တနင်္ဂနွေနေ့ မှာ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ် အသင်းက တန်းတက် အက်စတွန်ဗီ လာအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။ ဒါပေမယ့် လွယ်ကူတဲ့ နိုင်ပွဲမျိုး မဟုတ်ခဲ့ပဲ အသည်း အသန် ကစားသွားခဲ့ရတာ ဖြစ်ပါတယ်။

ခံစစ်ပိုင်း အားနည်းချက်တွေကြောင့် ပေးဂိုးတွေ မြင့်မားနေတဲ့ အာဆင်နယ် အသင်းကို အက်စတွန် ဗီလာအသင်းက အကြောက်အလန့်မရှိ ကစားသွားခဲ့လို့ လည်း အခုတွေဂိုးတွေများသွားခဲ့တာဖြစ်ပါတယ်။ဦးဆောင်ဂိုးကိုလည်း ဗီလာ အသင်းကပဲ ရရှိခဲ့တာ ဖြစ်ပြီး ပွဲချိန် မိနစ်၂၀ မှာ မက်ဂင်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ပြီးခါနီးမှာ အာဆင်နယ် အသင်းရဲ့ ခံစစ်အစွန် ကစားသမား မိတ်လန်းနိုင်းစ် ပြိုင်ဘက် ကစားသမားကို အဖျက် ကြမ်းခဲ့ လို့ ၂ဝါ ၁နီ နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ဒါကြောင့် လည်း နည်းပြအမ်မရီဟာဒုတိယပိုင်းစစချင်းမှာလူငယ်ကြယ်ပွင့်လေး ဆာကာကို ထုတ်ပြီး ချန်ဘာနဲ့ လူစားလဲခဲ့ရပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၅၉ မိနစ်မှာတော့ ဂွမ်ဒူဇီရဲ့ တကိုယ်တော်ရုန်းအားကြောင့် ပင်နယ်တီရခဲ့ပြီး ပီပီက အမှားအယွင်းမရှိ အဆုံးခဲ့လို့ ချေပဂိုးပြန်ရခဲ့ပါတယ်။ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ဗီလာ အသင်းဦးဆောင်ဂိုး ထပ်ရခဲ့ပြီး ဂရယ်လစ်ခ်ျ ရဲ့ပေးပို့မှုကနေ ဝက်စ်လေက သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဝီလော့ခ် ၊ တော်ရဲယားတို့ ဝင်ရောက်လာတဲ့ အာဆင်နယ် အသင်း ကစားပုံကောင်းလာခဲ့ လို့ ချေပဂိုးကော အနိုင်ဂိုးပါ ဆက်တိုက်ရရှိခဲ့ပါတယ်။ဂိုးတွေကို တော့ ပွဲချိန် ၈၁ မိနစ် မှာ ချန်ဘာနဲ့ ပွဲချိန် ၈၄ မိနစ်မှာ အူဘာမီယန် တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

တဂိုးရှုံး တယောက်လျော့ အနေအထားကနေ ပြန်လာနိုင်ခဲ့တဲ့ ပွဲစဉ်က အာဆင်နယ် အသင်းသားတွေရဲ့ ခြေစွမ်းကို အကဲခတ်ရာမှာတော့ –

လီနို – 6

မက်ဂင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်မပြုရမီမှာ အဆိုပါ ပြိုင်ဘက်တိုက်စစ်ကစားသးရဲ့ ကန်ချက် ၂ကြိမ်ကို လီနိုကကာကွယ်ပေးနိုင်ခဲ့ပါတယ်။

မိတ်လန်းနိုင်းစ် – 3

ခြေစွမ်းတောက်လျှောက်ဆိုးရွားခဲ့သလို အဝါ ကတ် ၂ ကြိမ်ပြသခံခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။ ပြိုင်ဘက်ကို ဆိုးရွားတဲ့ ဖြတ်ထုတ်မှုနဲ့ အတူ သူကိုယ်တိုင်လည်း ဒဏ်ရာရသွားခဲ့ပါတယ်။

ဆိုကရေးတစ် – 4

ကစားပုံကနှေးကွေး လေးလံမှုတွေရှိနေလို့ ဗီလာ အသင်းရဲ့ မြန်နှုန်းမြင့်တိုက်စစ်တွေ ကို ရှင်းထုတ်နိုင်မှုအားနည်းခဲ့ပါတယ်။ဂရယ်လစ်ရှ် ရဲ့ ပေးပို့မှုကို မရှင်းလင်းနိုင်ခဲ့တာကြောင့်လည်းဒုတိယဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဒေးဗစ်လုစ် – 5

ပုံမှန်ဖြတ်တင်ဘောတွေ ပုံမှန် ခြေစွမ်းမျိုးတွေသာပြသနိုင်ခဲ့ပါတယ်။ဗီလာအသင်းရသွားတဲ့ ဒုတိယဂိုးမှာ ဒီဘရာဇီးလ်သားရဲ့ လိုအပ်ချက်ကို မြင်ခဲ့ရပါတယ်။

ကိုလာစီနက်စ် – 6

တောင်ပံတလျှောက် တိုက်စစ်ကောခံစစ်ကိုပါ လိုက်ပါ ကစားပေးနိုင်ခဲ့ပါတယ်။ဒါပေမယ့် အရင်လို ရန်လိုတဲ့ စိတ်ဓာတ်နဲ့ ခက်ထန်မှုမျိုးရှိနေဆဲဖြစ်ပြီး ပြိုင်ဘက်ကစားသမားထရက်ဇီဂတ် နဲ့ အချေအတင်ဖြစ်ခဲ့ပါသေးတယ်။

ရှာကာ- 5

အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင် ထားသူတယောက်အနေနဲ့ အခုထက်ပိုပြီး ဦးဆောင်နိုင်ဖို့ လိုသေးတာဖြစ်ပါတယ်။ သူဟာ အခုပွဲမှာတော့ ကွင်းလယ်ဒိုင်ကို စောဒက တက်ရင်းနဲ့ အချိန်ကုန်နေခဲ့ပါတယ်။

ဇွမ်ဒူဇီ – 8

ဒီနေ့ ပွဲရဲ့ အကောင်းဆုံး ကစားသမားဖြစ်ပါတယ်။ မက်ဂင်းရဲ့ အဖွင့်ဂိုးမှာသူ့ရဲ့ ပရောဂ မကင်းခဲ့ပေမယ့် အကောင်းဆုံးကြိုးစားပြီး အဖတ်ဆယ်ပေးသွားခဲ့တာဖြစ်ပါတယ်။အာဆင်နယ်ကွင်းလယ်ကို မောင်းနှင်ပေးခဲ့သူဖြစ်ပြီး ပင်နယ်တီအခွင့်အရေးရအောင်စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။

ပီပီ – 5

မြန်နှုန်းမြင့်ကစားသမားကောင်းတဦးလို့ ကျော်ကြားသူဖြစ်ပေမယ့် ပရီးမီးယားလိဂ်အဆင့်ခြေစွမ်းမျိုး မမြင်ရသေးတာဖြစ်ပါတယ်။ အူဘာမီယန်ပေးကန်ခဲ့တဲ့ ပင်နယ်တီကိုတောင် ဂိုးပေါက်အလယ်တည့်တည့်ကန်ခဲ့ပြီး အန္တရာယ်အတော်များခဲ့တာဖြစ်ပါတယ်။

ဆီဘယ်လော့စ် -5

ထိရောက်ကောင်းမွန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ ခြင်း မရှိတဲ့ ဒီစပိန်သားကို အမ်မရီက ဒုတိယပိုင်းမှာ လူစားလဲခဲ့တာ အဆန်းတော့မဟုတ်ပါဘူး။

ဆာကာ – 6

အာဆင်နယ် တိုက်စစ်ရဲ့ အနာဂတ် ကစားသမားတဦးဖြစ်ပေမယ့် ပွဲကိုရှိန်နေပုံရပြီး ဗီလာပရိသတ်တွေကြောင့်ဖိအားဝင်ခဲ့ပုံပါပဲ။အနီကတ်ကြောင့်လူစားလဲဖို့ လိုအပ်ချိန်မှာတော့ သူက စတေးခံ ဖြစ်ခဲ့ပါတယ်။

အူဘာမီယန် – 6

သာမန် ကြိုးစားအားထုတ်မှုနဲ့ စွမ်းဆောင်ရည် တွေကိုပဲ ပွဲချိန်အများစုမှာမြင်ခဲ့ရပါတယ်။ဒါပေမယ့် တနင်္ဂနွေ နေ့တိုင်းဂိုးမြူးတတ်တဲ့ မှတ်တမ်းကို ဆက်ထိန်းနိုင်ခဲ့ပြီး ပင်နယ်တီကန်ခွင့်ကိုလည်းအသင်းဖော်ပီပီကိုပေးခဲ့ပါတယ်။

လူစားဝင်ကစားသမားများ –

ချန်ဘာ – 7

ဝီလော့ခ် – ( – )

တော်ရဲယား – (-)