖြစ်တာကြောင့် တစ်ကွင်းလုံးလဲ ဆူညံနေခဲ့ပါတယ်။

ပါတီဇန် ဘဲလ်ဂရိတ် အသင်း ပရိသတ်တွေဟာ ခြေစစ်ပွဲအဆင့် ကစားခဲ့စဉ်က တူရကီ ကလပ် ရေနီ မာလက်ယာစပေါ အသင်းက ကစားသမားကို လူမျိုးဆိုင်ရာ ခွဲခြားတဲ့ အသုံးအနှုန်းတွေ နဲ့ အော်ဟစ်ခဲ့တာကြောင့် ၊ ဥရောပ ဘောလုံး အဖွဲ့ချုပ်က အိမ်ကွင်းမှာ ပွဲစဉ် 2 ပွဲကို ကွင်းပိတ် ကစားဖို့ ပြစ်ဒဏ် ချမှတ်ထားခဲ့တာ ဖြစ်ပါတယ်။

သို့သော်လဲ ဒီနှစ်မှာ ပြင်ဆင်လိုက်တဲ့ စည်းမျဉ်းသစ်အရ အဆိုပါ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အသင်းတွေဟာ ကွင်းထဲကို 14 နှစ်အောက် ကလေးငယ်တွေကို ၀င်ရောက်ခွင့်ပြု ထားတဲ့ အချက်ကြောင့် ၊ ပါတီဇန် ဘဲလ်ဂရိတ်ဟာ အဲဒီ အချက်ကို မိမိရရ အသုံးချသွားခဲ့ ပါတယ်။စုစုပါင်း ရောက်ရှိလာတဲ့ ပရိသတ်ဟာ 22000 ရှိပြီး ၊ အိမ်ကွင်းမှာ အယ်ခမာ အသင်းကို 2-2 နဲ့ ကစားပြသွားနိုင်ခဲ့ပါတယ်။

ကလပ်အသင်းရဲ့ ပြောရေးဆိုခွင့် ရှိသူ အိုဘရာဒိုဗစ် ကတော့ ဒီပွဲနဲ့ပတ်သက်ပြီး “ ကျနော် တို့က နှစ်ပွဲ အထိ ပိတ်ခံလိုက်ရတာပါ။ ဒါပေမယ့် ကလေးတွေ ကို ကြည့်ခွင့် ပေးလို့ရတယ် ဆိုတာတော့ အစောကတည်းက သိထားခဲ့ပါတယ်။ ဒါကြောင့်မို့ ဘောလုံး အကယ်ဒမီတွေ က အသက် 14 နှစ်အောက်ကလေးတွေ နဲ့ ဘဲလ်ဂရိတ် မြို့ပေါ်က မူလတန်း က ကလေးတွေကို ဖိတ်ခေါ်ပြီး ဒီပွဲကို ကြည့်ရှုခွင့် ပေးခဲ့တာပါ။

အနည်းဆုံးတော့ ဘောလုံးသမားတွေ အနေနဲ့ အထီးကျန် မဖြစ်တော့ဘူးပေါ့ဗျာ။ ကလေးတွေ မှာလဲ သူတို့ချည်းပဲတော့ မဟုတ်ပါဘူး အုပ်ထိန်းဖို့ နည်းပြတွေ ပါလာသလို ၊ ဆရာ/မ တွေလဲ ပါ ပါတယ်။ကျနော်တို့က သူတို့ ကို ဒီအတိုင်း ဖိတ်ခေါ်ခဲ့တာတော့ မဟုတ်ပါဘူး ။ ဖယ်ရီ စီစဉ်ပေးတယ် ၊ အစားအသောက် နဲ့ ကလေး စရား ပစ္စည်းတွေကိုပါ မျှဝေပေးခဲ့တာပါ။ ပြီးတော့ ပါတီဇန် အသင်းရဲ့ အမှတ်တံဆိတ်တွေ ၊ အလံတွေကို လဲ ထပ်ပေးခဲ့ပါသေးတယ်။

 

ကျနော်တို့ အမြင်မှာတော့ ဒီပွဲဟာ အခုလိုလေး ပြီးဆုံးသွားတော့ အောင်မြင်မှု တစ်ခုပေါ့။ ပုံမှန် အားဖြင့် စီနီယာ လူကြီးတွေ လာရောက် ကြည့်ရှုကြတာ ဖြစ်ပေမယ့် ၊ ကလေးတွေရဲ့ အားပေးပုံကလဲ အများကြီး ထိရောက်မှု ရှိပါတယ်။ တကယ်ကို လှပတဲ့ ပွဲလေးတစ်ပွဲလို့ ဆိုရင်လဲ မှားမယ် မထင်ပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ပါတီဇန် ဘဲလ်ဂရိတ် ဟာ သြဂုတ်လ က ယူရိုပါလိဂ် နောက်ဆုံး အဆင့် ပွဲစဉ် အဖြစ် မိုဒီ အသင်းနဲ့ ကစားခဲ့ပေမယ့် အခုလိုမျိုး စီစဉ်နိုင်ခဲ့ခြင်း မရှိပဲ ၊ ကလေး ငယ် ပရိသတ် အနည်းငယ်နဲ့သာ ကစားခဲ့ရတာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ကြိုတင်စီစဉ်ဖို့ အချိန်က လုံလုံလောက်လောက် ရှိနေခဲ့တာကြောင့် ၊ ဆားဘီးယား တစ်နိုင်ငံလုံးက ဘောလုံးအကယ်ဒမီမှာ ရှိတဲ့ ကလေးငယ်တွေ အထိ ဖိတ်ခေါ်ပြီး ၊ စုစည်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ အသင်းဟာ အုပ်စု L မှာ ယူနိုက်တက် ၊ အယ်ခမာ ၊ အက်စ်တာနာ အသင်းတို့နဲ့ အတူ ကျရောက်လျှက် ရှိပြီး ၊ အဖွင့်ပွဲစဉ်တွေ ကစားအပြီးမှာတော့ ယူနိုက်တက် က ရမှတ် 3 မှတ် နဲ့ ဦးဆောင်လျှက် ရှိနေပါတယ်။

SPORT MYANMAR